ရာထူးတိုးစေသောယတြာ
ကျွန်တော်နေတဲ့ ရပ်ကွက်ကလေးကို နေ၀စ်လို့ခေါ်တယ်။ ထိုင်းလူမျိုးတွေ ခေါ်တာကတော့ တစ်မျိုးပေါ့။ ကျွန်တော်တို့ကတော့ ထုံးစံအတိုင်း ငပိသံလေးနဲ့ ခေါ်လိုက်တာနေ၀စ်ပေါ့။ တစ်ချို့ကလည်း နေ၀က်တဲ။ တစ်ချို့ ကြပြန်တော့ နေ၀ပ်တဲ့။ နေ၀စ်ပဲပြောပြော နေ၀က်ပဲဆိုဆို နေ၀ပ်လို့ပဲခေါ်ခေါ် ထိုင်းလူမျိုးတွေကတော့ မဟာချိုင်နေ၀စ်လို့ ပြောလိုက်ရင်နားလည်နေပါပြီ။
နောက်တစ်ခု ပြောရဦးမယ်။ ဘာလဲဆိုတော့ ထိုင်းနိုင်ငံကိုရောက်နေတဲ့ ကျွန်တော်တို့ မြန်မာလူမျိုးတွေဟာ နာမည်ပေးကတော့ အရမ်းမြန်ကြတာပဲ။ အရမ်းလဲ တော်ကြတယ်နော်။ ဥပမာ ကြက်တွေများကြီးရှိတဲ့ ဘုရားကို တောင်ပြုန်းတဲ့။ တောင်ပြုန်းသွားမယ်။ လိုက်မလားတဲ့။ ပန်းရောင်းတိုက်မှာနေတဲ့ လူတွေက ဘယ်မှာနေလဲဆိုရင် နေ၀စ်ပန်းရောင်တိုက်တဲ့။ တိုက်အ၀ါရောင်မှာ နေတဲ့လူတွေက အ၀ါတိုက်တဲ့။ ကျွန်တော်နေတဲ့ တိုက်ကိုကျတော့ ဗေဒင်ဆရာတိုက်တဲ့။ အဲလို သူတို့က သူတို့နားလည်သလိုမျိုး နာမည်ပေးပြီး ခေါ်ကြတာ။ အစတုန်းကတော့ ထိုင်းလူမျိုးတွေက ဘယ်သိမလဲ။ နောက်တော့လဲ အမယ် သူတို့ကတောင် ကျွန်တော်တို့ မြန်မာတွေခေါ်သလိုမျိုး လိုက်ခေါ်နေကြလေရဲ့။ ကျွန်တော်တို့ ရွှေမြန်မာတွေက အဲဒီလောက်တော်တာ။
ကျွန်တော်တို့တွေကိုကြတော့ သူတို့တွေက ဖမတဲ့။ သူများတွေ ပြောသလို ဖာမဖာမဆိုတာတော့ မဟုတ်ပါဘူး။ ကျွန်တော့်စိတ်ထင် အရင်တုန်းက ဘားမားကနေ ဖမဖြစ်သွားတယ်ထင်တာပဲ။ လူမျိုးရေး နှိမ့်ချတာတွေကတော့ ဟိုးအရင်တုန်းကလောက်တော့ မဆိုးတော့ပါဘူး။ ရှိတာတော့ ရှိသေးတာပေါ့။ ကျွန်တော်တို့ မြန်မာလူမျိုးတွေ အကြောင်းတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ သူတို့က ကောင်းကောင်းသိတယ်။ အမေစုလွတ်တဲ့ နေ့တုန်းက သူတို့ကလည်း တီဗီကြည့်ရင်း ဘာမဆိုင်ညာမဆိုင် ကျွန်တော်တို့နဲ့အတူ လိုက်ပျော်နေကြတာ။
ကျွန်တော်နေတဲ့ပတ်ဝန်းကျင်က ကျွန်တော့်ကို မော် လို့သိကြတယ်။ မော်ဆိုတာကတော့ ထိုင်းလိုပေါ့။ မြန်မာလိုပြောရင်တော့ ဆရာလို့ အဓိပ္ပါယ်ရတယ်ထင်တာပဲ။ ဆရာဝန်ကိုလဲ မော်ပဲ။ ကျောင်းဆရာကိုလည်း မော်လို့ပဲ ခေါ်ကြတာပဲ။ ကျွန်တော်ကိုတော့ သူတို့ထိုင်းလူမျိုးတွေရဲ့ စကားနဲ့ပြောရရင် မော်ဒူ တဲ့။ မော်ဆိုတာကတော့ ဆရာပေါ့။ ဒူ ဆိုတာကြတော့ ကြည့်တာဆိုတော့ ။ ပေါင်းလိုက်ရင် ကြည့်တဲ့ ဆရာပေါ့ဗျာ။
အဲ... တစ်နေ့မှာ ကျွန်တော်ဆီကို ထိုင်းအမျိုးသမီးတစ်ဦး ရောက်ရှိလာတယ်။ သူက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တယ်။ ကျွန်တော့်ကို သူမေးတဲ့မေးခွန်းက အကုန်လုံးပေါင်းလိုက်ရင် (၃)ခု။ ပထမဆုံးမေးတာက သူ့ကို ယောင်္ကျားတွေကြိုက်လားတဲ့။ သူမှာလဲ ယောင်္ကျားရှိတယ်နော်။ ဒါပေမယ့် ထိုင်းလူမျိုး မိန်းကလေးတွေက သူတို့ကို ယောက်ျားလေးတွေ ကြိုက်တာကို သူတို့က အရမ်းသဘောကျတာ။ ဂုဏ်ယူတာ။ အလှအပကိုလည်း အရမ်းဂရုစိုက်တယ်။ ကိုယ့်ကိုယ်ကိုလည်း အရမ်း ဂရုစိုက်တယ်။ အသက်က (၅၀) လောက်ရှိနေပြီ မထင်ရဘူး။ မသိရင် (၃၀)ကျော်ပဲထင်ရတယ်။ ပြင်တာဆင်တာရယ် နောက်ပြီး ကိုယ့်ကိုယ်ကို ဂရုစိုက်တာရယ်ကြောင့်ပဲ ထင်တာပဲ။
သူတို့ကိုကြည့်လိုက်ရင် အမြဲတမ်းတက်ကြွ လန်ဆန်းနေတယ်။ ကျန်းမာရေးလည်း သူတို့တွေ လိုက်စားကြတယ်။ ညနေဆို ရပ်ကွက်တော်တော်များမှာ အမျိုးသမီးတွေ စုပြီး မြူးဇစ်ဖွင့်ပြီး ကကြပြီ။ ရှေ့မှာတော့ ခုံတစ်လုံးပေါ်မှာ နည်းပြတစ်ယောက်ရှိတယ်။ သူတို့က နောက်ကနေ လိုက်ကကြပေါ့။ ချွေးတစ်လုံးလုံးနဲ့။ လှချင်လို့ က-တယ်ပဲ ပြောပြော ကောင်းပါတယ်။ အမောတော့ တော်တော်ခံနိုင်တယ်နော်။ နှစ်နာရီလောက် နမ်းစတော့ က-တာ။
နောက်မေးခွန်းတစ်ခုက ကလေးတွေက သူ့အပေါ်ကောင်းမှာလားတဲ့။ သူ့သား သမီးအပေါ်မှာ သူ့ရဲ့ မျော်လင့်ချက်။
နောက်ဆုံးတစ်ခု သူမေးတာက လက်ရှိသူအလုပ်လုပ်နေတဲ့ ကုမ္ပဏီမှာ သူရာထူးတက်ကိန်းရှိလားတဲ့။ နောက်ပြီးသူက ရာထူးလည်းအရမ်းတက်ချင်တယ်။ အဲဒါ အဆောင်လေး ယတြာလေးလဲ ဆောင်ရွက်ချင်တယ်လို့ ပြောတယ်။
ကျွန်တော်က အမှန်အတိုင်းပြောရရင် ရာထူးတက်ဖို့ကိစ္စတွေနဲ့ ပတ်သက်လာရင် အကျာ်အကြားယတြာဆိုတာ ကို ကျွန်တော်က သိပ်အားကိုးတာ။ မြန်မာပြည်မှာ နေတုန်းကဆိုရင် အစိုးရ၀န်ထမ်းပဲဖြစ်ဖြစ် ကုမ္ပဏီဝန်ထမ်း ပဲဖြစ်ဖြစ် ရာထူးတိုးလို့ ဆိုလိုက်တာနဲ့ ကျွန်တော်က အဲဒီ အကျော်အကြားယတြာကိုပဲ ပေးခဲ့တာ။ လူတိုင်းလည်း အဆင်ပြေကြတာများတယ်။ အခု ထိုင်းမှာဆိုတော့ အဆင်မပြေမှာကို စိုးရိမ်တယ်။ အဆင်မပြေမှာဆိုတာက တစ်ခြားဟာမဟုတ်ဘူး။ အကျော်တွေ လိုသလောက်ဝယ်လို့မရမှာကိုပဲ စိုးရိမ်တာ။
နောက်တော့ ကျွန်တော်က တစ်ခုစဉ်းစားမိသွားတယ်။ အဲဒါက ဘာလဲဆိုတော့ ကျွန်တော်နဲ့သိတဲ့ အကျော်သည်တစ်ယောက်ရှိတယ်။ သူ့ဆီမှာ ကျွန်တော်က သူ့ကို အော်ဒါမှာပေးလိုက်တယ်။ အဆင်ပြေပါတယ်။ အဲဒီတော့ သူ့မွေးနေ့နံက်မှာ အကျော်လေးပါးပွဲကို တန်ခိုးကြီးဘုရား တစ်ဆူမှာ သွားလှူခိုင်းလိုက်တယ်။ ပြီးတော့ သူ့ကို ခေါင်းလောင်းထိုးပြီး ဆုတောင်းမေတ္တာပို့ ခိုင်းလိုက်တယ်။
အကြော်လေးပါးပွဲဆိုတာ လင်ဗန်းတစ်ချပ်ထဲမှာ အလယ်မှာ သောက်တော်ရေခွက် တစ်ခွက်ထည့်။ ဘေးကနေ ကြက်သွန်ကျော်(၄)ခု၊ ငှက်ပျောကြော် (၄)ခု၊ ဗူးသီးကျော် (၄)ခု၊ ဗယာကျော် (၄)ခု ထည့်ရတယ်။ ပြီးတော့ တန်ခိုးကြီးဘုရားမှာ သွားလှူခိုင်းလိုက်တယ်။ အိမ်ဘုရားမှာလဲလှူလို့ရပါတယ်။ ထိုင်းမှာက အိမ်တော်တော်များများမှာ ဘုရားစင်မရှိလို့။ ပြီးတော့ နောက်ဆုံးတစ်ခုက အမျိုးသားတွေဆိုရင် ကြေးစည်င်္တး အမျှေ၀၇တယ်။ အမျိုးသမီးတွေဆို၇င် ခေါင်းလောင်းထိုး အမျှဝေရတယ်။ ဒီယတြာကို အကျော်အကြားယတြာ လို့ ခေါ်ပါတယ်။ ရာထူးတိုးကိစ္စတွေဆိုရင် ရဲရဲကြီး အားကိုးလိုက်စမ်းပါ။
ထိုင်းလူမျိုး အမျိုးသမီးကတော့ ကုမ္ပဏီမှာ ရာထူးအမှန်အကန် တက်သွားခဲ့ပါတယ်။ ကျွန်တော် စဉ်းစားမိတာက အော်.... ဒို့မြန်မာ့ရိုးရာ ယတြာတွေဟာ နိုင်ငံခြားမှာတောင် စွမ်းပါလားလို့..........
သင်တို့၏အကျိုးကို ထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter