Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ဖြေလျော့ခြင်းပြုလုပ်ပြီးမှ ပုတီးစိပ်ပါ

တစ်နေ့သ၌ ကျွန်ုပ်သည် ရွှေတိဂုံဘုရား ကုန်းတော်ပေါ်တွင် အဓိဋ္ဌာန် ပုတီးစိပ်ရန် အိမ်မှ ထွက်လာခဲ့လေ၏ ။ ထိုအချိန်က အသက် ငယ်သေးသဖြင့် သုံးလေးမိုင် ခရီးကို မမောမပန်းဘဲ လျှောက်နိုင်သည်ဖြစ်ရာ ကျောက်မြောင်း ဘိုးလိန်းလမ်းရှိ ကျွန်ုပ် မိဘအိမ်မှ ရွှေတိဂုံဘုရားသို့ အရောက် ခြေလျင် လျှောက်ရသော အလုပ်မှာ ပြောပလောက်သော အလုပ်မဟုတ်ပေ။ ကျွန်ုပ်သည် အိမ်မှ ထွက်လာခဲ့ပြီးနောက် မအူကုန်းလမ်းကျယ်သို့ ရောင်လျှင် ထိုလမ်းအတိုင်း ၀င်သွားပြီး ကန်တော်ကြီး ဓာတ်ဆီဆိုင်ဘက်သို့ ကွေ့ကာ ဓာတ်ဆီဆိုင်မှ တစ်ဆင့် ကန်တော်ကြီးကို ပတ်လေ၏။ ထိုသို့ပတ်လာခဲ့ရာ တိရစ္ဆာန်ရုံသို့ ရောက်လာလေ၏။

ထိုနေရာသို့အရောက်တွင် ကျွန်ုပ်သည် တိရစ္ဆာန်ရုံဂိတ်အနီး၌ ဗန်းကလေးများနှင့် ရောင်းနေသော ဆေးလိပ်ဆိုင်သို့ ၀င်ကာ သစ္စာပန်းတံဆိပ် ဆေးလိပ်ကိုမေး၏။ ထိုသို့မေးရာ ဆေးလိပ်ရောင်းသော မိန်းမက သစ္စာပန်းတံဆိပ် မကြားဘူးပါဖူးဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က နွားတံဆိပ် ဆေးလိပ်ကို မေးပြန်ရာ ထိုမိန်းမ
က နွားတံဆိပ် ဆေးလိပ်ကို မကြားဖူးဘူးဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က ဂဠုန်ညီနောင်ကို မေးပြန်ရာ ထိုမိန်းမက မကြားဖူးဘူးဟု ပြောလေ၏။

ကျွန်ုပ်လည်း စိတ်မရှည်တော့ သဖြင့်……….“ကဲပါလေ… ခင်ဗျားကြားဖူးတဲ့ ဆေးလိပ်ပဲ တစ်မတ်ဖိုး လောက်ပေးပါ” ဟု ပြောရာ ထိုမိန်းမက ချိန်ခွင်လိုလို၊ မောင်းတက်လိုလို တံဆိပ်မျိုး ကပ်ထားသည့် ဆေးပေါ့လိပ် ခပ်ညံ့ညံ့ဆေးလိပ်ကို ပေးလေ၏။ ကျွန်ုပ်လည်း ထိုဆေးလိပ်များကို ယူကာ အနီးရှိ သောက်ရေအိုးစင် မှ ရေတစ်ခွက် ခပ်ပြီးလျှင် ဆေးလိပ် အစီခံများကို ရေလောင်း၍ ဖုန်မှုန့်များ ထွက်သွားစေရန် ဆေးလိပ်၏ ထိပ်ဘက်မှ ပါးစပ်ဖြင့် မှုတ်ပြီးလျှင် ကျွန်ုပ်သည် ဆေးလိပ် တစ်လိပ်ကို မီးညှိ၍ ဖွာရှိုက်၏။

ကျန်သုံးလိပ်ကို အိတ်ထဲထည့်ပြီးလျှင် ခရီးဆက်ခဲ့လေတော့၏။ ဤသို့ ခရီးဆက်ခဲ့ရာ တိရစ္ဆာန်ရုံကို လွန်လျှင် အမိုး ချွန်ချွန်နှင့် ခရစ်ယာန် သင်္ချိုင်းလေးကို တွေ့ရလေ၏။ ထိုနေရာမှ ဆက်၍ လျှောက်သွားရာ ဦးထောင်ဗိုလ်ကုန်းသို့ ရောက်လေ၏။ ကျွန်ုပ်သည် ဦးထောင်ဗိုလ်ကုန်းကို တဖြည်းဖြည်းချင်း တက်လာခဲ့၏။ ဦးထောင်ဗိုလ်ကုန်း ဆုံးသည်နှင့် တစ်ပြိုင်နက် တောင်ဘက်မုခ်သို့ ရောက်လေတော့၏။ ကျွန်ုပ်သည် တောင်ဘက်မုခ်မှ ရွှေတိဂုံ ဘုရား ရင်ပြင်တော်ပေါ်သို့ တက်လေ၏။ ထိုသို့ တက်လာခဲ့ရာ အသိပန်းဆိုင်တစ်ဆိုင်မှ ဖိနပ်ကို အပ်သွားရန် ပြောလေ၏။ သို့ရာတွင် ကျွန်ုပ်သည် မအပ်ခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် ဘုရား ပြန်ဆင်းသောအခါ၌ တောင်ဘက်မုခ်မှ ပြန်ဆင်းချင်မှ ဆင်းဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ် ဆင်းလိုရာ မုခ်မှ ဆင်းနိုင်ရန် အတွက် ဖိနပ်ကို မအပ်ခဲ့ခြင်းဖြစ်၏။

ကျွန်ုပ်သည် ရင်ပြင်တော်ပေါ်သို့ရောက်လျှင် တနင်္ဂနွေထောင့်ကို ခပ်သုတ်သတ်လျှောက်သွား၏။ တနင်္ဂနွေ ထောင့်သို့ ရောက်လျှင် ဖိနပ်၊လွယ်အိတ်နှင့် ဆေးလိပ်တို့ကို အသာချ၍ ရွှေတိဂုံ စေတီတော်မြတ်ကြီးအား အားရပါးရ ရှိခိုးလေတော့၏ ။ စေတီတော်ကြီးရှိ ရွှေတုံး ရွှေခဲများကိုဖြတ်၍ တိုက်လာသော လေကို ရှုရသဖြင့် ကျွန်ုပ်သည် နှလုံးငြိမ်ကာ အမောပြေသွားလေ၏ ။ ထို့နောက် ကျွန်ုပ်သည် တနင်္ဂနွေထောင့်ရှိ သာယာဝတီမင်း လှူဒါန်းထားသော ခေါင်းလောင်းကြီးဆီ သို့သွား၍ ခေါင်းလောင်းကြီးအား ပါးပြင်ဖြင့် ကပ်ကာ ဖက်လိုက်လေ၏ ။ ကြေးခေါင်းလောင်းကြီး ဖြစ်သောကြောင့် လွန်စွာ အေးစက်လှ၏ ။ကျွန်ုပ်၏ ကိုယ်မှ အပူငွေ့များသည် လွင့်ပျောက်၍ သွား၏ ။ ဘယ်ဘက်ပါး အေးသွားသည်နှင့် ကျွန်ုပ်သည် ညာဘက်ပါးဖြင့် ကပ်လေ၏ ။ ညာဘက်ပါး အေးသွားသော အခါ၌ ကျွန်ုပ်၏ နဖူးကို ခေါင်းလောင်းကြီးဖြင့် ကပ်ပြန်၏ ။ ပူနွေးနေသော ကျွန်ုပ်၏ နဖူးလည်း အေးစက်သွားပြန်သည်။ ကျွန်ုပ်သည် အမောပြေသွားပြီဖြစ်၏ ။

ကျွန်ုပ်၏ ကိုယ်မှ အပူငွေ့များလည်း လွင့်စဉ်သွားပြီး ဖြစ်၏ ။ကျွန်ုပ်သည် ခေါင်းလောင်းကြီး အနီးရှိ သံတိုင် တစ်တိုင်ကို မှီ၍ ထိုင်ချလိုက်၏ ။ ထိုသံတိုင် အနီး၌ လူတစ်ယောက် ထိုင်နေသည်ကိုလည်း ကျွန်ုပ်သည် သတိပြုမိလေ၏ ။ ကျွန်ုပ်သည် မီးခြစ်ကို ထုတ်၍ ကျွန်ုပ်၏ ဆေးလိပ်တိုလေးကို မီးတို့လိုက်၏။ ကျွန်ုပ် မီးတို့ပြီးသော အခါ၌ ထိုသူက“မီးတစ်တို့လောက်ပေးပါ” ဟု ပြောသဖြင့် ကျွန်ုပ်လည်း မီးခြစ်ကို လှမ်းပေးရင်း ထိုသူကို ကြည့်လိုက်လေ၏ ။

ထိုသူသည် ပိန်ပိန်ပါးပါးဖြစ်၏ ။ သူ၏ ဆံပင်များမှာလည်း ကျိုးတိုးကျဲတဲ ဖြူနေပြီဖြစ်၏ ။ထိုသူ၏ ရုပ်ရည်မှာ အင်္ဂလို အင်ဒီယန်း ခေါ် ကပြားတစ်ဦး၏ ရုပ်ရည် ဖြစ်ကြောင်းကိုလည်း ကျွန်ုပ်အနေနှင့် သတိပြုမိ၏ ။ ထိုသူသည် ခန္ဓာကိုယ် အထက်ပိုင်း၌ ရှပ်အင်္ကျီအဖြူကို ၀တ်ထား၏ ။ထိုရှပ်အင်္ကျီပေါ်တွင် ကုတ်အင်္ကျီ ခပ်နွမ်းနွမ်းကို ထပ်၍၀တ်ထား၏ ။ အောက်ပိုင်း၌မူ ကာကီရောင် ဘောင်းဘီကို ၀တ်ထားလေ၏ ။ ထိုသူသည် သူ၏ ဆေးပြင်းလိပ်ကို မီးတို့ပြီးမှ ကျွန်ုပ်အား မီးခြစ်ကို ပြန်ပေးရင်း ……..

“ သင့်ခ်ကျူး…….” ဟု ပြောလိုက်လေ၏ ။ဒီမှာ မိတ်ဆွေကြီး……..၊ သင့်ခ်ကျူး လုပ်မနေနဲ့…….၊ ဆေးလိပ် အမြဲသောက်တယ် ဆိုရင် မီးခြစ်တစ်လုံး ၀ယ်ထားပါ….” ဟု ကျွန်ုပ်က ပြောလိုက်ရာ…..

ထိုသူက ပြုံး၍ ……“၀ယ်ထားပါတယ်…. ၊ခြစ်ရင်းနဲ့ ကျောက်ကုန်သွားလို့ပါ….၊ ဒီက မိတ်ဆွေလေးက ပုတီးသမားနဲ့ တူတယ်…..” ဟု ထိုသူကပြောလေ၏ ။

“ဟုတ်ပါတယ်……၊ ကျုပ်က ပုတီးသမားပါ….၊ ကျုပ်ကို ပုတီးသမားလို့ ဘာကိုကြည့်ပြီး ပြောတာလဲ….” ဟု ကျွန်ုပ်က ထိုသူအား မေးလိုက်လေ၏ ။
ထိုသူသည် ပြုံးပြီးနောက်……….“စိတ်တိုတာကို ကြည့်ပြီးပြောတာပါ…..၊ ကျုပ်တွေ့ဖူးတဲ့ပုတီးသမား တော်တော်များများဟာစိတ်တိုတယ်…..” ဟု ထိုသူက ပြောလေ၏ ။“
စိတ်တိုတာနဲ့ ပုတီးစိပ်တာ မပတ်သက်ဘူးဗျာ….”ဟု ကျွန်ုပ်က ခပ်ဆတ်ဆတ်ပြန်၍ ပြောလျှင်
ထိုသူက……“ ပတ်သက်တယ်လို့ ကျုပ်က…..မပြောပါဘူး….၊

ကျုပ်တွေ့ဖူးတဲ့ ပုတီးသမားတွေ စိတ်တိုတာကို ပြောတာပါ….၊ စိတ်ရှည်တဲ့ ကျုပ်မိတ်ဆွေ တစ်ယောက်လဲ ပုတီးသမား ဖြစ်သွားကတည်းက သူ့သားသမီးတွေနဲ့လဲ မတည့်တော့ဘူး…..၊ သူ့မိန်းမနဲ့လဲ မတည့်တော့ဘူး….၊ မိတ်ဆွေတွေနဲ့လဲ မတည့်တော့ဘူး….၊ နောက်ဆုံးမှာ သူရဲ့အထက်အရာရှိနဲ့ပါ မသင့်မမြတ်ဖြစ်လာပြီး အလုပ်ပါပြုတ်သွားတယ်….၊ အခုတော့ ဟောဟိုနားက ဇရပ်မှာ နေတယ်…..” ဟုထိုသူက ပြောလေ၏။

ကျွန်ုပ်သည် ထိုသူ၏စကားကို ပေါ့ပေါ့တန်တန် သဘောထား၍ မဖြစ်တော့ပေ။ အလေးအနက် စဉ်းစားရလေတော့၏ ။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် ပုတီးစိပ်သည်မှာ တစ်နှစ်ခန့်ရှိပြီဖြစ်၏ ။ ထိုတစ်နှစ်အတွင်း ကျွန်ုပ်၏ အပေါင်းအသင်း မိတ်ဆွေများက “ကိုအောင်ထွန်း… အရင်ကနဲ့ မတူဘူး…… ၊ စိတ်တိုလာတယ်… ” လို့ ပြောသောအသံများ မကြာခဏ ကြားခဲ့ရသော ကြောင့်ဖြစ်၏ ။

“အဲဒါဘယ်လိုဖြစ်တာလဲ……” ဟု ကျွန်ုပ်က ထိုသူအား မေးလိုက်လေ၏ ။ ထိုအခါ ထိုလူက ဆေးပြင်းလိပ်မီးခိုးများကို မှုတ်ထုတ်ရင်း ………….

“ဒါက….. ဒီလိုပါ မောင်ရယ်၊ ပုတီး စိပ်တယ်ဆိုတာ စိတ်အလုပ် မဟုတ်လား……၊ အဲဒီတော့ လုပ်နည်းမမှန်ရင်…. အဲဒီအလိုပဲ စိတ်တိုတာတို့ ၊ အလိုမကျတာလို့၊ အကြောင်းမဲ့ ဒေါသကြီးတာတို့ ဖြစ်လာတော့တာပေါ့…….” ဟု အေးဆေးစွာ ပြန်၍ပြောလေ၏ ။

“ ပုတီးစိပ်တာပဲဗျာ….၊ ပုတီး လုံးကလေးတွေကို လက်ညှိုးလက်မနဲ့ ကိုင်ပြီး ကိုယ်ရွတ်ဆိုရမယ့် ဂါထာကို ပါးစပ်က ရွတ်ဆိုရင်း တစ်လုံးချင်း ဆွဲချတာပဲ မဟုတ်လား….၊ ဒီပြင် နောက်ထပ် ဘာများလုပ်ဖို့ ရှိသေးလို့တုန်း….” ဟု ကျွန်ုပ်က ပြောလိုက်ရာ ထိုသူက ကျွန်ုပ်၏ မျက်နှာကို ကြည့်၍ မခိုးမခန့်ပြုံးလျှင်……..

“ပုတီးစိပ်တယ်ဆိုတာဟာ ပုတီးလုံးလေးတွေကို လက်နဲ့ဆွဲချတာပဲလို့လော်သာ နားလည်ရင် ပုတီးလုံးလေးတစ်လုံးပြီးတစ်လုံး ကျလာတာပေါ့…..၊ အဲဒီလိုကျလာတဲ့အခါ အပေါ်ကကျလာတဲ့ ပုတီးလုံးလေးတွေနဲ့ ထိထိပြီး ချောက်ခနဲ ချောက်ခနဲ မြည်သွားတာပေါ့ဗျာ….၊ အဲဒီအပြင်ဘာမှ အဓိပ္ပါယ်ရှိမှာမဟုတ်ဘူး…၊ အဲဒီစိပ်နည်းကို ပုတီးတစ်လုံးချောက်ခနဲ စိပ်နည်းလို့ခေါ်ရင်ကောင်းမယ်…..၊ ပုတီးတစ်လုံးချောက်ခနဲဆိုတော့ အပျိုမြင်ရင် ငေါက်ခနဲ့ပေါဗျာ…..၊ ဘယ်လာသမာဓိရမှာလဲ……၊ ဘယ်ကလာ ပုတီးစိပ်ခြင်းရဲ့ အနှစ်သာရကို ပြည့်ပြည့်၀၀ရမှာလဲ……” ဟုပြော
လိုက်လေ၏ ။ကျွန်ုပ်သည် ထိုသူ၏စကားကို ကြားလျှင်ကြားချင်း ဒေါသထောင်းခနဲ ထွက်သွားတော့သည်။ သေသေချာချာ စဉ်းစား ကြည့်သောအခါ၌ သူ၏ စကားသည် မှန်ကန်နေကြောင်း သိရလေ၏ ။ ထို့ပြင် ကျွန်ုပ်နှင့်လည်း တိုက်ရိုက် ပတ်သက်နေသကဲ့သို့ ရှိလေ၏ ။ အဘယ်ကြောင့် ဆိုသော် ကျွန်ုသည် ပုတီး စိပ်သော အခါ၌ အဓိဋ္ဌာန်ပြီး စိပ်လေ့ ရှိသည်ဖြစ်ရာ ကျွန်ုပ်၏ ဦးတည်ချက်သည် အဓိဋ္ဌာန် ပြည့်မြောက်ရေးသာ ဖြစ်၏ ။ အဓိဋ္ဌာန် ပြည့်မြောက်ရေး ဆိုသည်မှာလည်း လက်တွေ့အားဖြင့် သတ်မှတ်ထားသော ပုတီးပတ်များ စိပ်၍ ပြီးရန် သာဖြစ်၏ ။

ထို့ကြောင့် တစ်နေလျှင် ဂုဏ်တော် ပုတီး ကိုးပတ်စိပ်မည်ဟု အဓိဋ္ဌာန် သတ်မှတ် ထားသည်ဆိုပါစို့ ကျွန်ုပ်အဖို့ ဂုဏ်တော် ပုတီးကိုးပတ် စိပ်ပြီးရန်သာ ဦးတည်၍ ဆောင်ရွက် လေတော့၏ ။ ထို့ကြော်င့် ဂုဏ်တော်ကိုလည်း တချောက်ချောက် ဆွဲချ၏ ။ ပုတီးကိုးပတ် စိပ်ပြီးရန်သာ ကျွန်ုပ်၏ အလုပ်ဖြစ်၏ ။ ထိုသို့စိပ်ပြီးလျှင် ကျွန်ုပ်သည် အဓိဋ္ဌာန် အောင်ပြီဟု မိမိဖာသာ ဆုံးဖြတ် လိုက်လေတော့၏ ။

ဤသို့နှင်ပင် ကျွန်ုပ်သည် တစ်နှစ်အတွင်း လေးဆယ့်ကိုးရက် အဓိဋ္ဌာန် အကြိမ်ကြိမ် အောင်မြင်သူ အဖြစ် မသိမသာ စိတ်ကြီးဝင်လျက် ရှိလေတော့၏ ။ ကျွန်ုပ်သည် ထိုသူ၏ မျက်နှာကို သေချာစွာ ကြည့်လိုက်၏ ။ ထိုသူသည် ဆေးပြင်းလိပ်ကို ဖွာရင်း ရွှေတိဂုံ စေတီတော် မြတ်ကြီးအား ကြည်ညိုနေ၏ ။ ပြီးလျှင် ကျွန်ုပ်ဘက်သို့ လှည့်လိုက်၏ ။

ထို့နောက် “ ဆိုစမ်းပါဦး ….. မိတ်ဆွေလေး၊ ဘာများပြောချင်လို့လဲ…..” ဟု ထိုသူက မေးလိုက်လေ၏ ။ “စောစောက ခင်ဗျားပြောတာ ဟုတ်တယ်ဗျ….၊ ကျုပ်ဟာ ပုတီးလုံး လေးတွေကို တစ်လုံးပြီး တစ်လုံး တချောက်ချောက်နဲ့ ဆွဲချနေတဲ့သူပဲ …၊ ခင်ဗျားပြောတဲ့ စကားအတိုင်း ပြောရရင် ပုတီးတစ်လုံး ချောက်ခနဲနည်းနဲ့ စိပ်နေတဲ့သူပဲ…..၊ ဒါပေမယ့် အပျိုမြင်ရင် ငေါက်ခနဲတော့ မဖြစ်ပါဘူးဗျာ……၊ ဘာပဲဖြစ်ဖြစ်လေ…. ကျုပ်….. အခု စိပ်နေတဲ့ ပုတီးစိပ်နည်း ကတော့ နည်းလမ်း မဟုတ်သေးဘူးဆိုတာ ၀န်ခံရမှာပါပဲ…… ” ဟုပြောလိုက်ရာ……ထိုသူက ပြုံး၍ခေါင်းကို တဆတ်ဆတ်ညိတ်လေ၏

ထို့နောက်…..“ ပုတီးစိပ်တာ တစ်နှစ်လောက်ရှိပြီး ဆိုတော့ ဘာတွေ ထူးပြီးလဲ….” ဟု ကျွန်ုပ်အား မေးလိုက် လေ၏ ။

“မထူးပါဘူးဗျာ၊ လေးဆယ့်ကိုးရက်၊ လေးဆယ့်ကိုးရက်၊ ပိုင်းပိုင်းပြီး လုပ်တဲ့ အဓိဋ္ဌာန်တော့ ခုနှစ်ခါ အောင်ပြီးပါပြီ ”ဟု ကျွန်ုပ်က ပြောလိုက်လျှင် ထိုသူက ……“ အဓိဋ္ဌာန်တွေ အောင်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုလဲ စိတ်ကြီး ၀င်မနေနဲ့ဦး၊ မိတ်ဆွေလေး အောင်ပုံအောင်နည်းက စာမေးပွဲမှာ ခိုးချတဲ့ အောင်းနည်းမျိုး ဆိုရင် ဘာမှ အဓိပ္ပါယ် ရှိမှာမဟုတ်ဘူး၊ တစ်နေ့ ပုတီးဘယ်နှစ်ပတ် စိပ်ပါမယ်လို့ အဓိဋ္ဌာန်လိုက်၊ ပြီးတော့ လက်ကလဲ ပုတီးလုံး လေးတွေကို တစ်လုံးပြီး တစ်လုံး ဆွဲချလိုက်နဲ့ အောင်ခဲ့တဲ့ အဓိဋ္ဌာန်မျိုး ဆိုရင်တော တယ်ပြီးနေရာကျမယ် မဟုတ်ဘူး”ဟု ဖြည်းဆေးစွာ ပြောလိုက်လေ၏

“ မှန်ပါတယ်၊ ကျုပ် အဲဒီအတိုင်းပဲ လုပ်ခဲ့တာပါ၊ အဲဒီတော့ ဒီထက် အဓိပ္ပာယ်ရှိတဲ့၊ ဒါမှမဟုတ် ဒီထက် လေးနက်တဲ့ ပုတီးစိပ်နည်း ရှိရင် ကျုပ်ကိုပြောပါဦး ”ဟု ကျွန်ုပ်က ပြောလိုက်ရာ ထိုသူသည် ပြုံးလေ၏ ။ ထိုသူ၏ အပြုံး၌ အနက်ထူးများ ပါဝင်နေ၏ ။ ထိုသူသည် သူ၏ ကုတ်အင်္ကျီအိတ်အတွင်းမှ လက်ကိုင်ပ၀ါလေး တစ်ထည်ကို ထုတ်ပြီးလျှင် သူ၏ မျက်နှာကို သူတ်လိုက်လေ၏ ။ ပြီးလျှင် ကျွန်ုပ်ဘက်သို့ လှည့်ကာ……..“ မိတ်ဆွေလေးက ပုတီးစိပ်နည်းနဲ့ ပတ်သက်လို့ ကျုပ်ကို ဆရာတင်တယ်ပေါ့ ”ဟု မေးလေ၏။

“ ဟုတ်ပါတယ်၊ကျုပ်ထက် တတ်တယ်လို့ ယူဆလို့ ဆရာ တင်တာပဲ ”ဟု ကျွန်ုပ်က ပြောလိုက်လျှင် ထိုသူသည်ဒုတိယအကြိမ် ပြုံးပြန်၏ ။ သူ၏ အပြုံး၌ အနက်ဆန်းများ ပါဝင်၏။ ပြီးလျှင် ထိုသူက ……“ကျေးဇူးတင်ပါတယ် မိတ်ဆွေလေး၊ ဒါပေမယ့် အရမ်းကာရော တပည့်မွေးလို့တော မဖြစ်သေးဘူး၊ ဇာတိဇစ်မြစ် ကလေးတော့ သိဦးမှ ဖြစ်မယ်၊ နာမည် ဘယ့်နှယ့်ခေါ်သတုံး”ဟု ပြောလိုက်သဖြင့် ……“ ကျုပ်နာမည် အောင်ထွန်းလို့ခေါ်တယ်၊ တနင်္ဂနွေသားပါ၊ ကျုပ်အဖေက ပန်းချီဆရာ တစ်ယောက်ပဲ၊ ကျုပ်မှာ မွေးချင်း(၆)ယောက် ရှိတဲ့အနက် ကျုပ်ဟာ အကြီးဆုံး သားပဲ၊ လောလောဆယ်မှာတော့ ကျုပ်က အလုပ်လပ်မဲ့ တစ်ယောက် ဖြစ်ပါတယ်၊ ဆယ်တန်းအထိ ပညာသင်ဖူးပါတယ်၊ လုပ်ဖူးတဲ့ အလုပ်တွေကတော့ အများကြီးပါပဲ၊ ဒါပေမယ့် ဘယ်အလုပ်မှာမှ အောင်အောင်မြင်မြင် မဖြစ်ခဲ့ပါဘူး၊ အလုပ်လက်မဲ့ တစ်ယောက်ဆိုတော့ ငွေရေး ကြေးရေးကတော့ ကျပ်ကျပ်တည်းတည်းပါပဲ”ဟု ကျွန်ုပ်က ပြောလိုက်လျှင်

ထိုသူက…..“ကျုပ်အမည်က ဦးယုန်းကုလို့ ခေါ်တယ်”ဟု ပြောလေ၏။ ကျွန်ုပ်သည် အူကြောင်ကြောင်ဖြစ်သွား၏ ။ “အဲဒါ ဘာအမည်လဲ”ဟု ကျွန်ုပ်က မေးလိုက်ရာ ထိုသူက….“တရုတ်နာမည်”ဟု ပြောလေ၏ ။ “မဟုတ်သေးပါဘူး၊ ကျုပ်က ခင်ဗျားဟာ အင်္ဂလို အင်ဒီယန်း တစ်ယောက်လို့ ထင်နေတာ၊ ဘယ့်နှယ့်ကြောင့် တရုတ်နာမည် ဖြစ်ရပြန်တာတုံး”ဟု ကျွန်ုပ်သည် ခေါင်းကိုကုတ်ရင်း ပြောလိုက်ရာ ထိုသူက“

ဒါက ဒီလို မိတ်ဆွေလေးရဲ့၊ကျုပ်နာမည်အရင်းက ဦးနီကွယ့်၊ အမှန်ကတော့ ဦးနီဆိုတာလဲ ကျုပ်နာမည် မဟုတ်ပြန်ဘူး၊ကျုပ်နာမည် အရင်းက အန်ထော်နီ၊ ဒါပေမယ့် ဘယ်သူမှ ကျုပ်ကို အန်ထော်နီလို့ မခေါ်ဘူး၊ ငယ်စဉ်ကတည်းက မောင်နီ၊ နည်းနည်း ကြီးလာတော့ ကိုနီ၊ ခုအသက်အရွယ် ရောက်တော့ ဦးနီပေါ့ဗျာ၊ စောစောက ကျုပ်ပြောတဲ့ ဦးယုန်းကု ဆိုတဲ့ နာမည်က ကျုပ်ဆရာက ကျုပ်ကို ပေးတဲ့နာမည်၊ ကျုပ်ကို တရုတ်လို ပေးသွားတာ၊ ကျုပ်ဆရာက ကျုပ်ကို သိပ်ပြီးချစ်တာ၊ အဲဒါကြောင့် ကျုပ် သူ့ဆီမှာ ပညာရင်နို့ သောက်စို့နေတဲ့ အတွင်းမှာ ကျုပ်ကိုမောင်နီလို့ မခေါ်ဘူး၊ ယုန်းကုလို့ ပြောင်းခေါ်တယ်၊ ကျုပ်က တရုတ်လို နားမလည်ပါဘူး၊ သူ့ကို ဘာအဓိပ္ပာယ်လို့ မေးကြည့်တော့ သူက အဲ……ယုန်းဆိုတာ နိစ္စ၊ အမြဲလို့ ပြောတယ်၊ ကုဆိုတာက ဓူဝ၊ မပြတ်လို့ ပြောတယ်၊ ယုန်းကုဆိုတာ နိစ္စဓူဝလို့ အဓိပ္ပာယ်ရတယ်၊ မြန်မာလိုပြန်ရင် အမြဲမပြတ်လို့ အဓိပ္ပာယ် ရတယ်တဲ့၊ အင်္ဂလိပ်လိုတော့……(Always) ပေါ့၊ တစ်ခါတလေကျုပ်ရဲ့ဆရာက ကျုပ်ကိုယုန်းကုလို့ မခေါ်ဘဲ မစ္စတာ အောလ်ဝေ့စ်လို့လဲ ခေါ်တယ်၊

ကျုပ်ကလဲသူပေးတဲ့ နာမည်ကို သိပ်ပြီး သဘောကျသွားတယ်၊ ဒါပေမယ့် ကျုပ်ရဲ့ကုလား မျက်နှာကြီးနဲ့ ယုန်းကုဆိုတဲ့ နာမည်ဟာ အတော့်ကို ဆန့်ကျင်ဘက် ဖြစ်နေတာကိုး၊ ဒါကြောင့် ဦးယုန်းကုဆိုတဲ့ နာမည်ဟာ မှတ်ပုံတင်မှာပဲ ရှိပါတယ်ဗျာ၊လူတွေကတော့ ဦးနီလို့ပဲ ခေါ်ကြပါတယ်၊ ပညာအရည်ချင်းကို ခပ်ကြွားကြွား ပြောရမယ်ဆိုရင်တော့ ရှေးခေတ် (၇) တန်းပေါ့၊ မိဘနှစ်ပါးကတော့ ပြီးခဲ့တဲ့ ငါးနှစ်လောက်ကပဲ ရှေးဆင့်နောက်ဆင့် ကံနည်းရှာကြပါတယ်၊ ကျုပ်ရဲ့ ဇာတိက တညင်(သန်လျင်) ကပါ၊ နောက်ပြီးတော့ မောင်အောင်ထွန်းကို ပြောရဦးမယ်၊ ကျုပ်ဟာမောင်ရင်ထင်သလို ကုလားနဲ့ ဘိုနဲ့ စပ်ထားတဲ့ အင်္ဂလို အင်ဒီးယန်းတော့ မဟုတ်ဘူး၊ တကယ်တော့ ကျုပ်ဟာပေါ်တူဂီ မျိုးဆက်ဗျ၊ သန်လျင်မှာ အရင်တုန်းက ပေါ်တူဂီတွေ အခြေချ နေထိုင်ခဲ့တာကို တော့ မောင်အောင်ထွန်း အနေနဲ့ လက်ခံလိမ့်မယ် ထင်ပါတယ်။
ဟု ထိုသူက ပြောလေ၏ ။

“လက်ခံပါတယ် ဦးယုန်းကု၊ အဲ….အဲ….. ဦးနီရယ်၊ ဘာကြောင့် လက်ခံသလဲဆိုတော့ ဒီဗရစ်တိုလို့ ခေါ်တဲ့ ငဇင်ကာ အကြောင်း ဖတ်ဖူးတာပဲဗျာ၊ ဒီဗရစ်တိုဟာ ပေါ်တူဂီလူမျိုးပဲ မဟုတ်လား”ဟု ကျွန်ုပ်က ပြောလိုက် ဦးနီက…“အခု မောင်အောင်ထွန်းပြောတဲ့ ဒီဗရစ်တိုဟာ ကျုပ်ရဲ့“ဘောင်” တော်တယ်ဗျ”ဟု ပြောလေ၏ ။ “ဘောင်ဆိုတာကလဲ တစ်ခါမှ မကြားဖူးပါဘူး ဦးနီရယ်”ဟု ကျွန်ုပ်က ပြောလိုက်ပြန်၏ ။ ဦးနီက….“ကိုယ့်အထက်က အဖေ၊ အဖေအထက်က အဘိုး၊ အဘိုးအထက်က အဘေး၊ အဘေးအထက်က အဘီ၊ အဘီ အထက်ကအဘင်၊ အဘင်အထက်က အဘောင်ဗျ၊ ဘိုးဘေးဘီဘင်ဘောင်ဘွတ်လေဗျာ၊ အဲဒီတော့ ဘောင်ဆိုတာ ကိုယ့်အထက်က ခြောက်ဆက်မှာရှိတယ်၊ ဘောင်အထက်မှာ ဘွတ်ပဲ ရှိတော့တယ်၊ အဲဒါက ခုနှစ်ဆက်မြောက်ပေါ့၊ အဲဒါကို ဆွေခုနှစ်ဆက်ခေါ်တယ်၊ ကျုပ်တို့ မြန်မာစကားမှာ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်လို့ ပြောတယ် မဟုတ်လား၊အဲဒီတော့ ခင်ဗျားပြောတဲ့ ပေါ်တူဂီ ပင်လယ် ဓားပြကြီး ဒီဗရစ်တိုဟာ ကျုပ်ရဲ့ ဘောင်တော်တယ်ဆိုတာ ရှင်းပြီလား….”ဟု ပြောလိုက်သဖြင့် ကျွန်ုပ်သည် ဦးနီ၏ နှံ့စပ်သေချာပုံကို သဘောကျမိသောကြောင့်ရယ်မိလေတော့၏ ။

“နေစမ်းပါဦး ဦးနီရယ်၊ အခု ဦးနီ ဘာလုပ်သလဲ”ဟု ကျွန်ုပ်က မေးလိုက်ရာ ဦးနီက….

“ပင်စင်လေ……အရင်က မီးရထားမှာ ဂါတ်ဗိုလ်လုပ်တယ်၊ အခုတော့ သမီးနဲ့အတူနေတယ်၊ သမီးက အိမ်ထောင်သည်ပါ၊ သူ့ယောက်ျားကလဲ မီးရထား ဂါတ်ဗိုလ်ပါ၊ ဒါနဲ့ပြောရဦးမယ်၊ ကျုပ်သမက်နဲ့ ကျုပ်က နာမည်တူတယ်၊ သူနာမည်လဲ အန်ထော်နီပဲ၊ သူက ခရစ်ယာန်ဘာသာဝင် ဖြစ်တယ်၊ ကျုပ်ကတော့ ငယ်စဉ်ကတည်းက ဗုဒ္ဓဘာသာ မြန်မာ ဘုန်းကြီးကျောင်းမှာ ကြီးခဲ့ရတာ၊ ခုနှစ်တန်းအောင်တာလဲ ဘုန်းကြီးကျောင်းက ကျုပ်တို့ဆရာ ဦးဇ၀န သင်ပေးလို့အောင်တာ၊ အဲဒီတော့ ကျုပ်ဟာ ဗုဒ္ဓဘာသာ ၀င်တစ်ယောက် ဖြစ်လာတာပေါ့၊ ပုတီးစိပ်တာတို့ ဘာတို့ကိုတော့ ကုန်စုံရောင်းတဲ့ ကျုပ်ဆရာ တရုတ်ကြီး ဦးစယ်ဟောင့်က သင်ပေးသွားတာ၊ စယ်ဟောင်ဆိုဆာ အင်္ဂလိပ်လို (Time) ဆိုတဲ့ စကားလုံးနဲ့ အတူတူပဲ၊ မြန်မာဘာသာနဲ့ အနက်ပေးရရင်တော့ အချိန်ကာလလို့ အဓိပ္ပာယ်ရတာပေါ့၊ ကျုပ်ဆရာ ဦးစယ်ဟောင့်က မရှိရှာတော့ပါဘူး”ဟု အသေးစိတ် ရှင်းပြလေ၏ ။

ကျွန်ုပ်သည် ဆေးလိပ်တို့ကို လွှင့်ပစ်လိုက်ပြီးလျှင် အိတ်တွင်းမှ ဆေးလိပ် အသစ်တစ်လိပ်ထုတ်၍ မီးညှိပြန်လေ၏ ။ ထို့နောက်…..
“ကောင်းပါပြီ ဦးနီရယ်၊ ကျုပ်ကို ပုတီးစိပ်နည်း ပြောပြပါတော့”ဟု ကျွန်ုပ်က ပြောလိုက် ဦးနီက……
“ဒီလိုရှိတယ် မောင်အောင်ထွန်း၊ တပည့်ခံတယ်ဆိုရင် လောကစည်းကမ်းအရ ဆရာကိုရှိခိုးရမယ်၊ အရိုအသေ ပေးရမယ်”ဟု ပြောလေ၏ ။ ထို့ကြောင့် ကျွန်ုပ်သည် ဖင်ကို ရွှေ့၍ နောက်သို့ အနည်းငယ်ဆုတ်လေ၏ ။ ပြီးလျှင် ဦးနီအား ဦးသုံးကြိမ်ချ၍ ကန်တော့လိုက်လေတော့၏ ။ ထိုအခါ ဦးနီက …..
“ကောင်းလေစွ……….
ကောင်းလေစွ…………
ကောင်းလေစွ………..
ဟု ရွတ်ဆိုလေ၏ ။ ထိုသို့ ရွတ်ဆိုပြီးနောက်…..
“ ဒီလို မောင်အောင်ထွန်းရဲ့၊ အခု ကျုပ်ပြောတဲ့နည်းအတိုင်း ပုတီးစိပ်မယ်ဆိုရင် ရက်ပိုင်းလပိုင်းအတွင်း ပုတီးအကျိုးကို ခံစားရမယ်၊ ပုတီးတန်ခိုးကိုပဲ ကောင်းကောင်းကြီးလက်တွေ့သိရမယ်၊ ဒါကြောင့် အခုကျုပ်ပြောမယ့် စကားတွေကို ပေါ့ပေါ့တန်တန်မယူဆစေချင်ဘူး၊ စပြီး နားထောင်ကတည်းက ဆုံးသည်အထိ လေးလေးနက်နက် ရှိစေချင်တယ်။မောင်ရင့်အနေနဲ့ တစ်နှစ်လုံး ပုတီးစိပ်တာ ဘာမှမထူးခဲ့ဘူး မဟုတ်လား၊ ကျုပ်နည်းနဲ့ ပုတီးစိပ်မယ်ဆိုရင် တစ်ပတ် ဆယ်ရက်အတွင်း ထူးကိုထူးရမယ်”ဟု ကျွန်ုပ်က ပြောလိုက်လေ၏

ထိုအခါ ဦးနီသည် ခေါင်းကို တဆတ်ဆတ်ညိတ်ရင်း……..
“ ကောင်းလေစွ……
ကောင်းလေစွ…….
ကောင်းလေစွ……..
ဟု ရွတ်ဆိုပြန်လေ၏ ။ ထိုသို့ ရွတ်ဆိုပြီးနောက် အောက်ပါအတိုင်း ပြောလေတော့၏ ။

“ ဒီလိုရှိတယ် မောင်အောင်ထွန်းရဲ့….၊ ပုတီးစိပ်တဲ့ အလုပ်ဟာ စိတ်ရဲ့အလုပ်လို့ မင်းအနေနဲ့ လက်ခံထားရင်၊ ဒါမှ မဟုတ် စိတ်တည်ကြည်အောင် လုပ်တဲ့ အလုပ်လို့ လက်ခံထားတယ်ဆိုရင်စိတ်တည်ကြည်ဖို့အတွက် ပထမဦးဆုံး အရေးတကြီး လိုအပ်တဲ့ အချက်ကတော့ မင်းရ့ ခန္ဓာကိုယ်မှာရှိတဲ့ အကြောအခြင်တွေကို တောင့်တင်းမနေအောင် ဖြေလျှော့ပစ်ဖို့ လိုအပ်တယ်ကွ”ဦးနီသည် သူ၏စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူပြောသည့်စကားအား ကျွန်ုပ်အနေနှင့်နားလည်ခြင်းရှိမရှိ သို့မဟုတ် လက်ခဲခြင်းရှိမရှိကို အကဲခတ်သောသဘောဖြင့် ကျွန်ုပ်၏မျက်နှာအား လှမ်း၍ကြည့်လိုက်လေ၏ ။ ထိုအခါ ကျွန်ုပ်က…..
“ အခု ဦးနီပြောတာက ရီလက်ဇေးရှင်း (Relaxation) ဖြေလျှော့ခြင်းကို ပြောတာမဟုတ်ဘူး”၊
ဟု ကျွန်ုပ်က ထောက်လိုက်ရာ ဦးနီက….
“ ကျုပ်ပြောချင်တာက ရီလက်ဇေးရှင်း ရိုးရိုးကို ပြောတာမဟုတ်ဘူး။ (Deep Relax-tion ) ဒိ(ပ်) ရီးလက်ဇေးရှင်း နက်နက်နဲနဲ ဖြေလျော့ခြင်းကို ပြောချင်တာ၊ ဘယ်လို ဖြေလျော့ရမလဲဆိုတော့ လူသူ အနှောင့်အယှက် ကင်းတဲ့ အချိန်မှာ ကိုယ့်အခန်းထဲဝင်ပြီး ဖြေလျော့ရမယ်၊ကြမ်းပြင်ပေါ်မှာ ဖျာတစ်ချပ်ခင်း၊ အဲဒီဖျာပေါ်မှာ မထူမပါး စောင်တစ်ထည် ခင်းရမယ်၊ ခေါင်းအုံးမပါရဘူး၊ အဲဒီအပေါ်မှာ စန့်စန့်ရန်ရန် ပက်လက်လှန်အိပ်ပြီး ဖြေလျော့ရမှာပဲ၊ အဲဒီအခါမှာဝတ်ထားတဲ့ အင်္ကျီတွေ အ၀တ်အစားတွေကလဲ ချောင်ချောင်ချိချိ ရှိနေဖို့လိုတယ်၊

စောစောကပြောသလို ပက်လက် စန့်စန့်ရန့်ရန့် လှန်ပြီး ကြွက်သားတွေကို တစ်ခုပြီးတစ်ခု လျော့သွားရမယ်၊စပြီး လုပ်ခါစမှာ လုပ်လို့ အချိုးကျမှာလဲ မဟုတ်ဘူး၊ အဆင်ပြောမှာလဲမဟုတ်ဘူး၊ စပြီး ပက်လက်လှန်ချလိုက်ကတည်းက နေရာရွှေ့ချင်သလိုလို၊ ဟိုဟာ လုပ်ချင်သလိုလို၊ ဒီဟာလုပ်ချင်သ လိုလို၊ဒီဟာလုပ်ချင်သလိုလို ဖြစ်လာလိမ့်မယ်၊ မရွှ့နဲ့၊ အဲဒီလို စန့်စန့်ရန့်ရန့်လေး နေပြီးတော့ ရပ်အုပ်ကြီးမောက်ကြွလာတဲ့အထိ အသက်ကို ဖြည်းဖြည်းချင်း ရှုသွင်းရမယ်၊ ပြီးတော့ ဖြည်းဖြည်း ချင်းပြန်ထုတ်ရမယ်၊ အဲဒါကို (၈) ကြိမ် လုပ်ရမယ်၊ (၈) ကြိမ်ပြည့်ပြီးတဲ့အခါမှာတော့ ကိုယ့်ဟာကိုယ်ပုံမှန်အတိုင်း ဆက်ပြီး ရှုပွားရုံပါပဲ၊ အခုကျုပ်ပြောတဲ့ ဥစ္စာက နက်နက်နဲနဲ ဖြေလျော့ခြင်း ပထမအဆင့်လို့ နားလည်ပါ”
ဟု ပြောလေ၏ ။ ထို့ကြောင့် ကျွန်ုပ်ကလည်း……..

“ ကောင်းပါပြီ ဦးနီ”
ဟု ပြောလိုက်လေ၏ ။ ထိုအခါ ဦးနီက…..

“ အဲဒီလို စန့်စန့်ရန့်ရန့် အနေအထားကနေပြီး ခန္ဓာကိုယ်က ကြွက်သားတွေကို တစ်ခုချင်းညှစ်ထုတ်ကြည့်ရမယ်၊ အဲဒီလို ညှစ်ထုတ်တဲ့အခါမှာ ခေါင်းကနေ ခြေဖျား အထိ တစ်ခုမကျန်ညှစ်ထုတ်ကြည့်ရမယ်၊ အဲဒီလို ညှစ်ထုတ်ကြည့်ရင်း ကိုယ့်ရဲ့ခန္ဓာ ကိုယ်မှာရှိတဲ့ ကြောတွေတင်းလာတာ၊ လျော့လာတာကို လိုက်ပြီး သိနေရမယ်၊ ကြွက်သားကို မတင်းဘဲ ကျန်နေတဲ့နေရာရှိသေးရင် ရနိုင်သမျှ တင်းကြည့်ရမယ်၊ အဲဒီလို တင်းပြီးရင် လျော့သွားတာကိုလဲ လိုက်ပြီးသိနေရမယ်၊ အခု ကျုပ်ပြောတာဟာ ဒိ(ပ်) ရီလက်ဇေးရှင်းလို့ ခေါ်တဲ့နက်နက်နဲနဲ ဖြေလျော့ခြင်းရဲ့ဒုတိယအဆင့်ပဲလို့ နားလည်ရမယ်”ဟု ပြောလေ၏ ။ ကျွန်ုပ်ကလည်း ……

“ မှတ်မိပါပြီ ဦးနီ”ဟု ပြောလိုက်လေ၏ ။ ထိုအခါ ဦးနီက…..

“ အခုတစ်ခါ လုပ်ရမှာက ဒုတိယအဆင့်မှာ လုပ်ခဲ့တဲ့အတိုင်း ညှစ်ထုတ်ရမှာပဲ၊ ဒါပေမယ့်ဒီတစ်ခါ လုပ်ရမှာက ဒုတိယအဆင့်မှာ လုပ်သလို မြန်မြန်ဆန်ဆန် လုပ်ဖို့ မလိုဘူး၊ ဖြည်းဖြည်းချင်းညှစ်ထုတ်ရမယ်၊ ကြောင်တွေ အညောင်းဆန့်တာ တွေ့ဖူး တယ်မဟုတ်လား၊ အဲဒီလိုမျိုးဖြည်းဖြည်းချင်း ဆန့်ထုတ်ရမယ်၊ အဲဒီလို တန်ထုတ်နေရင်း နဲ့ ကြွက်သားတွေ တင်းသွားပုံ၊လျော့သွားပုံကို စိတ်ထဲကလိုက်ပြီး သိနေရမယ်၊ ဒါက နေ့စဉ်လုပ်ရမယ့် လေ့ကျင့်ခန်းပဲ၊

အကြောလျော့တဲ့အခါ ခေါင်းကစလျော့ရမယ်၊ ခေါင်း ပြီးတော့ မျက်နှာ၊ မျက်နှာပြီးတော့ မေးရိုး၊မျက်လုံး၊ နှုတ်ခမ်း၊ လျှာ၊ လည်ပင်း၊ အဲဒီကနေပြီး ချြေေားရောက်တဲ့အထိ အောက်ကိုတဖြည်းဖြည်းလျော့တဲ့ အခါမှာ ခန္ဓာကိုယ်တစ်ခုလုံး လျော့သွားဖို့ အတွက်နာရီဝက်လောက်ကြာမယ်၊ မြန်မြန်လျော့တဲ့ အခါ ဆယ့်ငါးမိနစ်လောက်ကြာမယ်၊ စပြီးလုပ်ခါစမှာ အလေ့အကျင့် မရသေးတဲ့ အတွက် အခန်းထဲမှာ လုပ်ဖို့ လိုအပ်ပါတယ်၊ နောက်တော့ ကျွမ်းကျင်လာတဲ့ အခါမှာ ဘယ်လိုနေရာမှာပဲ ဖြစ်ဖြစ်၊ ဘယ်လို အနေအထားမှာပဲဖြစ်ဖြစ် လျော့ချလို့ ရသွားပါတယ်၊ အကြောလျော့ပြီးတဲ့ အခါမှာ ချက်ခြင်း မထရသေးဘူး၊ ငါးမိနစ်လောက် ပက်လက်အနေ အထားနဲ့ နေရသေးတယ်၊ အဲဒီလိုနေရင်းက ငါ့ တစ်ကိုယ်လုံးမှာ ရှိတဲ့ ကြွက်သားတွေ လျော့ကျသွားတာနဲ့ အတူ ငါ့မှာ ဘယ်လို ပြဿနာမျိုးမှ မရှိတော့ဘူး၊ အားလုံးလွှတ်ချ လိုက်ပြီလို့ စိတ်နဲ့ အာရုံပြုပြီး ကိုယ့်မှာ ရှိနေတဲ့ ပြဿနာတွေ အားလုံးကို ဖြေလျှော့လွှတ် ချပစ်လိုက်ရတယ်၊ အခုကျုပ်ပြောတာဟာ ဒိ(ပ်)ရီလက်ဇေးရှင်း လို့ခေါ်တဲ့ ဖြေလျှော့နည်း တတိယအဆင့်ပဲ၊

ပုတီးကို အကျိုးရှိအောင် စိပ်မယ်ဆိုရင် တော့ အဲဒီလေ့ကျင့်ခန်းပဲပြောပြော၊ ကျင့်စဉ်ပဲပြေြာေฤ မူလက ရည်ရွယ်ထားသည့်အတိုင်းဂုဏ်တော်ပုတီး ကိုးပတ် စိပ်လေ၏ ။ ထိုသို့ စိပ်ပြီးနောက် ဦးနီထံသို့ ပြန်လာကာ….
“ ဦးနီပြောတဲ့ လေးလေးနက်နက် ဖြေလျှော့ခြင်း၊ ဒီ(ပ်) ရီလက်ဇေးရှင်းဆိုတာကို ကျွန်တော်ပြန်ပြီး ပြောပြနိုင်ပါတယ်၊ မှားရင်လဲ ပြင်ပေးပါ”ပြောလေ၏ ။ ဥိးနီသည် ကျွန်ုပ်ပြောပြသည်ကိ နားထောင်ပြီးနောက်…

“ မှန်တယ် မောင်အောင်ထွန်း၊ တစ်ခုတော့ ရှိတယ်၊ အခု မောင်ရင် ပြောတာက သဘောတရားကို ပြောတာ၊ လက်တွေ့လုပ်ကြည့်ရဦးမယ်၊ လက်တွေ့ဖြေလျှော့တဲ့ အခါ မှာတကယ့် ကို ဒိ(ပ်) ရီလက်ဇေးရှင်း ဖြစ်မဖြစ်ကို စမ်းသပ်တဲ့ နည်းရှိတယ်၊ အဲဒါကတော့ ဖြေလျော့ပြီးတဲ့ အခါမှာ ကိုယ့်မျက်စိနဲ့ တစ်တန်းတည်းလောက်မှာ ရှိတဲ့ အရာဝတ္တု ကို မျက်စိနဲ့စိုက်ကြည့်ရမယ်၊ အဲဒီလို စိုက်ကြည့်နေစဉ် တစ်၊ နှစ်၊ သုံး၊ လေး ပါးစပ်က ဆိုရမယ်၊နှစ်ဆယ့်ငါးအထိ ဆိုပြီးရင် မျက်စိကို မှိတ်လိုက်ရမယ်၊ အဲဒီလို မျက်စိကို မှိတ်လိုက်တဲ့ အခါမှာ စောစောက ကြည့်ထားတဲ့ အရာဝတ္တုဟာ စိတ်အာရုံထဲမှာ စွဲထင် နေတယ်ဆိုရင် ကိုယ်လုပ်တဲ့ဒိ (ပ်)ရီ လက်ဇေးရှင်းဆိုတာ လုပ်နည်း မှန်သွားပြီး၊ စိတ်အာ ရုံထဲမှာ ထင်မလာပဲ ပျောက်သွားပြီဆိုရင် ဖြေလျော့ခြင်း၊ လုပ်တာဟာ နည်းမကျသေး ဘူး၊ မမှန်သေးဘူး၊ ပြန်ပြီး လုပ်ကြည့်ဦး”ဟု ပြောလေ၏ ။ ထိုအခါ ကျွန်ုပ်က……

“ အဲဒါကတော့ ဦးနီ ကိုယ်တိုင် လက်တွေ့ လုပ်ပြတာကို ကျွန်တော်က ဘေးကထိုင် ပြီး လေ့ကျင့် ယူရမယ် ထင်တယ်”ဟု ပြောလိုက်ရာ ဦးနီက……

“ အဲဒါအမှန်ပဲ မောင်အောင်ထွန်းရေ…..၊ ဘုရားက ပြန်တဲ့အခါ ကျုပ်အိမ်ကို လိုက်ခဲ့ပေတော့”ဟု ပြောလေ၏ ။ ကျွန်ုပ်လည်း လိုက်ခဲ့မည် ဖြစ်ကြောင်း ပြောလိုက်လေ၏ ။ထို့နောက်တွင်ကား ကျွန်ုပ်သည် ဦးနီနှင့် လိုက်ပါသွားလေ၏ ။ ဦးနီ၏ အိမ်သည် မလွှကုန်း စက်ခေါင်း စက်ရုံအနီးရှိ မီးရထား ကွာတားတွင် ဖြစ်၏ ။ သူ၏အိမ် ဆိုသော် လည်း အမှန်စင်စင် အားဖြင့် သူ၏ သမီး အိမ်သာလျှင်ဖြစ်၏ ။ သူ၏ သမီးသည် သူ့အတွက် ခေါင်းရင်းဖက်၌ အဖီကလေးတစ်ခု သီးသန့်ခွဲ၍ ထုတ်ထား၏ ။ ထိုအဖီကလေးတွင် ဦးနီနေ၏ ။

အဖီကလေးဆိုသော်လည်း အတော်အတန် ကျယ်၏ ။ ထိုအဖီအတွင်းသို့ ၀င်လိုက်သည်နှင့် တစ်ပြိုက်နက် မွှေးကြိုင်သော ရနံ့ကို ရှုရှိုက်မိ၏ ။ ဦးနီ၏ အခန်းသည် အစဉ်သဖြင့် အမွှေးတိုင် ထွန်းလေ့ရှိကြောင်း သိသာ၏ ။ မြောက် မြားစွာသော အင်္ဂလိပ် စာအုပ်တို့ကို တွေ့ရ၏ ။ဘုရားစင်ဟူ၍ သီးခြားမရှိပဲ စားပွဲ အလွတ် တစ်လုံးကို ဘုရားစင်အဖြစ် ပြုလုပ်ထားသည်ကိုတွေ့ရ ၏ ။ ထိုစားပွဲပေါ်တွင် ဂျပန်ပြည်မှ ကမာကူရာ ဆင်းတုတော်လေး တစ်ဆူကို ဖူးမြော်ရ၏ ။ပန်းအိုးကလေး မှာလည်း တစ်အိုးသာ ရှိ၏ ။ ထိုပန်းအိုးထဲတွင် ဇော်စိမ်းရွက်များ ထိုးထားသည်ကို တွေ့ရ၏ ။

ကြေးဖြင့် ပြုလုပ်ထားသော ဖယောင်းတိုင် အစွပ်တစ်ခုနှင့် အမွှေးတိုင်ခွက်ကလေးတစ်ခုကို တွေ့ရ၏ ။ ထိုဘုရားစင်ရှေ့တွင် ဦးနီ ထိုင်၍ ၀တ်ပြုသော မြက်ဖျာကလေး တစ်ချပ် ကိုလည်း တွေ့ရ၏ ။ သူသည် ဒိ(ပ်) ရီလက် ဇေးရှင်းခေါ် နက်နက်နဲနဲ ဖြေလျော့ခြင်းကို ကိုယ်တိုင်ကိုယ်ကျ ကျွန်ုပ်ကို လုပ်ပြသည့် အပြင် ကျွန်ုပ် ကိုလည်း လုပ်စေခဲ့၏ ။ ထို့ကြောင့်ကျွန်ုပ်သည် ဖြေလျော့ခြင်းကို ကောင်းစွာ သင်ယူတတ်မြောက် ခဲ့လေတော့ သတည်း။

ပုတီးစိပ်ခြင်းကို ၀ါသနာ ပါသူများ အတွက် တစ်ဆင့်ပြန်လည်ကူးယူဖော်ပြပါသည်....

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်..

အဘ မင်းသိင်္ခ၏ စာမူအား အပင်ပန်းခံကာ စာရိုက်ပေးသော မိတ်ဆွေ ကိုအောင်အား ကျေးဇူး အထူး တင်ပါကြောင်း မှတ်တမ်း တင်အပ်ပါသည်။

Saturday, October 9, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels