အိပ်မက်ထဲကရသောယတြာ(မူရင်း-အဘမင်းသိင်္ခ)
တစ်နေ့တွင် ကျွန်ုပ်ထံသို့ အသက်လေးဆယ်အရွယ် မိန်းမတစ်ဦး ရောက်လာပြီးလျှင် ငါးထောင်ကန်တော့ လေ၏။ ထို့ကြောင့် ကျွန်ုပ်က ဘာအတွက် ကန်တော့တာပါလဲဟု မေးမြန်းရာ ထိုမိန်းမက....
ဆရာ လုပ်ပေးလို့ ဦးဖိုးကျားလမ်းမှာရှိတဲ့ ကျွန်မတိုက် ရောင်းရသွားပြီလေ။ အဲဒီအတွက် ကန်တော့တာပါဟု ပြောလေ၏။ ထိုအခါကျွန်ုပ်က ခင်ဗျားကို ကျုပ်က အခုမှတွေ့ဘူးတယ်။ ဘယ်တုန်းက ယတြာလုပ်ပေးတာ လဲ..ဟု မေးမြန်းရာ ထိုမိန်းမက....
ဒီလိုပါ ဆရာ။ ကျွန်မမှာက ကြွေးပူရှိလို့ ဦးဖိုးကျား လမ်းမှာရှိတဲ့ ကျွန်မတိုက်ကို ရောင်းနေတာ ကြာပါပြီ။ ဒါပေမယ့် မထွက်သေးဘူးရှင့်။ တညမှာ ကျွန်မဟာ အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ ဦးဇင်းတစ်ပါးဆီကို သွားပြီး တပည့်တော်မတိုက် အမြန်ဆုံး ရောင်းချင်ပါတယ်။ အမြန်ဆုံး ရောင်းရအောင် ယတြာပေးပါလို့ တောင်းတယ်။
အဲဒီတော့ ဦးဇင်းက ငါတို့လို ဘုန်းကြီး ရဟန်းတွေဆီမှာ လူမှု့ ကိစ္စတွေ ရောင်းရေး ၀ယ်တာတွေကို အကူအညီ မတောင်းရဘူး။ ဒါမျိုးက လောကီပညာတွေတတ်ကျွမ်းတဲ့ ဆရာမင်းသိင်္ခတို့လို လူမျိုးဆီမှာ တောင်းလို့ပြော တယ်။ အဲဒိတော့ ကျွန်မက အရှင်ဘုရား မိန့်တော်မူတဲ့ ဆရာမင်းသိင်္ခဆိုတာ တပည့်တော်မ မသိပါဘူးလို့ပြော တယ်။
အဲဒီအချိန်မှာပဲ မလှမ်းမကမ်းကနေ လူတစ်ယောက် ဖြတ်ပြီး လျှောက်လာတယ်။ အဲဒီတော့ ဦးဇင်းက ဟော... ဟိုမှာ လျှောက်လာတာ နင်သိချင်တဲ့ မင်းသိင်္ခဆိုတဲ့လူပေါ့လို့ ပြောတယ်။ အဲဒီတော့ ကျွန်မက ဦးဇင်းနားကနေ ထပြီး ဆရာ့ဆီလဲလည်း ရောက်ရော ကျွန်မက တိုက်ရောင်ချင်တဲ့အကြောင်း ပြောပြတယ်။
အဲဒီတော့ ဆရာက လွယ်ပါတယ်ဆိုပြီး ကျွန်မတိုက်ကို လိုက်လာတယ်။ တိုက်ရောက်တဲ့အခါမှာ အဲဒီနေ့ထုပ် သတင်းစာတောင်းပြီး ယပ်တောင်ပုံကလေး ဖြစ်အောင် ကပ်ကျေးနဲ့ ညှပ်လိုက်တယ်။ ပြီးတော့ ဆရာက ကျွန်မကို အဲဒီ ယပ်တောင်နဲ့ ခပ်လိုက် ချက်ချင်း ထွက်သွားလိမ့်မယ်ဆိုပြီး ပေးတယ်။
အဲဒီတော့ ကျွန်မကလည်း ချက်ချင်းပဲ တိုက်ကို ရှေ့ကရော နောက်ကရော ဘေးကရော ယပ်တောင်နဲ့လိုက်ပြီး ခပ်လိုက်တယ်။ အခု ကျွန်မပြောနေတာ အိပ်မက်မက်နေတာနော်.....။ တကယ်မဟုတ်ဘူး။ ကျွန်မလည်း တစ်ခါမှ မမြင်ဘူးပဲနဲ့ ဆရာ့ကို အိပ်မက်မက်တာများ အံ့ပါရဲ့ ဆရာရယ်။
မနက်လည်းရောက်ရော တိုက်ဝယ်မယ့်လူတွေ ရောက်လာပြီး စာချုပ်ချုပ် ၊ ချက်ခြင်းငွေချေပြီး ချက်ခြင်းဝယ် သွားကြတယ်။ အိပ်မက်ထဲမှာ ယပ်တောင်အဖြစ်နဲ့ လုပ်ထားတဲ့ သတင်းစာကလေးက ဒါပါပဲဆရာရယ်ဟု သတင်းစာဖြင့် လုပ်ထားတဲ့ယပ်တောင်ကို ကျွန်ုပ်အားပေးလေ၏။ အိပ်မက်ထဲမှာ ယပ်တောင်ပုံ ညှပ်တယ်ဆိုပေ မယ့် ဆရာမင်းသိင်္ခဆိုတာ တကယ်ညှပ်ပါဘူး။ မိုးလင်းမှ ညှပ်လိုက်တာပါဟု ထိုမိန်းမက ဖြည့်စွက်၍ ပြောလေ၏။
ထိုအချိန်တွင် ကျွန်ုပ်အနီးတွင် ထိုင်နေသော သိဒ္ဓိဆန်းဆိုသော တပည့်ကလေးသည် အဲဒီ ယပ်တောင်ကလေး ကျွန်တော်ကိုပေးဟု ဆိုကာ ယပ်တောင်ပုံ သတင်းစာကို ဟူသွားပြီး ပလပ်စတစ် လောင်းထားလိုက်လေ၏။ ထို့နောက် ၎င်းဆိုင်သို့ ရောက်လာသော အိမ်ရောင်းမည့် သူများကို ထိုယပ်တောင်ဖြင့် ခပ်ပေးသည်ဟုဆို၏။ အိမ်များလည်း ရောင်းထွက်သွား သည်ဟုဆို၏။
ကျွန်ုပ်လည်း ထိုမိန်းမ ကန်တော့သွားသော ငွေငါးထောင်ဖြင့် ကျွန်ုပ်ထံတွင် ပညာသင်ကြားနေသော တပည့်လေး များကို ၀က်သားဟင်းချက်၍ ကြွေးလိုက်လေတော့သတည်း။
တင်ပြသူ-ဟိန်းတင့်ဇော်