Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ဘ၀အခြေခိုင်မြဲစေဖို့ အစီအရင်

နှစ်သစ်ကူးလ၏ နေ့လေးတစ်နေ့တွင် ကျွန်ုပ်သည် ငယ်စဉ်ကာလမှစ၍ ယနေ့ထိတိုင်အောင် ပြန်လည်၍ နောက်ကြောင်းပြန် စဉ်းစားနေမိလေ၏။ ဖြတ်သန်းခဲ့သော ဘ၀ဆိုသည်မှာ ကျွန်ုပ်၏အသက် ဆယ်နှစ်သား လောက်မှစ၍ ယနေ့ အသက်အားဖြင့် သုံးဆယ်နှစ်ဆိုသော အရွယ်တိုင်အောင် ဖြစ်လေ၏။ ကျွန်ုပ်၏ ဘ၀သည် အညာဂျင်းသုပ်ပမာ အမျိုးအစား စုံလှ၏။ အရသာ စုံလှလေ၏။

ဆယ်နှစ်ကျော် အရွယ်မှစ၍ ယနေ့အထိ ဖြတ်သန်းခဲ့ရသော ကာလတစ်လျှေက်လုံးကို ပြန်လည်တွေးတော စဉ်းစားကြည့်လေရာ ကျွန်ုပ်၏ ဘ၀တွင် ပျော်ရွှင်စရာကာလများလည်း ရှိခဲ့၏။ ထို့အတူ ၀မ်းနည်း ကြေကွဲစရာ ကာလ များလည်း ရှိခဲ့၏။ သနားဂရုဏာ သက်ဖွယ် ကာလများလည်း ရှိခဲ့၏။ ထို့အတူ ရက်စက်ကြမ်းကြုတ် ခဲ့ရသော နေ့ရက်များလည်း ရှိခဲ့လေ၏။ တရားဓမ္မနှင့်အတူ အေးချမ်းစွာ ဖြတ်သန်းခဲ့ရသော နေ့ရက်များလည်း ရှိခဲ့လေ၏။ ထို့အတူ မတရားမှု့မျာျးနှင့် ပူလောင်ပြင်းပြစွာ ဖြတ်သန်းခဲ့ ရသော နေ့ရက်များလည်း ရှိခဲ့လေ၏။ကျေးဇူးတရားကို အသက်နှင့်ရင်း၍ ဆပ်ခဲ့ရသောနေ့ရက်များ ရှိသကဲ့သို့ ကျေးဇူးကန်းခဲ့ရသော နေ့ရက်များလည်း ရှိခဲ့ပေသည်။

လောဘကို တဒင်္ဂပဟန် စွန့်ပယ်၍ ရောင့်ရဲတင်းတိမ်သော စိတ်ဖြင့် ဖြတ်သန်းခဲ့ရသော နေ့ရက်များလည်း ရှိခဲ့၏။ ထို့အတူ လောဘနောက်ကို ကောက်ကောက်ပါအောင် လိုက်ရင်းဖြင့် ချောက်ထဲသို့ ကျရောက်ခဲ့ရ သော နေ့ရက်များလည်း ရှိခဲ့၏။ အချစ်ကြောင့် ကြေကွဲခဲ့ရသော နာကျင်ခဲ့ရသော ထိခိုက်ကွဲရှခဲ့ရသော နေ့ရက်များလည်း ရှိခဲ့၍ ထိုအချစ်ကြောင်လည်း ပျော်ရွှင်ခဲ့ရသော တက်ကြွခဲ့ရသော လန်းဆန်းခဲ့ရသော နေ့ရက်များလည်း ရှိခဲ့ပါ၏။
အောက်ဖက်တွင် ရေးသားထားသော အကြောင်းအရာများသည် ကျွန်ုပ်၏ ဘ၀တစ်စိပ် တစ်ပိုင်းအား ရေးသားထားခြင်း  ဖြစ်သောကြောင့်  သင်ဖတ်လိုက ဖတ်နိုင်ပါသည်။ မဖတ်လိုက အောက်ဆုံးတွင် ယတြာရှိပါသည်။ ကျော်ဖတ်လိုက်ပါရန် မေတ္တာရပ်ခံပါကြောင်း...........

ထို့ကြောင့် ကျွန်ုပ်၏ဘ၀သည် အညာဂျင်းသုတ်ကဲ့သို့ အမျိုးအမည် စုံလင်လှသကဲ့သို့ အရသာစုံလင်လှပေ၏ ဟု ပြောပြရခြင်းဖြစ်ပေသည်။ ဤနေရာ၌ အလျင်းသင့်သဖြင့် ကျွန်ုပ် ဘ၀တစိပ်တစ်ပိုင်းကို အနည်းငယ်မျှ ပြောပြရပေဦးမည်။ 
မောင်ပေါက်ကျော် စံပယ်ပန်းရောင်းခြင်း
ဧရာဝတီတိုင်း၏ တောမြို့လေး တစ်မြို့တွင် စံပယ်ပန်းရောင်းချနေသော ကောင်လေးတစ်ယောက်ရှိခဲ့ လေ ၏။ ထိုကောင်လေး၏ အမည်မှာ ပေါက်ကျော် ဟူ၍ ဖြစ်လေသည်။ ပေါက်ကျော်ကလေးသည် ထိုတောမြို့ ကလေးနှင့် ၁၅-မိုင်မျှ ဝေးကွာသော အရပ်မှ ရွာကလေးမှ ဖြစ်လေသည်။ ပေါက်ကျော်ကလေး၏ မိဘများ သည် လွန်စွာ ဆင်းရဲလှသော လယ်သမားများ ဖြစ်ကြလေ၏။ မိုးတွင်း တစ်တွင်းလုံး လယ်လုပ်စဉ်ကာလ၌ စိုက်ထုပ်စရာ အရင်းအနှီး မရှိသောကြောင့် သူများထံမှ စပါးပေး ပိုက်ဆံ ချေးငှားရလေ၏။ နွေစပါးပေါ်သော အချိန်တွင် ရသော စပါးများကို ပြန်လည်၍ ပေးဆပ်ရလေသည်။ 

ထို့ကြောင့် မောင်ပေါက်ကျော်ကလေးသည် (၄)တန်းအောင်ကပင် ကျောင်းထွက်၍ ခြံထဲမှ ထွက်သော စံပယ် ပန်များနှင့် အိမ်းနည်းနားချင်း ခြံများမှ စံယ်ပန်းများကို သိမ်းယူပြီး စက်ဘီးနှင့်တင်ကာ မနက်(၄)နာရီ လောက်ကပင် မြို့ဈေးသို့ သွားရောက်ကာ ဖောက်သည်ပေးသည်ကိုပေး မကုန်သည်များကိုလည်း ကိုယ်တိုင် ရောင်းချရလေ၏။ ထိုအချိန်မှစ၍ မောင်ပေါက်ကျော်ကလေးအား ထိုမျို့မှ လူအများသည် စံပယ်ပန်သည် ဟူ၍သာ ခေါ်ဝေါ် သမုတ်ကြလေတော့၏။
 
မောင်ပေါက်ကျော်ကိုရင်ဝတ်ပြီ
တစ်နှစ်တွင် မောင်ပေါက်ကျော်ကလေးတို့ ရွာတွင် မိုးကုတ်ဝိပဿနာ (၇)ရက် တရားစခန်းပွဲ ကျင့်ပရာ မြို့မှ သက်တော်(၃၅) နှစ်ခန့် ရခိုင်ဘုန်းကြီးတစ်ပါး တရားလာပြလေ၏။ ထိုဘုန်းကြီးသည် ရခိုင်သံဝဲ၀ဲနှင့် တရားပြ အလွန်ကောင်းလေ၏။ ကွမ်းကို လွန်စွာကြိုက်လေ၏။ အိပ်ချိန်တွင်တောင် ကွမ်းငုံ၍ အိပ်မှ အိပ်ပျော်သည် ဟူ၏။ မောင်ပေါက်ကျော်ကလေးသည် ထိုဘုန်းကြီးအား ဝေယျာဝစ္စများ သွားရောက်လုပ်ပေးရလေ၏။ ထွေးခံ ဆေးပေးရ၏။ တံမျက်စည်း လှည်းပေးရလေ၏။ ဘုန်းကြီးအား တံတောင်ဖြင့် အညောင်းပြေ ထောင်းပေးရလေ၏။

ထိုရခိုင်ဦးဇင်းသည် တရားစခန်းပွဲ မပြီးခင် တစ်ရက်တွင် ကျွန်ုပ်၏ ဖခင်ဖြစ်သူအား ခေါ်၍  ကျွန်ုပ်ကို သူနှင့် ထည့်လိုက်ရန် ရွာမှာနေရင် ဘာမှ ဖြစ်လာမှာ မဟုတ်ကြောင်း မြို့ကို သူခေါ်သွားမည်ဖြစ်ကြောင်း ပြောဆို လေ၏။  ကျွန်ုပ်၏ ဖခင်ဖြစ်သူကလည်း သဘောတူလေ၏။ နောက်တစ်နေ့တွင် မောင်ပေါက်ကျော်ဟု အမည်ရသော တောစံပယ်ပန်းသည်လေးသည် ဘုန်ကြီးကျောင်းသား အဖြစ်နှင့် မြို့သို့ပါသွား လေတော့လေ၏။ ထိုဘုန်ကြီးကျောင်းသို့ ရောက်သောအခါ လက်ထောက်ဦးဇင်းတစ်ပါးကို ကျွန်ုပ်အား အပ်နှံ၍ ကိုရင်ဝတ်ပေးလိုက်လေတော့လေ၏။

ကိုရင်ပေါက်ကျော်ပညာသင်ကြားခြင်း
ထိုပေါက်ကျော်သည် ကိုရင်ဝတ်သောအခါ၌ လျှပ်စီးလက်သကဲ့သို့ အဆော့သန်သော်ကြောင့် ကိုရင်လျှပ်စီး ဟု အမည်တွင်ပြန်လေ၏။  ထိုကိုရင်လျှပ်စီးအား ဘုန်းကြီးသည် တရားဟောထွက်သည့်အခါ ကျောင်းတွင် ထာမခဲ့ရဲသောကြောင့် (ကိုရင် လျှပ်စီးကို ကျောင်းမှာထားခဲ့လိုကတော့ ပြန်လာရင် ထိုင်စရာ ကျောင်း တောင် ရှိမှာ မဟုတ်တော့ဘူး ဟု ဆရာတော် ပြောနေကျ စကားဖြစ်လေ၏) နိုင်ငံအနှံ တရားဓမ္မဟောပြော ရာနေရာ အားလုံးသို့ ခေါ်သွားလေ့ရှိ၏။ ထိုဆရာတော်၏ ကျေးဇူးတော်ကြောင့် တောသား စံပယ်ပန်းသည် လေးမောင်ပေါက်ကျော် တစ်ဖြစ်လဲ ကိုရင်လျှပ်စီးသည် မြန်မာပြည့်အနှံ့သို့ ရောက်ဖူးလေတော့သည်။

ထိုဆရာတော်၏ ဝေယျာဝစ္စများကို  ဆောင်ရွက်လုပ်ကိုင်ပေးရင်း တစ်ဖက်မှလည်း ပရိတ်ကြီး(၁၁)သုတ် ။ လောကနီတိ ၊ သဂြိုဟ် ၊သဒ္ဒါ စသော အခြေခံ စာပေများကို သင်အံရလေသည်။ ထိုသို့ နေလာခဲ့ရာ တစ်နှစ်ခန့် အကြာတွင် မြို့ကြီးများရှိ စာသင်တိုက်များသို့ ပိုဆောင်ပေးလိုက်လေ၏။ အတိုချုပ်ရသော် အသက်အားဖြင့် ၁၇-နှစ်တွင် ပထမကြီးတန်းအောင်မြင်၍ ဓမ္မာစရိယအတန်းကို စတင်၍ပင် စာဝါလိုက်နေရ ပြီ ဖြစ်လေ၏။

ကိုရင်ပေါက်ကျော်လူထွက်ခြင်း
တစ်နှစ်တွင် ကိုရင်လျှပ်စီးသည်  နွေရာသီ စာဝါနားရက်များတွင် မိမိ၏ ဇာတိမြေရွာကလေးသို့ ပြန်လာခဲ့လေ ၏။ ရွာပြန်ရောက်သောအခါ ဆင်းရဲပင်ပန်စွာ လုပ်ကိုင် အသက်မွေးနေရသော မိဘညီအကို မောင်နှမများကို တွေ့မြင်ရသောကြောင့် ကိုရင်လျှပ်စီးသည် လွန်စွာ စိတ်မကောင်းဖြစ်မိလေ၏။ လွန်စွာမှလည်း ယူကြုံးမရ ဖြစ်မိလေတော့၏။ ထို့အတူ ဆင်းရဲသော မိဘညီအကိုမောင်နှမ များကိုလည်း လုပ်ကိုကျွေးမွေးချင်စိတ် ပေါက်လာလေတော့၏။ ထိုနွေတွင် ကိုရင်လျှပ်စီးသည် မိဘနှင့် ဆရာဘုန်းကြီး များတားနေသည့်ကြားမှ သာသနာ့ဘောင်မှ လွန်စွာပူပြင်း ပူလောင်လှသော လူဘ၀ လူ့ဘောင်သို့ မျော်လင့်ချက်များစွာဖြင့် ဦးတည်၍ လူဝတ်လဲခဲ့လေ၏။ ထိုအချိန်မှစ၍ ကိုရင်လျှပ်စီးအား ကိုရင်လူထွက် ငါးပိချက် ဟူသော အမည်တစ်ခု တိုး၍လာလေတော့လေ၏။

ထိုကိုရင်လူထွက်သည် ဇာတိမွေးရပ်မြေတွင် မိဘရိုးရာ တောင်ယာအလုပ်လုပ်ခြင်း ၊ တစ်ဖက်တွင်လည်း ရွာနီးချောင်းစပ်မှ ကုန်စိမ်းများကို သိမ်းယူ၍ မြို့ဈေးသို့ ပို့၍ ရောင်းချခြင်းဖြင့် ခက်ခဲပင်ပန်းစွာ အသက်မွေးရလေ၏။ ထို့အတူ တစ်ဖက်မှလည်း အရွယ်ရောက်လာပြီဖြစ်လာသောကြောင့် ကိုရင်လူထွက် မောင်ပေါက်ကျာ်ကလေး၏ နှလုံးသားလေးသည်လည်း မိန်းမပျိုကလေးများနှင့် တွေ့သည့်အခါတိုင်း လေပြင်းတိုက်ခတ်သော ညောင်ဗုဒ္ဓဟေပင်ကဲ့သို့ တဖြတ်ဖြတ်လှုတ်ခတ်လာလေတော့၏။ ထိုကြောင့် အချိန် အားသောအချိန်များတွင်လည်း တောရွာဓလေ့ အရ မိန်းမပိုးခြင်း ၊ အပျိုအိမ်များသို့ ညအချိန် အလည်အပတ် သွားခြင်း ၊ ဖိုသံပေးခြင်း ၊ စသည်ဖြင့် နှစ်နှစ်ခန့် အချိန်းဖြုန်း၍ နေခဲ့လေ၏။

ထိုနှစ်နှစ်အတွင်း ကိုရင်လူထွက် မောင်ပေါက်ကျော်သည် ချစ်သူတစ်ဦးရရှိခဲ့လေ၏။ သူ၏ချစ်သူအမည်မှာ မိုးသန္တာ ဟု အမည်ရလေ၏။ မောင်ပေါက်ကျော်သည် မိုသန္တာအား လွန်စွာ ချစ်မြတ်နိုးလေ၏။ သူ၏ အချစ်ဦးလည်း ဖြစ်လေ၏။ ထို့ကြောင့် သူ၏ ချစ်သူနှင့် ပတ်သက်၍ လွန်စွာ မျော်လင့်၍ လွန်စွာမှလည်း အိပ်မက်မက်ခဲ့လေသည်။ မည်မျှလောက် မျှော်လင့်ထားသနည်းမူ သူတို့နှစ်ယောက် ယူမည်။ ကလေးအနည်းဆုံး (၁၀) ယောက်လောက်မွေးမည်။ အကြီးဆုံးကို ဘုန်းကြီးဝတ်ခိုင်းမည်။ ပြီးတော့ ဆရာဝန် ၊ အင်ဂျင်နီယာ ၊ မင်းသား ၊အဆိုတော် စသည်ဖြင့်  အစဉ်အတိုင်း လုပ်ခိုင်းမည် စသည်ဖြင့် နေ့စဉ်ရက်ဆက် စိတ်ကူယဉ်ထားလေ၏။ အလုပ်ကိုလည်း အခါတိုင်းထက်ပို၍ ကြိုးစားလုပ်ကိုင်လေ၏။

မောင်ပေါက်ကျော်အသဲကွဲ၍အရက်သမားဖြစ်ခြင်း
ကိုရင်ပေါက်ကျော်နှင့် မိုးသန္တာတို့ လက်ထပ်မည့် (၃)လလောက်အလိုတွင် ရွာ၌ဘုရားပွဲဖြစ်၏။ ထိုဘုရား ပွဲတွင် ဘုရားဂေါပက များက မြို့မှ ဇာတ်ပွဲတစ်ပွဲ ငှားသွင်းလေ၏၊ ထိုဇာတ်ပွဲသည် ရွာတွင် (၅)ရက်ဆက်တိုက် ကပြလေ၏။ ဘုရားပွဲသည် လွန်စွာ စည်ကားသောကြာင့် တိုး၍ မပေါက်လေအောင် ရှိလေတော့၏။ ဘုရားပွဲ၏ လေးရက်မြောက်နေ့ညတွင် ကိုရင်ပေါက်ကျော်၏ အချစ်ဦးလည်းဖြစ် အချစ်ဆုံးလည်းဖြစ်သော မိုးသန္တာသည်  ဘုရားပွဲတွင် (၃)ညမျှသာတွေ့ရသော တရွာသား မောင်စိန်သောင်းဆိုသော သူနှင့် ခိုးရာလိုက်ပြေး လေတော့၏။ ထိုနေ့မှစ၍ ကိုရင်ပေါက်ကျော်သည် အသဲကွဲ သည်ဝေဒနာကို မခံစားနိုင်တော့သောကြောင့် အရက်သမားကြီးလုံးလုံး ဖြစ်သွားလေတော့၏။

နောက်ပိုင်းများတွင် အကျဉ်းချုပ် ၍တင်ပြပေးပါတော့မည်။

ကိုရင်ပေါက်ကျော်သည် ရွာမှထွက်သွား၍ ရန်ကုန်မြို့ရှိ အသိဘုန်းတော်ကြီးတစ် ကျောင်းတွင် တည်းခို၍ ရရာအလုပ်မျိုးစုံကို လုပ်လေတော့၏။ မောင်ပေါက်ကျော် လုပ်ခဲ့သော အလုပ်များကို အကျဉ်းချုပ် ဖော်ပြရ သော် လမ်းဘေးတွင်လည်း ကွမ်းယာရောင်းဖူး၏။ရွှေရင်အေး ရောင်းဖူး၏။ အညာ မုန်ဟင်းခါး ရောင်းဖူး၏။ သီရိမင်္ဂလာဈေး ကုန်စိမ်းဒိုင်တွင် နေ့စားဝင်လုပ်ဖူး၏။  ပွဲစားယောင်ယောင် လုပ်ခဲ့ဖူး၏။ ထိုအလုပ်များဖြင့် အဆင်မပြေသောကြောင့် ဘုရားပွဲများတွင် လောင်းကစားဝိုင်းများ လိုက်ဖွင့်ပြီး ဖြတ်လမ်းနည်းဖြင့် ငွေရှာခဲ့ ဘူး၏။ ဘုရားပွဲတွင် ရန်ဖြစ်သောကြောင့် ဗိုလ်တထောင် အချုပ်ခန်းတွင် (၃)ရက်ခန့် အိပ်ခဲ့ဘူး၏။

ကုန်သည်ပေါက်ကျော်

ထိုအချုပ်ခန်းမှ လွတ်သောအခါတွင်  ကောင်းရောင်းကောင်းဝယ်ပဲ လုပ်စားတော့မည်ဟု ရေကျော် ရွှေဘုန်းပွင့် ဘုရားတွင် သစ္စာဆို၍ ရန်ကုန် မင်္ဂလာဈေးကြီး၏ ဖိနပ်ဆိုင် အရုပ်ဆိုင် ပလပ်စတစ်ဆိုင် စသော ဆိုင်များတွင် ၀င်ရောက်၍ လုပ်ကိုင် ပြန်လေသည်။ တစ်နှစ်ခန့် ကြာသောအခါတွင် မောင်ပေါက်ကျော်သည် သူလုပ်သော ဆိုင်၏ ယုံကြည်အားကိုးခြင်းကို ခံရကာ မြ၀တီလိုင်းတွင် ကုန်သည်ဖြစ်လာလေတော့၏။ ထိုအချိန်တွင် မောင်ပေါက်ကျော်သည် အလုပ်သမားသာ ဖြစ်နေသေး၏။ ဆိုင်မှ ပေးထားသော လခ(၆၀၀၀) ဖြင့် စားမလောက်သောကြောင့် လခတိုးတောင်းရာ ဆိုင်ရှင်က မပေးသဖြင့်  မင်္ဂလာဈေးကို စိတ်နာနာနှင့် ကျောခိုင်းထွက်ခွါခဲ့ရလေ၏။

တစ်နေ့တွင် မောင်ပေါက်ကျော်သည် မိမိ၏ရုပ်ကို ကိုယ်လုံးပေါ်မှန်ရှေ့တွင် ကြည့်မိလေ၏။နှစ်ရှည်လများ နေပူမရှောင် မိုးရွာမရှောင် အလုပ်လုပ်ခဲ့ရသောကြောင့် သူ၏ အသားများသည် မဲပြောင်လျှက်ရှိ၏။ မျက်နှာတွင် အဆီများပြန်နေ၏။ ၀က်ခြံများလည်း အလုံးကြီးများပေါက်နေ၏။ လွန်စွာ အရုပ် ဆိုးသောကြောင့် ညဖက်တွေ့လျှင် သရဲလိုတောင် အထင်ခံရဖွယ်ရှိလေ၏။ တစ်ခါတွင် ရန်ကုန်ဘူတာကြီး တွင် မကောင်းတာ လုပ်စားသော လမ်းဘေးမိန်းကလေးတစ်ဦးကို ရီးစားစကား လိုက်ပြောကြည့်လေရာ မသာ.... ကိုယ့်ရုပ်ကိုမှ အားမနာ ဟု အပြောခံရလေ၏။ မကောင်းသော မိန်းမတောင် ငြင်းသေးရင် ကောင်းတဲ့ မိန်းကလေး ဆိုရင်တော့ မပြောချင်တော့ ဟု စိတ်ဓာတ်များကျကာ ထိုအချိန်မျစ၍ ရန်ကုန်မြို့ရှိ မိန်းကလေးများ၏ အနားသို့ လုံးဝမကပ်တော့ပေ။

မကြာမီ၌ မောင်ပေါက်ကျော်သည် ညီကာရန် ဟူသောအမည်ကို မိမိဘာသာ ကင်ပွန်းတပ်ကာ ရန်ကုန်မြို့၏ အဆင့်မြင့်ရုပ်ရှင်ရုံ တစ်ရုံတွင် တန်းပြအဖြစ် ၀င်ရောက်အလုပ်လုပ်ကိုင်လေ၏။ အဲယားကွန်းထဲတွင် တစ်နေ ကုန် နေမထိ လေမထိနေရသောကြောင့် အလုပ်ဝင်၍ (၆)လလောက် အကြာတွင် တောသားမောင်ပေါက် ကျော်၏ အသားအရည်များသည် စတင်ပြောင်းလဲလာလေ၏။ သူ၏ အသားအရည်တို့သည် ဖြူဝင်း၍ လာလေ၏။ အကြောစိမ်းစိမ်းကလေးများပင် မြင်ရ၏။ နုတ်ခမ်းမွေးရေးရေးကလေးနှင့် လွန်စွာ ယောက်ျားပီသ ၍လွန်စွာမှလည်း ကြည့်၍ကောင်း၏။ ယခုအခါ မောင်ပေါက်ကျော်သည် တောမှလာစဉ်တုန်းကလို ဆံပင်တိုနှံ့ နှံ့နှင့် မဟုတ်တော့ပဲ ထိုခေတ်အခါက လူငည်အများစု၏ ဆံပင်ပုံစံအတိုင်း အလယ်ခွဲပင် ထားထားပြီ ဖြစ်လေသည်။ သူ၏ ဆံပင်ကိုလည်း လုံးဝ မညှပ်ပဲထားရာ ဂုတ်တောင်ထောက်နေပြီ ဖြစ်လေသည်။

ထိုကဲ့သို့ မောင်ပေါက်ကျော်၏ ရုပ်ရည်သည် လုံးဝပြောင်းလဲသွားလေ၏။ မည်မျှပြောင်လဲသွားသနည်းဟုမူ ငယ်သူငယ်ချင်း တစ်စုံတစ်ယောက်သည် ၎င်းအား လမ်းတွင်တွေ့ပါက လုံးဝ မှတ်မိခြင်းရှိမည် မဟုတ်ပေ။ ထိုရုပ်ရှင်ရုံသို့ ရုပ်ရှင်လာကြည့်ကြသော မိန်းမပျိုကလေးများသည် မောင်ပေါက်ကျော်ကို မြင်သည်နှင့် ကွက်ကြည့်ကွက်ကြည့် လုပ်သွားခြင်း ၊ ဒီဘဲမိုက်တယ် ဟု မကြားတကြား ပြောသွားခြင်း။ ရုပ်ရှင်တစ်ပွဲကို ထပ်ခါထပ်ခါကြည့်၍ မောင်ပေါက်ကျော်နှင့်ရင်းနှီးအောင် နည်းမျိုးစုံ သုံး၍ ကြိုးစားကြလေ၏။

ထိုကဲ့သို့ ရုပ်ရှင်ရုံတွင် ပျော်ရွှင်စွာ အလုပ်လုပ်ကိုင်၍ နေလေတော့၏။ တစ်နေ့သောအခါတွင် ထိုရုပ်ရှင်ရုံသို့ ရုပ်ရှင်ဒါရိုက်တာ တစ်ယောက်သည် ရုံအားချိန်တွင် အဆိုတော်တစ်ဦးအား ကာရာအိုကေ သီချင်းလာရိုက် လေ၏။ ထိုဒါရိုက်တာနှင့်အတူ ထုပ်လုပ်သူတစ်ဦးလည်းပါလာလေ၏။ ထိုထုပ်လုပ်သူသူ မောင်ပေါက်ကျော် အားမြင်သည်နှင့် သေသေချာချာ စိုက်ကြည့်ပြီးလျှင် မင်း မင်းသားလုပ်မလားဟု မေးလေရာ မောင်ပေါက်ကျော်လည်း ဘာပြန်ပြောရမှန်းမသိ ၊ ကြောင်အမ်းအမ်းဖြစ်နေလေတော့၏။

မင်းသားရူးပေါက်ကျော်

အကျဉ်းချုပ်ဖော်ပြရပါမူ  ထိုထုပ်လုပ်သူသည် မောင်ပေါက်ကျော်အား အိမ်သို့ ခေါ်သွားလေ၏။ မင်းသား ဖြစ်အောင် တင်ပေးမည်ဟုလည်း ပြောလေရာ တောသားမောင်ပေါက်ကျော်သည် အရူး ဗုံမြှောက်သည်နှယ်.. မြောက်ကြွ မြောက်ကြွ ဖြစ်နေလေတော့၏။ ထိုထုပ်လုပ်သူ၏အမည်ကို ဤနေရာ၌ ပုဂ္ဂိုလ်ရေး ထိခိုက်မည် ဖြစ်သောကြောင့် မဖော်ပြတော့ပါ။ အစပထမတွင် ကာရာအိုကေ သီချင်းများတွင် ထည့်၍ သရုပ်ဆောင် ခိုင်းမည်။ နောက်တဖြည်းဖြည်း သရုပ်ဆောင်သက်ရလာသောအခါတွင် မင်းသား တင်ရိုက်မည်ဟု ပြောပြထားရာ တောသား မောင်ပေါက်ကျော်၏ စိတ်တွင် ငါကား မုချရုပ်ရှင်မင်းသား ဖြစ်တော့မှာပါလား ဟုအတွေးများဖြင့်နယ်ချဲ့ကာ ပျော်ရွှင်လျှက် ရှိလေတော့၏။

ထိုအိမ်၌နေ၍ (၆)လခန့်အကြာတွင် မောင်ပေါက်ကျော်၏ အဖွားဆုံးသောကြောင့် ရွာသို့ပြန်လာလေ၏။ ထိုအချိန်မှစ၍ မောင်ပေါက်ကျော်၏ ဘ၀သည် တစ်ဆစ်ချိုးပြန်လည်ပြောင်းလဲသွားမည်ကို ကာယကံရှင် ကိုယ်တိုင်တောင် မသိပေ။ ရွာသို့ရောက်သောအခါတွင် ၎င်း၏မိသားစုများသည် တော်တော်လေး စီးပွားရေး အခြေအနေ ဆိုးရွားလျှက်ရှိလေ၏။ အကြွေးများစွာ တင်နေ၏။ ငွေရှင်များနှင့် အမှု့ဖြေရှင်းနေရ၏။ အတိုးတွေအရင်းရော (၆)လအတွင်း မပေးပါက အိမ်ကို သိမ်းယူမည်ဟု စီစဉ်နေကြ၏ တက်ကြွနေသော မောင်ပေါက်ကျော်၏ စိတ်ဓာတ်သည် ဟိုးယူဇနာတစ်ရာအောက်ထိ ထိုးဆိုက်ကြလေ တော့၏။ ပျော်ရွှင်နေသော ၎င်း၏ စိတ်သည် မဲမှောင်နေလေ၏။ ဆက်လျှောက်ရမည့်လမ်းသည် မမြင်မ ဆန်း အကန်းလို ဖြစ်နေလေ၏။

မောင်ပေါက်ကျော်ဘယ်လမ်းရွေးမည်နည်း

မောင်ပေါက်ကျော်သည် တွေဝေလျှက်ရှိ၏။ အမှန်မှာမူ ဘာလုပ်ရမှန်း မသိဖြစ်နေခြင်း ဖြစ်နေ၏။ တဖက်တွင် ကျေးဇူးရှင် မိဘနှစ်ပါး ။ တစ်ဖက်တွင်လည်း ဘ၀မျှော်လင့်ချက်တစ်ခု။ တစ်ခုကို ရွေးချယ်ပါက တစ်ခုကို သေချာပေါက်စွန်လွှတ်လိုက်ရမည်။ နင်းချေ ထားခဲ့ရမည်။ စွန်လွှတ်လိုက်ရမည်။ မိဘတွေအ တွက်လည်း ငွေသေချာပေါက်လိုနေပြီ။ တစ်ဖက်က ရလာသော အခွင့်အရေးတွေကိုလည်း မစွန့်လွှတ်ချင် မင်းသားဖြစ်ဖို့အတွက်ဆိုသော လမ်းကို လိုက်မည်ဆိုလျင် လောလောဆယ် ငွေမရ။ အောင်မြင်ခြင်း ဆိုသော လမ်းမထက်သို့ မရောက်မချင်း အနစ်နာခံရမည်။ ပေးဆပ်ရမည်။ အချိန်တွေ ရင်းနှီးရမည်။ ဒါတောင် အောင်မြင်လာမယ် မအောင်မြင်ဘူးဆိုတာ သေချာပေါက် မပြောနိုင်ပေ။

တစ်ထက်က မိဘများဘက်ကိုကြည့်မယ်ဆိုရင်လည်း (၆)လအတွင်း ဒီအကြွေးတွေ ကျေအောင်မဆပ်နိုင် ပါက နေစရာမရှိသော ဘ၀သို့ရောက်ရှိသွားလိမ့်မည်။ အိမ်ခြေယာခြေ မဲ့သော ဘ၀သို့ ကျရောက်သွား လိမ့်မည်။မိဘများ အရှက်တကွဲ အကျိုးနည်း ဖြစ်သွားလိမ့်မည်။ဤနေရာတွင် ကျွန်ုပ် မောင်ပေါက်ကျော် ခံစားခဲ့ရသော ခံစားချက်များကိုသာ အပြည့်အစုံ ဖြစ်အောင် ဖော်ပြရပါမူ ဂေါ်ဂီ၏ ဘ၀တက္ကသိုလ် စာအုပ် လောက် ရှည်လျားသွားမည် ဖြစ်၏။ ထို့ကြောင့် အတိုချုပ်၍ ရေးသားရမည် ဆိုလျှင် ကျွန်ုပ် မောင်ပေါက် ကျော်သည် ရုပ်ရှင်မင်းသား ဖြစ်အောင်ကြိုးစားမည် ဟူသော ရည်မှန်းချက်ကို ရင်နာနာနှင့် စွန့်လွှတ်လိုက် ကာ လတ်တလောငွေရဖို့အတွက် နေပူပူအောက်သို့ ပြန်လည်ကျရောက်သွားလေတော့သတည်း။

မောင်ပေါက်ကျော်အလုပ်ကြမ်းသမားဘဝ

မောင်ပေါက်ကျော်သည် ရန်ကုန်မြို့သို့ ပြန်တက်လာခဲ့လေသည်။ ပထမကျင်လည် ကျက်စားခဲ့သော အသိုင်းအ၀ိုင်းများရှိရာသို့ လုံးဝမသွားတော့ပေ။ ရန်ကုန်မြီု့ အုပ်ကျင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခု တွင် ၀င်ရောက်၍ လက်သမားလုပ်၏။ ညဘက်တွင် ရပ်ကွက်အတွင်း လှည့်လည်၍ သိကြားမုန့်ဖက်ထုပ် ရောင်းရ၏။ ထိုသို့ နေ့မအား ညမနား အလုပ်လုပ်၍ ငွေကို ကြိုးစားရှာဖွေရာ (၆)လခန့် အကြာတွင် မိဘများတွင် တင်ရှိနေသော အကြွေးများကို ဆပ်နိုင်လေတော့၏။ ထိုအတူ မောင်ပေါက်ကျာ်၏ ယောက်ျား ပီသလှသော ရုပ်ရည်တို့သည်လည်းကောင်း ၊ ဖြူဝင်းနေသော အသားအရည်တို့သည်လည်းကောင်း နေဒဏ် လေဒဏ် မိုးဒဏ်အောက်တွင် ကြက်ပျောက်ငှက်ပျောက်ပျောက်ကာ အဖိုးကြီး တစ်ပိုင်း ဖြစ်သွားလေတော့သတည်။

ဤကား ကျွန်ုပ်မောင်ပေါက်ကျော်၏ ဗေဒင်ဆရာ မဖြစ်ခင် ဘ၀တစ်စိပ်တစ်ပိုင်းပင် ဖြစ်လေတော့၏။
ထို့နောက် ကျွန်ုပ်သည် မှော်ဘီမရမ်းတလင်း ပဘဆရာကြီးမင်းသိင်္ခ၏ အထံတွင် ပညာသင်ကြားခွင့် ရရှိခဲ့လေ၏။ ထိုအခါတွင်မှ သိရသည်မှာ ...

အဘက... အဲဒါ မင်းဘ၀အခြေမခိုင်လို့ ဖြစ်ရတာ။ အဲလိုဆိုရင် ဘ၀အခြေခိုင်အောင် ဓာတ်ဆင်ထားရမယ် ဟုပြောဆိုကာ အောက်ပါ ဘ၀အခြေခိုင်စေသော နည်စနစ်လေးအား ပြောပြလေတော့သနည်။

ကလေးတွေအတွက် ထုပ်ထားတဲ့ ကကြီး ခခွေ အက္ခရာ သင်ပုန်း ကြီးပိုစတာ စာရွက် တစ်ရွက်ကို မိမိ၏ မွေးနေ့ နံက် ၉နာရီ ၄၅ မိနစ်တွင် မိမိနေအိမ် ဧည့်ခန်းမှာ ချိပ်ဆွဲထားလိုက်ပါတဲ....

မှတ်ချက်။    ။ မိတ်ဆွေများခင်ဗျာ  ကျွန်တော်သည် မရမ်းတလင်း ၊ အယူတော်မင်္ဂလာခြံ၌ ဗေဒင်ပညာရပ်များကို နှစ်များစွာနေထိုင်သင်ယူခဲ့ရာ ကျွန်ုပ်၏ ဇာတာတွင် ရုပ်ရှင်မင်းသား ဖြစ်သော ဇာတာမပါပေ ။ ဗေဒင်ဆရာ ဖြစ်မည့် ဇာတာသာပါဝင်ကြောင်း သိခဲ့ရပေ။ ထို့ကြောင့် ပြီးခဲ့သော အကြောင်းအရာများသည် ကျွန်ုပ်၏ ဘ၀တွင် ရေခဲတုန်းကို အရုပ်ထုခဲ့ခြင်းမျှသာ ဖြစ်ပါကြောင်းနှင့် ယခုအခါတွင် အဘ၏ ကျေးဇူးကြောင့် ဗေဒင်ဆရာဘ၀နှင့် ဘ၀အခြေ ကျနေပြီဖြစ်ပါကြောင်း.

Friday, March 26, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels