တင်ပြသူ=ဟိန်းတင့်ဇော်
ဗလာဟင်းလင်းထဲမှ ရသော ဆေးတံယတြာ
ကျွန်ုပ်သည် ဗေဒင်ဆရာ အဖြစ်ဖြင့် နှစ်ပေါင်းများစွာ အသက်မွေးခဲ့ဘူးသည် ဖြစ်ရာ ကျွန်ုပ်ထံသို့ ဗေဒင်လာရောက် မေးမြန်းသူများ၏ အခက်အခဲပေါင်း များစွာကို ယတြာပြုလုပ်ပေးရတတ်ပါသည်။ တစ်ချို့ သယ်ဆောင်လာသော အခက်အခဲများမှာ ကျွန်ုပ် တတ်ကျွမ်းသော ယတြာပညာ၏ အပြင်ဘက်မှ ဖြစ်နေတတ်၏။ အလွယ်စကားဖြင့် ပြောရသော် ကျွန်ုပ် မလုပ်တတ်ပါ။ ထိုအခါမျိုးတွင် ကျွန်ုပ်သည် ကောင်းကင်ပြင် ဗလာဟင်းလင်းပြင်ကြီးဆီသို့ မော့ကြည့်ပြီးလျှင် ထို အဆုံး အစမရှိသော ဗလာကြီး အတွင်းမှ ကျွန်ုပ် အလိုရှိသော ယတြာ နည်းကလေး တစ်နည်း ရှိတန်ကောင်းရဲ့ဟု ယုံကြည်ကာ အာရုံပြု၍ ငြိမ်နေတတ်ပါသည်။
ထိုအခါမျိုးတွင် ထူးဆန်းသော ယတြာတစ်မျိုးမဟုတ်လျှင် တစ်မျိုးဆိုသလို ကျွန်ုပ်၏ ခေါင်းအတွင်းသို့ ရောက်လာတတ်ပါသည်။ ထို ရောက်လာသော ယတြာကို ယုံယုံကြည်ကြည်ပင် အသုံးပြု၍ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။ ဆောင်ရွက်တိုင်းလည်း ထိုယတြာများသည် အောင်မြင်သည်ချဉ်း ဖြစ်နေသည်ကို အံ့သြဖွယ်ရာ တွေ့လာရသည်။
အမှန်စင်စစ်အားဖြင့် ဗလာဟင်းလင်းပြင် အတွင်းမှ ထူးဆန်းသော ယတြာများရသည် ဆိုသော်လည်း ထိုယတြာများကို မည်သည့်ပုဂ္ဂိုလ်က ပေးနေသည်ကို အမှန်တကယ် မသိပါ။ တစ်ခါတွင် ကျွန်ုပ်၏ လုပ်ငန်းများ ရပ်ဆိုင်းသွားစေရန်အတွက် မသမာသူများက ကြံစည်ကြလေသည်။ ၎င်းတို့သည် တစ်ဦးခြင်း ကြံစည်သည် မဟုတ်။ အသင်း အဖွဲ့ အဖြစ် ပြုလုပ်ကာ ကြံစည်ကြခြင်း ဖြစ်လေသည်။
ထို့ကြောင့် ကျွန်ုပ်လည်း ဗလာဟင်းလင်း အတွင်းမှ ယတြာကို တောင်းရ၏။ ထိုသို့ တောင်းခဲ့ရာ ဆေးတံတစ်လုံးကို တုံးလုံးလှဲ၍ အပေါ်မှ ဖယောင်းတိုင် ထွန်းရန် ရရှိလေ၏။ ကျွန်ုပ်လည်း ထိုအတိုင်း ပြုလုပ်လိုက်လေ၏။ ကျွန်ုပ်အား တိုက်ခိုက်ခဲ့သော ရန်သူများသည် အချင်းချင်း မသင့်မတင့် ဖြစ်ကာ ကွဲပြိုကုန်၏။ တစ်ယောက်ကို တစ်ယောက်လည်း သက်ဆိုင်ရာသို့ တိုင်ကြလေ၏။ ကျွန်ုပ်ကိုလည်း ဒုက္ခ မပေးနိုင်ကြတော့ပေ။
ထို့ကြောင့် ကျွန်ုပ်က ဗလာဟင်းလင်းပြင်ဆီသို့ အာရုံတောင်းကြည့်၏။ ဆေးတံပေါ်မှာ ဘာကြောင့် မီးထွန်းခိုင်းရတာလဲ ဟူသော မေးခွန်းကို မေးလိုက်၏။ ထိုအခါ အဖြေကို တစ်ကိုယ်ကြား ကြားရလေ၏။ ထိုအဖြေမှာ နားမှ ကြားရသည်လား ရင်မှသိသွားသည်လား ကျွန်ုပ်မသိပါ။
ဗလာဟင်းလင်ပြင်မှ ကျွန်ုပ်အား အသိပေးချက်တစ်ခု လာတော့၏။ ဆေးတံဆိုတာ စေတန်နဲ့ အနီးစပ်ဆုံး ကိုယ်စားပေါ့။ စေတန်ဆိုတာ နတ်ဆိုးလေ။ စေတန်ပေါ်မှာ မီးထွန်းလိုက်တော့ နတ်ဆိုး နတ်ပါးနဲ့ တူတဲ့ မင်းရဲ့ရန်သူတွေ ငြိမ်သွားတာပေါ့ ဟူ၍ ဖြစ်၏။ ကျွန်ုပ်သည် အခက်အခဲတွေ့တိုင်း ဗလာဟင်းလင်း ကောင်းကင်ဆီမှ ယတြာများကို တောင်းမြဲ ဖြစ်သည်။ ရရှိသော ယတြာများကိုလည်း အသုံးချ၏။
ထို့ပြင် ထိုယတြာများကို စာအုပ်တစ်အုပ်တွင် သေသေချာချာ ရေးမှတ်ထားလေ၏။ ထိုယတြာများကို ကျွန်ုပ်က ဗလာဟင်းလင်းမှ ရသောယတြာများဟု အမည်ပေးထားလေ၏။ ကျွန်ုပ်ထံတွင် ပညာသင်ကြားသော တပည့်များလည်း ထိုယတြာများကို လွန်စွာ လိုချင်၍ မကြာခဏ တောင်းကြလေ၏။ ထို့ကြောင့်အခြားသူများလည်း လိုချင်လိမ့်မည်ဟု မျှော်လင့်ကာ ကျွန်ုပ်၏ မှတ်စုကို ဖွင့်၍ ပြန်လည်ရေးသား လိုက်ရလေတော့ သတည်။

Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter