ဗေဒင်ဆရာထက် တတ်တဲ့ လူတွေ ဗေဒင်လာမေးမှာ အရမ်းကြောက်ပါတယ်။
အဲဒီလို ပြောလိုက်လို့ အံ့သြသွားတယ် ဟုတ်။ မဟုတ်တာ မပြောပါနဲ့ ဗေဒင်ဆရာရယ် မတတ်လို့ပဲ ဗေဒင်ဆရာဆီကို ရောက်လာခဲ့တာပဲ မဟုတ်ဘူးလားလို့ အဲဒီလို ပြန်မေးကြလိမ့်မယ်ဗျ..။ မဟုတ်ဘူးဗျ။ လူတိုင်းကို အဲလို ပုံသေတွက်လို့မရဘူး။ ကျွန်တော် ဗေဒင်ဆရာ ဘ၀နဲ့ ဗေဒင်ဟောသက်လေး တော်တော် ကြာလာတော့ သတိထားမိတယ်။
တစ်ချို့က ဗေဒင်မေးတာ ရိုးရိုးပဲ မေးတာ။ ဗေဒင် မေးချင်တယ်။ ကံဇာတာ စစ်ပေးပါ။ ကံကောင်း မကောင်း တွက်ကြည့်ပေးပါ။ ဒါ ရိုးရိုး ဗေဒင်မေးတာ ။ သူတို့ သိချင်တာကို ဒဲ့ မေးတာ။ ကျွန်တော်တို့ ဗေဒင်ဆရာတွေ အတွက် အဲဒါက သိပ်မခက်ဘူး။ ကိုယ် ကြိုက်တဲ့ ပညာရပ် တစ်ခုခုနဲ့ တွက်ကြည့်ပေးလိုက်။ ကောင်းရင် ကောင်းတယ်။ မကောင်းဘူး ဆိုရင် မကောင်းဘူး ပြောပြလိုက်။ သူတို့ မေးချင်တဲ့ မေးခွန်းလေးတွေကို စိတ် ရှည်ရှည်နဲ့ ဖြေပေးလိုက် ၊ ယတြာလိုရင် ယတြာ ဆောင်ရွက်ပေး ။ ဒါဆိုရင် အိုကေသွားပြီ။
နောက်တစ်မျိုးကြတော့ အစလာကတည်းက သူတို့ မေးတဲ့ မေးခွန်းတွေက တစ်မျိုး။ ကျွန်မ စနေသက် ရောက် ရောက်နေလို့ ။ တော်တော် ဒုက္ခ ရောက်နေတယ်တဲ့ ။ အဲဒါ ဗေဒင်လေး ဘာလေး တွက်ကြည့် ပေးပါ ဦးတဲ့။ နောက် ကျွန်မက စနေဂြိုဟ်က နောက် ၁၀-နှစ်ကြာမှ လွတ်မှာ ဒုက္ခပဲ ဆရာရယ်။ အဲဒါ အဆောင်လေး ဘာလေး ပေးပါဦးတဲ့။ ကျွန်တော် စိတ်ထဲ ဘုရားတမိတယ်။ ဘုရားရေ ဒီလောက်ဆိုးတဲ့ စနေဂြိုဟ်မှာ ၁၀-နှစ်တောင် နေရမှာဆိုတော့ မလွယ်ပါလားပေါ့။
တစ်ချို့ကလည်း နာမည် ပက္ခတ်မိနေလို့တဲ့။ နိစ်မိနေလို့တဲ့။ ရှားမီးကိန်း ဘာညာ အို အစုံပါပဲ။ ကိုယ်ကလည်း ဘာဟောရမှန်းတောင် မသိတော့ဘူး။ အခု ကျွန်တော် ပြောချင်တာက အိမ်ထောင်ရေးနဲ့ ပတ်သက်တဲ့ အကြောင်းတွေ။
ဆရာတဲ့။ ကျွန်မ ယောက်ကျားက သောကြာ ၊ ကျွန်မက တနင်္လာ ဆိုတော့ ဒီယောက်ျားလည်း မြဲမယ် မထင်ပါဘူးတဲ့။ ကျွန်တော်က ဘာဖြစ်လို့လည်း ဆိုတော့ အော်... ဆရာကလည်း ဓမ္မာ သောက အင်းဝ ရာဇာ လေဆရာရဲ့။ သောကြာနဲ့ တနင်္လာက ရန်ဘက်ကျတယ် ဘယ်ကောင်းပါ့မလဲ။ ဒုက္ခ... ကိုယ်လည်း ဘာပြောရမှန်းတောင် မသိတော့ဘူး။ သူတို့ရဲ့ အဲဒီ အစွဲတွေ ဖြုတ်နေရတာနဲပဲ တော်တော် အချိန်ယူရတယ်။
အများကြီးပဲ။ အခု ကျွန်တော် ပြောပြချင်တာက အိမ်ထောင်ရေးမှာ ဇာတာမကိုက်တာတို့ ၊ နက္ခတ် မကိုက် တာတို့။ နေ့နံ မသင့်တာတို့ ။ ဘာပဲ ဖြစ်နေဖြစ်နေ အိမ်ထောင်ရေး ဆိုကြိုးကင်းအောင် အိမ်ထောင်ရေး သာယာအောင် ဆောင်ရွက်ရမယ့် အစီအရင်ကို ပြောချင်တာပါ။
တစ်ချို့ ဗေဒင်ဆရာတွေကလည်း အိမ်ထောင်ဖက် နေ့နံ မသင့်ဘူး ဆိုးကြိုး ဖြစ်မယ်ဆိုပြီး ဟောထည့်လိုက် တယ်။ ဒီမှာက အိမ်ထောင်ကျတာ ၁၀-နှစ်လောက်ရှိပြီ။ ကလေးတောင် ၃-ယောက်လောက် ရနေပြီ။ ဗေဒင် ဆရာ ဟောတာနဲ့ အဲဒီ ယောက်ျားကို ပစ်ထားခဲ့ရမှာလား။ ကွဲပစ်လိုက်ရမလား။ ဘယ်ရမလဲ။ ထားပါတော့ လေ။
အိမ်ထောင်ရေးမှာ ဘာအကြောင်းကြောင့်ပဲ ဖြစ်ဖြစ် အိမ်ထောင်ရေး သာယာချင်တယ်။ ချမ်းမြေ့ချင်တယ် ၊ စည်ပင်ချင်တယ်။ သားသမီးတွေလည်း လိမ္မာပြီး အောင်မြင် တိုးတက်တဲ့ မိသားစု ဘ၀ တစ်ခုကို ကောင်းမွန်စွာ ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခု ကျွန်တော်ပြောပြတဲ့ အစီအရင်ဟာ အကောင်းဆုံး အမွန်မြတ်ဆုံး ၊ အသင့်တော်ဆုံး၊ အပြစ်အကင်းဆုံး ဖြစ်ပါကြောင်း....
အေးချမ်းသောအိမ်
ဇနီးမယား၏ နေ့နံ အသားဖြင့် ဘုရားပလ္လင် ထုပါ။ အမျိုးသား နေ့နံ အသားဖြင့် ဘုရားထုလုပ်ပါ။ ထိုပလ္လင်နှင့် ဘုရားကို တွဲ၍ အနေကဇာတင်ပြီး မိမိနေအိမ်တွင် ကိုးကွယ်ပါလေ....
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter