Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

အကြားအမြင် ပါရမီရှင် ကရာဇက်

အတိုင်းတိုင်း၊ အပြည်ပြည်တွင် အကြားအမြင် စိတ်တန်ခိုးရှင် ဟူသည်မှာ ရှိမြဲပင်။ ထိုပါရမီရှင် များထဲက အစမ်းသပ် ခံရဆုံး (ကမ္ဘာ့သိပ္ပံပညာရှင်များ ကိုယ်တိုင်က ထောက်ခံချက် အပေးဆုံး) ပါရမီရှင်မှာ နို့ဆီကောင်းကောင်း ထွက်သည်ဟု နာမည်ကျော်ကြားသော ဟော်လန်ပြည်မှ အကြားအမြင် စိတ်တန်ခိုးရှင် “ကရာဇက်” ပင်ဖြစ်သည်။

ကရာဇက်၏ ဂုဏ်သတင်းကား ဟော်လန်ပြည် နယ်နိမိတ်ကိုပင် ကျော်လွန်၍ ဥရောပကို မျက်စိ ပြူးသွားစေသူ “ရာဒါဦးနှာက်ပိုင်ရှင်” ‘ဟော်လန်ကဝေကြီး’ “ဟော်လန်စိတ်တန်ခိုးရှင်” ဟု ဟိုးလေး တစ်ကျော် ကျော်သူပင်ဖြစ်သည်။ ဥရောပကို ကျော်နေသူ ကရာဇက်ကား စူးရှသော မျက်လုံးပြာ တစ်စုံ ခပ်နွဲ့နွဲ့ကိုယ်ဟန်နှင့် ဟော်လန် ပန်းချီဆရာကြီး ဗင်ဂိုးလို အနုပညာရှင် ဟန်မျိုး ရှိသူဖြစ်သည်။ ယခုအခါတွင် သူသည် အသက် (၆၀) ရှိပြီး လျှင်ပါမောက္ခ ဒေါက်တာ တင်ဟက်နှင့်တွဲ၍ မနော မယိဒ္ဓိ ဗေဒကို သူတေသန ပြုလျက်ရှိသည်။

များသောအားဖြင့် ပါရမီရှင်တို့ တွေ့ကြုံရသော ကြမ္မာ အတိုင်းပင် ကရာဇက်သည် ငယ်ငယ်က ခပ်ကြောင်ကြောင် မှုန်ကုပ်ကုပ် နေတတ်သည်။ သူ၏ဖခင်မှာ ဂျူးလူမျိုးဖြစ်ပြီး ဇာတ်တစ်ခုမှ ဇာတ်ဆောင် တစ်ဦးဖြစ်သည်။ ကရာက်ဇက်ကို ၁၉၀၉ ခုနှစ် ဟော်လန်တွင် မွေးသည်။ သူ (၈)နှစ်သားတွင် မွေးစားမိဘတို့ အိမ်တွင် နေရလေရာ ကလေးဘ၀မှာ ညှိုးငယ်လှပေသည်။ မွေးစားဖခင်သည် ရက်စက်သူ ဖြစ်သဖြင့် ကရာဇက်မှာ မကြာခဏ ကြိမ်ဒဏ်ခံရသည်။

ပါရမီရှင်တို့ဖြစ်နေကျအတိုင်းပင် ကရာဇက်၏ စိတ်တန်ခိုး ပါရမီမှာလည်း ကရာဇက် ငယ်ငယ်ကပင် အစွမ်းပြခဲ့သည်။ နှစ်၊ လ ကို အတိအကျ မမှတ်မိတော့ သော်လည်း ကရာဇက် (၆) နှစ်သား အရွယ် လောက်ကပင် ပတ်ဝန်းကျင်က “ဒီကောင်းလေး တစ်မျိုးဘဲ ထူးတော့ထူးတဲ့ကောင်ဘဲ” ဟု ပြောကြသည်။ ထူးသည်ဆိုသည့်အတိုင်း ကရာဇက်သည် ကလေးဘ၀တွင်ပင် အခြားသူများ မမြင်သည်ကို မြင်ရသည်။ သူများမမြင်ရသည်ကို မြင်ရကြောင်း ပြောသည့်အခါ အများက၀ိုင်းနှိမ်ကြသည်။ မွေးစားဖခင်က ဒီကောင်တောက်တီး တောက်တဲ့တွေ ပြောနေတယ်။ နောက်တွေ့ကရာ တွေလျှောက်မပြောနဲ့ဟု ပိတ်ပင်သည်။ ဤလို အညိုအညင် ကြားမှ ကြီးပြင်းလာရသည်။ ထို့ကြောင့် သိမ်ငယ်လာသည်။ အားငယ်သော စိတ် ၀င်လာသည်။

ကရာဇက်သည် ၁၈ နှစ်သား အရွယ် ကျောင်းနေစဉ်က သူ့ဆရာကို “ကျနော်ဟာ ဟိုအဝေးကြီးမှာ ရှိနေတာကို မြင်ရတယ်” ဟု ပြောသောအခါ ဆရာက ဒီကောင် အရူးပဲဟု မှတ်ချက်ချသည်။ ထိုအခါ ကရာဇက်က “ဆရာမနေ့က ကျနော်တို့ကို စာမသင်နိုင်တော့ဘဲ ခွင့်တစ်ရက် ယူတာဟာ အပျိုချောချော တစ်ယောက်ဆီ သွားတာ မဟုတ်လား၊ အင်္ကျီမှာ နှင်းဆီပန်း နီနီကလေးကို ထိုးလို့၊ ဆရာသူ့ကို လက်ထပ်လိမ့်မယ် မဟုတ် လား၊”ဟု ပြောလိုက်ရာ ဟုတ်မှန်နေ သဖြင့် ဆရာမှာ မှင်သက် မိသွားသည်။

ဤသို့ သူများ မမြင်သည်ကို မြင်သော၊ အဝေးမှ အဖြစ်အပျက် များကို မြင်သော ပါရမီရှင် ကရာဇက်သည် ပေါ်တစ်ခါ ငုပ်တစ်လှည့်ဖြင့် အသက် ၂၅ နှင် ပြည့်ပြီး အိမ်ထောင် ကျသည်အထိ စန်းမပွင့် နိုင်ခဲ့ပေ၊ အိမ်ထောင် ကျလာသောအခါ အိမ်ဆိုင်ကလေး ထောင်ပြီး စီးပွားရှာရင်း တစ်နေ့တွင် စိတ်ပညာရှင်တစ်ဦးဖြစ်သူ မစ္စတာ စီဗွီနှင့် တွေ့ဆုံ စမ်းသပ်ခဲ့သည်။ မစ္စတာစီဗွီ၏ မှတ်တမ်းတွင် ဤသို့ တွေ့ရသည်။

“ကရာဇက်ကို ပထမဆုံး ၁၉၃၃ နှစ်တွင် တွေ့ရသည်။ သူ့အမြင် အာရုံများမှာ မရှင်းလင်းလှ သော်လည်း တို့နှစ်သက်သည်။ ၁၉၃၉ ခုနှစ်တွင် ကရာဇက်က ကျနော်အား ဂျာမန်တွေနှင့် ပေါင်းလျှင် ဒုက္ခ ဖြစ်နိုင်ကြောင်း သတိပေးသည်။ သူက ကျနော့အား ဂျာမန် ယူနီဖောင်း အနက်တွေ ၀တ်ထားသည်ကို မြင်ရသည်ဟု ဆိုသည်။ အမှန်ပင် ကျနော်လည်း ၀တ်ခဲ့ရသည်။ ကျနော် မယုံခဲ့ပါ။ သို့သော် စစ်အပြီးတွင် ၃ နှစ်ခန့် ထောင်ကျခဲ့သည်”။

ဟော်လန်ကို ဂျာမန်တို့ သိမ်းပိုက် ထားစဉ်က ကရာဇက်သည် ဟော်လန် မြေအောက် တော်လှန်ရေး များကို တစ်ဖက်တစ်လမ်း ကကူညီခဲ့သည်။ ရန်သူ ဂျာမန်တို့၏ လှုပ်ရှားမှုများကို ကြိုတင် မြင်သည့်အတိုင်း တော်လှန်ရေး သမားတို့အား ကြိုတင် သတိပေးနိုင်ခဲ့သည်။ ဤနည်းဖြင့် တော်လှန်ရေးသမားတွေ ဂျာမန်တို့ လက်တွင်းမှ သီသီလေး လွဲခဲ့ရသော အကြိမ်များရှိခဲ့သည်။ တစ်ခါတစ်ရံ တွင်လည်း ပုန်းအောင်းနေသော ဂျူးတို့၏ အိမ်ကို ဂျာမန်တွေ မကြာခင် တောနင်း ရှာဖွေတော့မည့် အကြောင်းကို သူ့အာရုံဖြင့် မြင်သည့်အတိုင်း သတိပေး နိုင်ခဲ့သည်။ ကရာဇက် ပြောသည့် အတိုင်းပင် ထိုအိမ်ကို မကြာမီပင် ဂျာမန်တွေ တက်ရှာခဲ့သည်။

စစ်ပြီးသွားသောအခါ ကရာဇက်၏ ကံကြမ္မာကို ပြောင်းလဲမည့် အချိန် ရောက်လာသည်။ ၁၉၅၄ ခု၊ ဒီဇင်ဘာ လတွင် အထက်တန်းကျောင်း တစ်ကျောင်းတွင် ဒေါက်တာ တင်ဟက်က မနောမယိဒ္ဓိ ဗေဒအကြောင်း ဟောပြောသည်ကို သူတက်ပြီး နားထောင်မိသည်။ ဒေါက်တာ တင်ဟက်၏ ပို့ချမှုကို နားထောင် လိုက်ရသော အခါ သူ့တွင်ရှိသော ပါရမီ သူ့ပညာကို အသုံးချရန်အတွက် အကွက်ကောင်း ပေါ်လာပြီး အသုံးချရန် နည်းလမ်း တွေ့ပြီးဟု ၀မ်းမြောက်ဝမ်းသာ ဖြစ်သွားလေသည်။

ဟောပြောမှု ပြီးဆုံး သွားသောအခါ ကရာဇက်သည် ဒေါက်တာ တင်ဟက်ထံသွားရောက်ပြီး သူ့ပညာ၊ သူ့ဘ၀၊ သူ့အစွမ်းကို လိုရာသုံးပါဟု အပ်လိုက်သည်။ မကြာမီပင် ဒေါက်တာတင်ဟက်က ကရာဇက်အား ခေါ်ယူ စစ်ဆေးကြည့်ရာ စိတ်တန်ခိုး အစွမ်းသတ္တိကို အမှန်ပင် တွေ့ရလေသည်။ ဒေါက်တာ တင်ဟက်၏ မနော မယိဒ္ဓိ ဗေဒဌာနတွင် စိတ်တန်ခိုးရှင် အများအပြားရှိသည်။ များသောအားဖြင့် စိတ်တ်ခိုးရှင် တို့မှာ စိတ်မတည် ငြိမ်သူတွေ၊ ကိုလေအိုးတွေ၊ မလေအိုးတွေ ခပ်ကြောင်ကြောင် တွေသာ ဖြစ်ရာ ကရာဇက် တစ်ယောက်လျှင် အဖက်ဖက်မှ စိတ်ချရဆုံး၊ အထက်မြက်ဆုံးဖြစ်သည်။

ထိုအချိန်မှစ၍ လိုက်ဖက်သော အတွဲဖြစ်သွားကြသည့် ဒေါက်တာ တင်ဟက်နှင့် ကရာဇက် တို့သည် စိတ်တန်ခိုး သူတေသန (၀ါ) မနောမယိဒ္ဓိ ဗေဒပညာ စမ်းကြသည်။ လူပျောက်၊ ပစ္စည်းပျောက် မေးလျှင် ဟောသည်။ ရဲဘက်က ထောက်လှမ်းမရသော အမှုများကို ရှာဖွေပေးသည်။ ရှေးဟောင်း သုတေသနကိုလည်း ကူညီသည်။ နောက်ဆုံး အခြား တိုင်းပြည်များနှင့် အမေရိကန်(အက်ဖ်-ဘီ-အိုင်) ကဲ့သို့သော ထောက်လှမ်းရေး အဖွဲ့များက အကူအညီ တောင်းသည်ကိုပင် ကူညီရသည်။

ဟော်လန်၊ ဂျာမနီ၊ သြစတီးယား၊ အီတလီ၊ ဆွစ်ဇာလန်တို့မှ သိပ္ပံပညာရှင်များက ၁၉၅၇ တွင် အကြိမ် ၄၀၀ မျှ ကရာဇက်ကို စမ်းသပ် ပြီးသောအခါ ဒေါက်တာ တင်ဟက်က ကရာဇက်ကို ပွဲထုတ်သည်။ ကရာဇက် ၏စွမ်း၇ည် အမျိုးမျိုးထဲမှ ပရိသတ် ထိုင်ခုံ တစ်ခုခုကို ထိုင်မည့်သူ မည်သူမည်ဝါ ဖြစ်ကြောင်း ကြိုတင် ဟောပြောနိုင်သော ထိုင်ခုံဟော ပညာပင်ဖြစ်သည်။ ထိုခိုင်ခုံဟော ပညာများ အနက် ထူးခြားသော စမ်းသပ်မှုတစ်ခုမှာ ၁၉၅၇ ခု၊ တက္ကသိုလ် မနောမယိဒ္ဓိ ဗေဒဌာန တွင်ဖြစ်သည်။

စမ်းသပ်မည့် သက်သေ လူကြီးများကား မစ္စလိုဝါရ၀ါး၊ သတ္တဗေဒ ပါမောက္ခ ဘရက်နိုင်ဒါးနှင့် ရူပဗေဒ ပါမောက္ခ ဒေါက်တာစမစ်တို့ ဖြစ်ကြသည်။ နောက် ၂၅ ရက်အကြာ ကျင်းပမည် ဖြစ်သော အစည်ဝေး၏ ထိုင်ခုံပုံစံကို ကရာဇက်အား ပေးသည်။ ထိုအစည်းအဝေးမှာ ဟိတ်မြို့ မှ မစ္စဒီဗီတီ၏ အိမ်တွင် ဖြစ်ပြီး အိမ်ရှင်ကို ပါမောက္ခ တင်ဟက်နှင့် ကရာဇက်တို့က မမြင်ဖူး၊ မသိဖူးကြချေ။ ထိုဧည့်သည်များ ထိုင်မည့် ခုံဇယားမှ ခုံနံပါတ် (၉)ကို ကရာဇက်က ရွေးပြီး ၎င်းထိုင်ခုံ (၉)တွင် ထိုင်မည့် ဧည့်သည်၏ သဏ္ဌာန်နှင့် ထိုင်မည့်သူ၏ အကြောင်းကို ကြိုတင်ဟောသည်။

ပရော်ဖက်ဆာ တင်ဟက်က ကရာဇက်အား မေးသည်။ ခုံနံပါတ်(၉)တွင် ထိုင်မည့်သူ၏ အကြောင်းကို ပြောပြ နိုင်ပါသလား။
  1. ၁၉၇၅ ခု ဖေဖော်ဝါရီလ ၁ ရက်၊ သောကြာနေ့ ဟိတ်မြို့ ရှိ အမျိုးသမီးတစ်ဦးရဲ့ အိမ်မယ် ဒီခုံနံပါတ်(၉)ကို ထိုင်မယ့် သူဟာ သွက်လက် ဖျတ်လတ်ပြီး ချိုသာ ပြုံးရွှင်တဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်။ သူဟာ အသက်အားဖြင့် လူလတ်ပိုင်း ဖြစ်ပြီး ကလေးတွေကို အလွန်ဂရုစိုက် ပြုစု တတ်တဲ့သူ ဖြစ်တယ်။
  2. ၁၉၂၈ ခု မှ ၁၉၃၀ အတွင်းမှာ ရှိဗင်နင်ဂျိန်မြို့  မှာရှိတဲ့ ဆပ်ကပ်ပွဲများကို မကြာခဏ ကြည့်တတ်သူ ဖြစ်တယ်။
  3. သူငယ်ငယ်က ဒိန်ခဲ လုပ်တဲ့မြို့ မှာ နေတယ်။ သူနေတဲ့ အိမ်မှာရှိတဲ့ တဲကြီးကို မိးလောင်လို့ တိရစ္ဆာန် တွေ သေကြတယ်။
  4. သူ့မှာ ညီငယ်၊ မောင်ငယ်တွေရှိပြီး နိုင်ငံရပ်ခြားမှာ အလုပ်လုပ် ကြရတယ်။ အင်္ဂလိပ် ပိုင်နက်လို့ ထင်တယ်။
  5. အိန္ဒိယက မဟာရာဂျာလို ကုလား အ၀တ်အစားနဲ့ ပုဂ္ဂိုလ်တစ်ဦးလဲ တွေ့ ရတယ်။
  6. ခြင်္သေ့ လှောင်အိမ်ထဲကို ဒီအမျိုးသမီးရဲ့ လက်ကိုင်ပ၀ါ ကျသွားဖူးတယ်။ အဲဒီအ၀တ်စလေးကို ခြင်္သေ့က ဆုတ်ဖြဲ ပစ်လိုက်တယ်။
  7. စက္ကူ တစ်ခုပေါ်မှာ အစက နံပါတ် ၅ ထားတယ်။ နောက်ကျတော့မှ နံပါတ် ၆ ပြောင်း ရေးထားတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး စကား အတော်များခဲ့ရတယ်။
  8. သူမဟာ ရှေးဆန်တဲ့ သုတ်ဆေးများကို အသုံးပြုတယ်၊ ညာဘက် လက်ခလယ်မှာ နည်းနည်းပါးပါး ထိခိုက် မိထားတယ်။
  9. မကြာခင် ကပင် သူ့ရဲ့ အမျိုးသမီး မိတ်ဆွေတစ်ဦး အလည်အပတ် ရောက်လာ သေးတယ်။ အဲဒီ ဧည့်သည်ဟာ အရပ်မြင့်မြင့်၊ ခပ်ကုပ်ကုပ်၊ ဆံပင်နက်နက် အသက် ၄၄ နှစ် ရှိပြီး အိမ်ထောင်ရေး အဆင် မပြေတဲ့ ကိစ္စကို လာတိုင်ပင်တာ။
  10. ဖော့စ်တပ် ဆိုတဲ့ ရုပ်ရှင်ကြည့်ပြီး စိတ်လှုပ်ရှားနေတယ်။
  11. သူမရဲ့ ဖခင်ဟာ အမှုထမ်းကောင်းလို့ ရွှေတံဆိပ်ရဖူးတယ်။
  12. ဒီအစည်းအဝေးကို လာတဲ့နေ့မှာဘဲ ကလေးတစ်ယောက် သွားစိုက်ဆရာဆီ ပို့ရသေးတယ်။
  13. အသက် ၄၅ နှစ် လောက်ရှိတဲ့ လူတစ်ယောက်ကို မြင်ရတယ်၊ ဒီလူက စိတ်နုတယ်။ သူ့မိန်းမက သူ့ခံစားချက်ကို နားမလည်ဘူး။ သူတို့ချင်း တွဲတယ်။ သူကလည်း နောက်မိန်းမ တစ်ယောက်နဲ့ ယူတယ်။ သူ့မိန်းမကလည်း နောက်ယောင်္ကျားနဲ့ဘဲ။

အစည်းအဝေး စသည့် အချိန်တွင် မူလက ရှိခဲ့သော သက်သေ လူကြီးများ ဖြစ်သော ပါမောက္ခ ကြီးများသည် ဧည့်သည်များ ၀င်ပြီး ထိုင်ခုံ အသီးသီးတွင် ထိုင်သည်ကို စောင့်ကြည့်ကြသည်။ ထိုအချိန်တွင် ကရာဇက်မှာ အစည်းအဝေး လုပ်မည့်နေရာတွင် မရှိချေ၊ မနောဆက် ပညာ အသုံးပြုပြီး သူထိုင်စေချင် သူကို အထိုင်ခိုင်းမည်စိုးသောကြာင့် ဖြစ်သည်။ အစည်းအဝေး ဖိတ်စာ ပို့သည်မှစ၍ ထိုင်သည်အထိ ပါမောက္ခ ကြီးများက ကြီးကြပ်ထားသည်။

ခုံနံပါတ်(၉)ကို ထိုင်သည့် အမျိုးသမီးအား ကရာဇက်၏ စိတ်တန်ခိုးဖြင့် ဟောပြောခြင်းကို စမ်းသပ်ခြင်း ဖြစ်ကြောင်း ပြောပြီး ကရာဇက်၏ ဟောထားသော အချက်များကို တစ်ခုစီ မှန်၊ မမှန်မေးကြည့်သည်။ ထွက်ပေါ်လာသောအဖြေမှာ အောက်ပါအတိုင်း ဖြစ်သည်။
  1. ခုံအမှတ် (၉)တွင် ထိုင်မည့်သူ မစ္စအမ်မှာ အသက် ၄၂ နှစ်ရှိပြီး သွက်လက် ဖျတ်လတ် ချိုသာသူဖြစ်သည်။ ကလေးများကို ပြုစုရန် စိတ်ဝင်စားကြောင်း ၀န်ခံသည်။
  2. သူမ၏ဖခင်နှင့် မိခင်တို့မှာ ကွဲနေကြသည်။ သူမငယ်စဉ်က ဖခင်က ဆပ်ကပ်ပွဲကို မကြာခဏ ခေါ်သွားသည်။ မိဘ နှစ်ဦးတို့မှာ နောက်အိမ်ထောင် အသီးသီး ပြုထားကြသည်။
  3. သူမနေသောနေရာမှာ ဒိန်ခဲလုပ်ငန်း မဟုတ်၊ ထောပတ် လုပ်သောနေရာ ဖြစ်ပြီး ခြံကို မီးလောင်သဖြင့် မြင်းတစ်ကောင် သေသည်။
  4. သူမတွင် မောင်များ မရှိသောလည်း သူ့ယောင်္ကျားတွင် ညီနှစ်ဦးရှိသည်။ တစ်ယောက်မှာ အင်္ဂလန်တွင် စစ်ပညာ သင်ပြီး အင်ဒိုနီးရှားသို့ ရောက်နေသည်။ ကရာဇက်နှင့် တူသူမှာ အကျဉ်းထောင်တွင် သေသည်။
  5. မကြာမီက စာအုပ် တစ်အုပ်ထဲက သိဒ္ဓိယောဂီ တစ်ဦး၏ပုံကို ထိုယောဂီကို မကြာခဏ သတိရသည်ဟု ဆိုသည်။
  6. (၆) နှင့် ပတ်သက်၍ မမှတ်မိဟု ဆိုသည်။ ကရာဇက်က အမှတ်(၉) ကျရင် ဆက်စပ် မိမည်ဟု ပြောသည်။
  7. မကြာမီက အိမ်အသုံး စာရင်းပေါင်းရာတွင် ၅ နှင့် ၆ မှားပြီး ပေါင်းမိသည်။ ထို့ကြောင့် လင်မယားချင်း စကားများရသည်။
  8. သုတ်ဆေးထည့် ထားသော သေတ္တာကြီး တစ်ခုရှိသည်။ ဟင်းသီးဟင်းရွက်များ လှီးစဉ်က လက်ခလယ်ကို ဓါးရှသည်။
  9. မိန်းမချင်း မိတ်ဆွေ တစ်ဦးနှင့် မကြာမီက အိမ်ထောင်ရေး ကိစ္စများ ဆွေးနွေးရသည်။ ထိုမိန်းမမှာ ကိုယ်လုံး တောင့်တောင့် ဆံပင်နက်နက်နှင့် ဖြစ်သည်။ လက်ကိုင်ပါဝါ ကိစ္စမေးရာ ငယ်ငယ်က လက်ကိုင်ပါဝါ ဖွတ်တမ်း မကြာခဏ ကစားခဲ့သည်ဟု ဖြေသည်။
  10. မစ္စအမ်သည် ပြဇာတ် အဆိုတော်ဖြစ်သည်။ သူမပထမဆုံး အဆိုတော် ဖြစ်ခဲ့သော ပြဇာတ်မှာ ဖော့စ်တပ်ဖြစ်သည်။ ထို့ကြောင့် ထိုဇာတ်ကို စိတ်စွဲနေသည်။
  11. သူမ၏ဖခင် အငြိမ်းစားယူသောအခါ ရွှေစီးကရက်ဘူးကို လက်ဆောင်ရခဲ့သည်။
  12. မစ္စအမ်၏ သမီးငယ်မှာ သွားပိုး စားနေသဖြင့် ဖေဖော်ဝါရီလ တစ်ရက်နေ့တွင် သွားစိုက် ဆရာထံ သွားရသည်။
ဤကဲ့သို့ ပညာစမ်းသည့် ပွဲများ သာမက တစ်ကဲ့တစ်ကယ် အရေးကြုံသော ကိစ္စများတွင်လည်း ကရာဇက် ပညာမှာ အစွမ်းထက် လှသည်။

၁၉၆၄ ခု ဂျွန်လတွင် မစ္စစ္စမီတွင် အလုပ်သမား တစ်ဦး အသတ်ခံရသည်။ သို့သော် အမှုဖြစ်စဉ်က ပျောက်ဆုံး ခြင်းပင်ဖြစ်ရာ (အက်ဖ်-ဘီ-အိုင်) ကလိုက်သည်။ နောက်ဆုံး သဲလွန်စ မတွေ့ရသော အခါ လက်လျှော့ ရတော့ မလိုဖြစ်သည်။ ထိုအခါ နယူးယောက် ရဲအဖွဲ့မှ စခန်းမှူး ကက်ပတိန် ကရိမင်က ကရာဇက်ထံ အကူညီ တောင်းရန် အကြံပေးသည်။ ကရာဇက်ကို ဖုန်းဖြင့် အကူညီ တောင်းရာ ကရာဇက်က သူ့အမြင်ကို ပြောသည်။

“အဲဒီသုံးယောက်ဟာ သေကုန်ပြီ၊ သေသေချာချာ မြင်လိုက်ရတယ်။ သတ်တဲ့ လူဟာ လျှို့ ဝှက် အဖွဲ့ဝင် တစ်ဦးဘဲ၊ လူဂုဏ်တန်ဘဲ၊ ခြံကြီးတွေ ပိုင်ရှင်ရဲ့ သားဘဲ၊ စစ်ပွဲမှာ ရခဲ့တဲ့ တံဆိပ်လဲရှိတယ်။ သတ်တဲ့ နေရာက (အယ်လ်) စာလုံး ပါတဲ့မြို့  အရက်ဆိုင်မှာ ဖြစ်တယ်။ အဲဒီနေရာမှာ သတ်တဲ့ အဖွဲ့ ခေါင်းဆောင်ရှိတယ်။ သူ့ရဲ့ သဏ္ဌာန်ဟာ ခပ်၀၀။ ဆံပင်နက်နက်၊ မျက်လုံး ပြူးပြူး၊ မျက်နှာ ပေါ်ပေါ်ဖြစ်တယ်။

ကရာဇက်က ဟောလိုက်သည့် အတိုင်းပင် လူသဏ္ဌာန်ရော အရပ်ဒေသပါ တွေ့ရှိ ဖမ်းဆီးရမိသည်၊ မိုင်(၃၀၀၀) ကျော်မှ နေပြီး ဟောလိုက်သည့် အတိုင်း (အက်ဖ်-ဘီ-အိုင်) က ခြေရာခံ ရာမှစ၍ တရားခံများကို ဖမ်းမိခြင်းဖြစ်သည်။ ဟောရာတွင်လည်း ဓာတ်ဖန်လုံးကို မသုံး၊ ခေါင်းဆွဲကို မခေါ်၊ လက်ဖွဲ့လည်း မဆောင်ဘဲ ဗြုံးကနဲ့ ဖုန်းကောက်ကိုင်ပြီး ဟောခြင်း ဖြစ်သည်။ အမြဲပင် ဤသို့ ဟောတတ်သည်။

ဤအမှုတွင်ကရာဇက် ဂုဏ်သတင်းမှာ ထိုးတက်သွားသည်။ အဘယ့်ကြောင့် ဆိုသော် မိုင် ၃၀၀၀ ကွာရှိ အမေရိကန်မှ (အက်ဖ်-ဘီ-အိုင်)လို ထိပ်တန်း ထောက်လှမ်းရေး အဖွဲ့က ဆရာတင်ရရုံမက ဂျင်းဒစ်ဆင်လို အကြား အမြင် ပါရမီ၏ ဇာတိ ချက်ကြွေ အမေရိကန်မြေမှ လာရောက် အကူညီ တောင်းရ သောကြောင့် ဖြစ်သည်။ ကရာဇက်သည် ပစ္စည်းပျောက် ရှာရာတွင် အားကိုးရသော ပါရမီရှင်လည်း ဖြစ်၏

ခရိုင် တရားရုံး တစ်ရုံးရှိ မှတ်တမ်း ဌာနတွင် သိမ်းဆည်း ထားသော အရေးကြီးသည့် မှတ်တမ်းများ ၁၉၅၀ ခုနှစ်၊ ဇွန်လ တွင် ပျောက်ဆုံးခဲ့သည်။ ဘယ်လိုမှ ရှာမရတော့ သည့်အဆုံးတွင် ကရာဇက်ထံ အကူအညီ တောင်းရသည်။ ကရာဇက်က ချက်ခြင်းပင် ဟောလိုက်သည်။ ဒီမှတ်တမ်းတွေ ဘယ်မှ ထွက် မသွားပါဘူး။ အဲဒီရုံး အပေါ်က ၂ ထပ် ဘယ်ဘက်က အခန်းချောင်ထဲ ရောက်နေပါတယ်။

ထိုမျှမက ပျောက်နေသော ဖိုင်တွဲ မှတ်တမ်း၏ အထူးအပါး အရောင်အဆင်း များနှင့် အခြားအချက် အလက်များကို ရှာဖွေ လွယ်ကူအောင် ဟောလိုက်သည်။ ရှာကြည့်သောအခါ ကရာဇက် ပြောသည့် နေရာ ချောင်ထဲတွင်ပင် တွေ့သည်။ ထိုအခါမှ တရားရေး ဥက္ကဌကြီးမှာ သက်ပြင်း ချနိုင် လေတော့သည်။

ကရာဇက်သည် အထူးသဖြင့် ကလေးပျောက် အဟောတွင် နာမည်ကျော် လှသည်။ စင်စစ် သူကိုယ်တိုင် စိတ်ဝင်စားသော ဟောကွက်ဖြစ်သည်။ သူကလေး ဘ၀က ညှိုးငယ်စွာ နေခဲ့ရသည်ကို မမေ့နိုင်သေးသဖြင့် ကိုယ်ချင်းစာ သဘောဖြင့် ကလေးဆိုလျှင် ကြင်နာတတ်သည်။ သနားတတ်သည်။ ဟော်လန်ပြည် တွင် ကလေး တစ်ယောက် အိမ်ကို အချိန်မှီ ပြန်မရောက် တော့ဘူးဆိုလျှင် မိဘတို့က ရဲကိုမတိုင်မီ ကရာဇက်ထံ ဖုန်းဆက် မေးတတ်သည်။ ရဲအနေဖြင့်လည်း မိမိတို့ လိုက်မရသော အမှုကြီးဆိုလျှင် ကရာဇက်ထံ လာပြီး အကူအညီ တောင်းစမြဲပင်။ ကရာဇက်သည် ရဲအဖွဲ့ ကို အကူအညီ ပေးသော အကြားအမြင် ပညာရှင် များတွင် ထိပ်ဆုံးမှ ဖြစ်သည်။ တစ်ခါတစ်ရံ ရဲအဖွဲ့ ဝင်များ၏ ကိုယ်ရေး ပြဿနာ သူတို့၏ သားသမီး ပျောက်ဆုံး သွားသည်ကိုပင် ကရာဇက်အား မေးမြန်းလေ့ ရှိသည်။ ကရာဇက်ကိုပင် အားကိုးလေ့ ရှိသည်။

၁၉၆၂ ခုနှစ်၊ ဒီဇင်ဘာလ နေ့လည်တွင် ကျောင်းသားကလေး “နစ်ဂျီ” သည် ဟော်ကီး ကစားမိသဖြင့် ကျောင်းအုပ် ဆရာကြီးက ခေါ်ပြီး ဆူလေသည်။ နစ်ဂျီသည် ၁၀ နှစ်သားမျှသာ ရှိသေးသော မူလတန်း ကျောင်းသားလေး ဖြစ်သည်။ ဆရာကြီးက ဆူသည်ကို မတရား ဆူသည်ဟု ယူဆကာ စိတ်ကောက်သည်။ ကျေမနပ် ဖြစ်သွားသည်။ ကျောင်းသား သူငယ်ချင်း တစ်ယောက်နှင့် မြို့ ထဲ ထွက်သွားသည်။ ညစာစားချိန်ထိ အိမ်ပြန် မရောက်သောအခါ မိဘများက စိတ်ပူလာကြသည်။ လေဒင်မြို့ ကလေးမှာ သိပ်မကြီး လှသောမြို့ ဖြစ်သည်။

မိဘများသည် မိတ်ဆွေ သင်္ဂဟများ၏ အကူအညီဖြင့် တစ်မြို့ လုံး ခေါင်းတောက်အောင် ရှာကြည့်သည်။ လေဒင်မြို့ အနီး ရွာတွင် နေသော နစ်ဂျီ မိဘများ၏ မိတ်ဆွေဖြစ်သူ မစ္စတာ လေကင်သည် အကြားအမြင်စိတ်တန်ခိုး ကို မယုံကြည် လှသော်လည်း အကူအညီ ရလိုရငြား သဘောဖြင့် ကရာဇက်ကို ဖုန်းဆက် အကူအညီ တောင်းကြည့်သည်။ ကရာဇက်က ကျောင်းသား ကလေးများ ရေနစ် သေဆုံးသွားပြီဖြစ်ကြောင်းနှင့် အလောင်းရှိမည့် နေရာကို သူ့အာရုံတွင် မြင်ရသည့် အတိုင်း ပြောပြလိုက်သည်။ “တူးမြောင်းကြီး တစ်ခု မြင်ရတယ်။ ပျောက်သွားတဲ့ ကလေး မိဘများနဲ့ မီတာ ၇၀၀ လောက် အဝေးမှာ ရှိတဲ့နေရာမှာ သဘောင်္ တစ်စီးရှိတယ်။ ဒီသဘောင်္က ကျောက်ချထားတယ်။ သွားနေတယ်မဟုတ်ဘူး။ ကရိန်းတွေ တာ ပေါ်လင်တွေနဲ့ ရပ်လို့”

မိတ်ဆွေဖြစ်သူ မစ္စတာ လေကင်က တူးမြောင်း တစ်လျှောက် ပိုက်ဆွဲ ရှာရန် ရဲအဖွဲ့ ကို ပြောသော်လည်း ရဲအဖွဲ့ က မယုံကြည်၍ လက်မခံပေး ကရာဇက် ပြောသည်ကို ယုံကြည် နေသော ရဲအဖွဲ့ ကား ဤအကြိမ်တွင် ကရာဇက် ပြောသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေသည်။ ထို့ကြောင့် မစ္စတာ လေကင်သည် မိမိတို့ ဖာသာ ပိုက်ဆွဲရှာကြည့် သော်လည်း ရှာမတွေ့ ဖြစ်နေသည်။

တစ်ဖန်ပြန်ပြီး ကရာဇက်ကို ဖုန်းဆက်ပြီး သူ့အာရုံ အမြင် မည်မျှ သေချာသည်ကို မေးကြသည်။ သည်တစ်ကြိမ် တွင်ကား ကရာဇက်သည် မနေသာ တော့ပြီး။ နစ်ဂျီ မိဘများနှင် အတူ မသင်္ကာသော နေရာသို့ ကားဖြင့် လိုက်သွားသည်။ မစ္စတာ လေကင်လည်း အတူ ပါသွားသည်။ သူ့အာရုံတွင် မြင်တွေ့ခဲ့ရသော နေရာသို့ ရောက်အောင် သွားပြီး ကြည့်သည်။ ကရာဇက်ကား သူအာရုံတွင် မြင်တွေ့ ခဲ့ရသော နေရာနှင့် အတူဆုံး နေရာကို ရှာသည်။ မကြာမီ အာရုံနှင့် တစ်ထပ်တည်း လောက်တူသော နေရာကို ရောက်သည်။

ကရာဇက်က “ဒီနေရာမှာဘဲ ကလေးဟာ ရေနစ်ပြီး သေတယ်။ အလောင်းဟာ ဒီနေရာမှာဘဲ ရှိတယ်” ဟု အပ်ချမတ်ချ အပိုင် ပြောဆိုသည်။ သို့ရာတွင် ကရာဇက် ပြောသော နေရာတွင် နစ်ဂျီ မရောက်နိုင်ဟု ရဲက အခိုင်အမာ ပြောသဖြင့် မိဘများနှင့် မစ္စတာ လေကင်တို့က အခြား တစ်နေရာကို ရှာချင်သည်။ ရဲက ဖြစ်နိုင်သည်ဟု ဆိုသော နေရာတွင် ဖြစ်သည်။

သို့ရာတွင် ကရာဇက်ကား အမြင်အာရုံတွင် သာမက သူ့စိတ်ခံစားမှု အရလည်း ဤနေရာတွင် ပင် ကလေး အလောင်း ရှိရမည်ဟု တစ်ထစ်ချ ဆိုသည်။ ဤသို့ ကမ်းနဖူးတွင် ချီတုံချတုံ ဆွေးနွေးပြီးမှ ထိုနေရာ တစ်ဝိုက်ကို ပိုက်ဆွဲပြီး ရှာကြည့်သည်။ မစ္စတာ လေကင်က ရဲအဖွဲ့ ကို ထိုနေရာကို ပိုက်ဆွဲပြီး ရှာကြည့်ရန် ပြောသော်လည်း ကျောင်းပြေး ကလေးတွေ ရေနစ် သေပေါင်း များလှသော အမှု ပေါင်းများစွာ ကိုလိုက်ခဲ့ပြီး ဖြစ်သော ရဲအဖွဲ့ က လက်မခံ။

နောက်ဆုံးတွင် မစ္စတာ လေကင်နှင့် မိဘတို့ ကိုယ်တိုင် ပိုက်ဆွဲပြီး ရှာကြည့်သော အခါတွင် ကရာဇက် အဟော မှန်ကြောင်း တွေ့ရသည်။ နစ်ဂျီ၏ အလောင်း ပိုက်ထဲတွင် အတိုင်းသား ပါလာသည်။

ဤကဲ့သို့ ကလေးပျောက် အမှုများကို ကရာဇက် ဟောခဲ့သည့် အတိုင်းတွေ့ ရသည်မှာ မရေတွက်နိုင်လောက် အောင်ပင် ရှိခဲ့သည်။ ထို့ကြောင့် ကရာဇက်သည် ကလေးပျောက် အမှုတွင် သွေးထွက်အောင် မှန်သည်ဟု တစ်ကမ္ဘာလုံးက အသိမှတ်ပြုခြင်း ဖြစ်သည်။ လူပျောက်မှု၊ ပစ္စည်းပျောက်မှု များတွင် ရဲအဖွဲ့ ကို အကူအညီ အပေးဆုံး ပညာရှင် ဖြစ်သည်။ တစ်နည်းအားဖြင့် ကမ္ဘာ ပေါ်တွင် ရဲအဖွဲ့ က အားအကိုးရ ဆုံးသော နတ်မျက်စိ ရှင်ပင်ဖြစ်သည်။

ကရာဇက်သည် လူနှင့် ပစ္စည်းပျောက် တို့ကိုသာ ဟောရုံမက ရှေးဟောင်း သူတေသန ကိစ္စများတွင်လည်း သူ့ပညာကို အသုံးချလေသည်။ ကမ္ဘာကျော် သုတေသီ သိပ္ပံပညာရှင် ကြီးလည်းဖြစ်၊ စိတ်တန်ခိုး သူတေသန ကျမ်းများစွာ ရေး၍ ကမ္ဘာကျော် စာရေးဆရာကြီး ဖြစ်သော ဒေါတာဗော့ဟော့က အာဖရိကမှ ရလာသော ရှေးဟောင်း ပစ္စည်းအချို့ ကို ကရာဇက်အား ပြသပြီး ဟောစေသည်။ ဆိုက်ကို မက်သရီခေါ် ပစ္စည်းကို ထိတွေ့ ကိုင်တွယ်ပြီး အာရုံဖြင့် ဟောသောပညာ စမ်းရန်ဖြစ်သည်။ ထုံးကျောက် အပဲ့အစ အနည်းငယ်နှင့် အရိုးတစ်ချောင်း ဖြစ်သည်။

အချိန်ကား ၁၉၅၃ ခု၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ယူထရက် တက္ကသိုလ် မနောမယိဒ္ဓိ ဗေဒဌာနတွင် ဖြစ်သည်။ အောက်ပါ ကရာဇက် အဟော မှန်သောအချက်တွင် ဒေါက်တာ ဗော့ဟော့က မှန်ဟု မှတ်ချက်ချပြီး မှားသည့် အချက် မှားဟု ရေးသည်။

ဒေါက်တာ ရှေးဟောင် သင်္ချိုင်းဂူ တစ်ခုဆီကို သွားတယ်။ (မှား)။ ကျောက်သေတ္တာ တစ်လုံးကို မြင်တယ်။ ဒီပစ္စည်းဟာ ဘာသာရေး အရကိုးကွယ်တဲ့ ပစ္စည်းဘဲ။(မှန်) ဘုန်းကြီး ၆ ပါးမြင်တယ် ( ၆ပါးထက်ပိုသည်) ဆံပင်တွေက အရှည်ကြီး (မှန်)။ သူတို့ရဲ့ ယဉ်ကျေးမှုဟာ မနိမ့်လှဘူး။(မှန်)။ နေလ နက္ခတ်တွေ အကြောင်း သိကြတယ်။(မှန်)။ မီးအကြောင်း နားလည်ပြီး ရပ်ရွာ တည်ဆောက်ပြီး လဲနေတတ်ပြီ။(မှန်) တရားဥပဒေကို ကျင့်သုံးရမယ်။ အတော် တင်းကြပ်တယ်။ (မှန်)။ တရားရုံးမှာ အလယ်က နှစ်ဦး ထိုင်တယ် ဘေးက နှစ်ဦး ထိုင်တယ်။(မှန်)။ သူတို့ဟာ ဓားထိုး ခံရတယ်။ (မှန်)

ဒေါက်တာ ဗော့ဟော့သည် သူတွေ့ ခဲ့သော ပစ္စည်းများ၏ ရာဇ၀င်ကို သုတေသန ပြုပြီးသော အခါ ကရာဇက်အဟောမှန် မမှန် နှိုင်းယှဉ် ဖော်ပြခြင်း ဖြစ်သည်။ အမှန်စင်စစ် အားဖြင့် ရှေးဟောင်း သုတေသီ မဟုတ်လျှင် စိတ်ဝင်စားဖွယ် မရှိ၍ ဤမျှသာ ဖော်ပြလိုက်သည်။

ကရာဇက်ကား ဤသို့ ပညာရှင်များ၊ သုတေသီများ၊ သောက ရောက်နေသူများ၊ ရဲဌာနများကို ကြိမ်ဖန်များစွာ ကူညီရန် လက်မနှေး သော်လည်း လူတစ်ဦးချင်း၏ အရောင်းအ၀ယ်၊ အရှုံးအမြတ်၊ စတော့ရှယ်ယာဈေး အတက် အကျတွင် ခါးခါးသီးသီး ပယ်ချလေ့ရှိသည်။ သူကူညီ ပြီဆိုလျှင်လည်း အခြားသော ကမ္ဘာကျော် ကြေးစား အကြား အမြင်ဆရာများ ကဲ့သို့ ငွေကြေးကို လက်မခံချေ။ ထို့ကြောင့်လည်း ကရာဇက်၏ ဟောချက်များ ကွက်တိ မှန်ခြင်းဖြစ်နိုင်လေသည်။

အရှေ့ အနောက် ကမ္ဘာတစ်ခွင်လုံး ကရာဇက် နာမည်ကျော်သည်မှာ “အမှီရှိမှ ကြီးမွားသည်” ဟူသော စကားပုံ အတိုင်းပင် ဖြစ်သည်။ ကရာဇက်နှင့် ဒေါက်တာ တင်ဟက်တို့ ပူးပေါင်း မိခြင်းသည် အစီးကောင်းသော ဂျော်ကီနှင့်အပြေး သန်သော ဒုန်းမြင်းတို့ ပူး ပေါင်းမိခြင်းဖြစ်သည်။

ဂျာမန် သီအိုဆိုဖစ် ဖြစ်သော ရူးဒေါ့စတိန်းနား၏ စာပေကို ငယ်စဉ် ကတည်းက ဖတ်ခဲ့ရသော တင်ဟက်သည် တဖြည်းဖြည်း နာမ်လောက၊ စိတ်လောက၊ အကြောင်း စိတ်ဝင်စား လာကာ စိတ်တန်ခိုး ပညာကို လေ့လာခဲ့သည်။ အသက်၃၀ ကျော် ရှိပြီဖြစ်သော ဒေါက်တာ တင်ဟက်သည် ၁၉၂၈ ခုနှစ် ကတည်းက တည်ထောင်သော မနော သုတေသန အသင်းတွင် ပါဝင်ပြီး မနောသုတေသန ဂျာနယ်ကို ဦးစီ ထုတ်ဝေခဲ့သည်။ တက္ကသိုလ် ရောက်ပြီး သည်မှစ၍ မနောမယိဒ္ဓိဗေဒနှင့် ပတ်သက်သော ဆောင်းပါးများကို ရေးခဲ့သည်။ ဘာသာပြန်သည်။

စိတ်တန်ခိုး ပညာခေါ် မနောမယိဒ္ဓိကို သုတေသန ပြုသည်။ တက္ကသိုလ်၏ ဌာနကြီး တစ်ခုတွင် သင်ကြားနိုင်သော ပညာကြီး ဖြစ်လာအောင် လုံးပမ်းခဲ့သည်။ အချိန်၊ ငွေ ပင်ပန်းမှုများကို အရင်းတည်၍ ယုံကြည်ချက် အတိုင်း စိုက်လိုက်မတ်တတ် လုပ်ခဲ့ရာ သူ့အသက် ၅၇ နှစ် ရှိသော ၁၉၅၇ ခုနှစ်တွင် သူရည်ရွယ်ချက် ပန်းတိုင်သို့ ရောက်ခဲ့လေသည်။ ၁၉၅၁ ခုနှစ်တွင် မနောမယိဒ္ဓိ ဗေဒဌာနကို ယူထရက် တက္ကသိုလ်၌ ပထမဆုံး စတင် ဖွင့်လှစ်နိုင်ခဲ့သည်။ ဌာန အကြီးအကဲ အဖြစ် ပါမောက္ခ ဒေါက်တာတင်ဟက် တာဝန်ယူရသည်။ ကမ္ဘာပေါ်တွင် ပထမဆုံး တက္ကသိုလ် စာသင်ခန်းသို့ ရောက်လာသော စိတ်တန်ခိုး ပညာရပ်ဖြစ်သည်။ ဒေါက်တာ တင်ဟက်၏ ၃၉ နှစ်လုံးလုံး တိုက်ပွဲ ဆင်ခဲ့သော အောင်ပွဲဖြစ်သည်။

ဒေါက်တာ တင်ဟက်သည် စိတ်တန်ခိုး ပညာရှင်များကို လိုက်ရှာသည်။ မွေးသည်။ ကမ္ဘာ့ ပွဲတွင် ထုတ်သည်။ ကမ္ဘာ့ မနော သုတေသီများကို ဖိတ်ပြီး သူ့လူများကို စမ်းသပ်စေသည်။ သူကိုယ်တိုင် လည်း ကမ္ဘာလှည့်၍ ဟောသည်။ စုဆောင်းသည်။ ထို့ကြောင့်လည်း ဟော်လန် မနော သုတေသန။ မနော မယိဒ္ဓိ လုပ်ငန်းသည် ကမ္ဘာ့ မနော မယိဒ္ဓိ သုတေသန အလယ်တွင် ခေါင်းတစ်လုံး မြင့်နေသည်ဟု ပညာရှင်များက ပြောခြင်း ဖြစ်သည်။

ဒေါက်တာ တင်ဟက်က သူမွေးထားသော ကရာဇက်ကို အမေရိကန်မှ မနောမယိဒ္ဓိ ပါရဂူ ဒေါက်တာ ဗက်ဆီလီယက်၊ အိန္ဒိယမှ ဒေါက်တာ အနာဂျီး ဂျာမနီမှ မန်စိဘင်ဒါ၊ ဆွီဒင်မှ ဒေါက်တာဂျွန်ဆင်၊ ချက်ကိုစလိုပယ်မှူ တက္ကသိုလ် မနော သုတေသနဌာနမှူး ဒေါက်တာကူချင်ကေး စသော ကမ္ဘာ့ ပညာရှင် ပါရဂူ အသီးသီးတို့အား ထပ်ခါ တလဲလဲ စမ်းသပ်စေခဲ့သည်။ ကရာဇက်ကား ဤသို့ ကမ္ဘာကျော် ပွဲပေါင်း အလီလီကို တိုးခဲ့ပြီးမှ “ရာဒါ ဦးနှောက်ပိုင်ရှင်” “ဟော်လန်ကဝေကြီး” ဘွဲ့ကို ရရှိခဲ့ခြင်းဖြစ်သည်။

Tuesday, August 24, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels