ကျွန်ုပ်၏ ဇာတိဖြစ်သော ဧရာဝတီတိုင်း မြန်အောင်မြို့နယ်ကလေးတွင် ဆေးဆရာတစ်ဦး ရှိလေသည်။ ထိုဆေး ဆရာသည် မြန်မာဗိန္ဒောဆေးဆရာတစ်ဦး ဖြစ်၏။ သူ၏အမည်သည် ဦးသိန်းထွန်းဟူ၍ ခေါ်၏။ ဆရာဝန်ဆရာမပေါများသော ယနေ့မျက်မှောက်ခေတ်ကြီးထဲတွင်ပင် ကျွန်ုပ်တို့ ကျေးရွာသူကျေးရွာသား များသည် နေထိုင်မကောင်း တစ်ခုခု ဖစ်လာလျှင် ဆရာဝန်ဆီမသွား၊ ဦးသိန်းထွန်းဆီသာ သွားလေ့ရှိ၏။ ပင့်လေ့ရှိ၏။
ဆရာဝန်များထံသို့ မသွားခြင်းမှာ ဆရာဝန်ဆရာမများကို အထင်မကြီးသောကြောင့် မဟုတ်ပေ။ ဦးသိန်းထွန်းကို ပို၍ အထင်ကြီးလေးစားသောကြောင့်လည်း မဟုတ်။ ဒါဆို ဘာဖြစ်လို့ မသွားကြတာလဲဆိုတော့ ကျွန်ုပ်တို့ ကျေးရွာများသို့ ရောက်ရှိလာသော ဆရာဝန်ဆရာမများသည် မျက်နှာကြောတင်း၏။ အေးစက်စက်နိုင်၏။ အဆင့်အတန်း ခွဲကြားဆက်ဆံတတ်၏။ ရွာသူရွာသားများနှင့် ရောရောနှောနှော မနေတတ်။ ထို့ကြောင့် များသောအားဖြင့် နေထိုင်မကောင်း ဖြစ်သောအခါ ဆရာဝန်များထံ မသွားရဲကြပေ။
နောက်တစ်ခုမှာ ငွေကြေးချို့တဲ့သောကြောင့်လဲပါလေ၏။ ဦးသိန်းထွန်းဆိုသော ဗိန္ဒောဆေးဆရာကြီးသည် လွန်စွာလည်း စိတ်ကောင်းရှိလေ၏။ အသပြာကို အဓိကမထား။ စေတနာကိုသာ ရှေ့တန်းတင်၍ ကုသလေ၏။ မည်သည့်အခါမျှ ငွေကြေးစကားကို မပြောဘူးပေ။ ထို့ကြောင့်ပင် ဖြစ်လိမ့်မည်ထင်၏။ ဦးသိန်းထွန်းကြီးသည် သေသည့်နေ့အထိ ချမ်ချမ်းသာသာနေထိုင် သွားရသည်ကို မတွေ့ခဲ့ရပေ။
ထိုဆေးဆရာကြီး၏ ဆေးဝါးကုသပုံကား ဆန်း၏။ သူ၏ ဆေးဝါးကုသပုံမှာ ဓာတ်စာပေး၍ကုသခြင်း ဖြစ်လေ၏။ ဘာဟင်းကို ဘယ်လိုချက်စား၊ ဘာ အစားအသောက်တွေကို ရှောင်၊ ဘယ်အချိန်မှာ ရေချိုး၊ ဘယ်အချိန်ရောက်ရင် ချွေးထုပ်အစရှိသည်ဖြင့် ကုသပေးလေ၏။ များသောအားဖြင့် သူကုသသည့်အတိုင်း ရောဂါသည်များ ရောဂါပျောက်ကြသည်က များလေ၏။
ကျွန်ုပ်တို့ ဗေဒင်ပညာရပ်တွင်လည်း ထို့ကဲ့သို့ အလားတူသော တွက်နည်းရှိလေ၏။ ကျွန်ုပ်သည် ဒီနေရာလေး၌ ဓာတ်စာစား၍ရောဂါပျောက်စေခြင်း ဆိုသည်ကို ရေးသားထားခဲ့ဘူး၏။ ယခု ကျွန်ုပ် ပြောလိုသည်မှာ နေထိုင်မကောင်း ဖြစ်နေစဉ်ကာလ၌ ရှောင်ရမည့် အစားအသောက်တို့ကို ဖော်ပြပေးလိုက်ပါသည်။ မတည့်သော အစားအသောက်များဖြစ်၏။ မိမိ ဖြစ်ပွားနေသော ရောဂါဝေဒနာများကို ပို၍ တိုးပွားလာစေ၏။ ထို့ကြောင့် ကျန်းမာရေး မကောင်းသော ရောဂါ ဝေဒနာသည်များအတွက် မတည့်သော အစားအစာများကို ဖော်ပြပေးလိုက်ပါသည်။
တွက်နည်း.....
လူနာ၏ အသက်ကိုတည်။ (၆)နှင့် မြှေက်။ ရတာကို (၇)နှင့်စားပါ။
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်

- (၁)ကြွင်းရင် --- ကြက်သားနဲ့ မတည့်ဘူး။
- (၂)ကြွင်းရင် --- မုန့်ပဲသရေစာနဲ့ မတည့်ဘူး။
- (၃)ကြွင်းရင် --- နို့နဲ့ မတည့်ဘူး။
- (၄)ကြွင်းရင် --- ဥနဲ့ မတည့်ဘူး။
- (၅)ကြွင်းရင် --- ၀က်သားနဲ့ မတည့်ဘူး။
- (၆)ကြွင်းရင် --- ကြံရည်နဲ့ မတည့်ဘူး။
- (၇)ကြွင်းရင် --- လက်သုပ်နဲ့ မတည့်ဘူး။
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်