Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ချမ်းသာကြွယ်ဝ ချင်သူများ အတွက် မင်းသိင်္ခ၏ ဓနသိဒ္ဓိ ကျင့်စဉ်အပိုင်း(၄)

အပိုင်း (၁) - (၂) - (၃)

ဘယ်အထဲကိုလဲ . . . ၊ကိုယ့်ရဲ့ မနောထဲကို အဲဒီလို ဓာတ်ပြန်ကူးမယ်။ ပြီးတော့ လက်ဟန်ခြေဟန်တွေ စောစောက ရှင်းပြခဲ့သလို စောစောကအခန်းက ရှင်းပြခဲ့သလို လက်မြှောက်မယ်။ လက်ကို အပေါ်မြှောက်လိုက်၊ အောက်ကိုချလိုက် အချိန်မှန် မှန် စည်းချက်ညီညီပို့ရမယ်။ မကြာခင် ကျုပ်ဆီကို လာပို့ရမယ် ဆိုပြီးတော့ လက်ကိုမြှောက်ရမ်းမယ်။ အဲဒီလို အမူအရာ သုံးပါးဆုံရင် မနေနိုင်ပါဘူး။ အဲဒီလူဟာ တစ်နည်းမဟုတ် တစ်နည်းနဲ့ သူ့ဆီသွားပြီးတော့ “ ဘယ်လိုကြောင့်မှန်း မသိပါဘူးဗျာ၊ ခင်ဗျာဆီ ပိုက်ဆံပေးရမှာမေ့နေတာ၊ ညတုန်းက အဲဒါ သတိရလို့ ၊ ချက်ချင်းလာမလို့ဟာ အချိန်မရှိတော့လို့ အခုလာပို့တာ” ဆိုပြီး လာပို့တဲ့ အဖြစ်အပျက်ကို ကြုံတွေ့ရတဲ့အခါမှာ ကိုယ်ရ လိုက်တဲ့ငွေအတွက် ၀မ်းသာတာမဟုတ်ဘူးနော်။ ကိုယ်ရဲ့ ကျင့်စဉ်ဟာ အတော်ဟုတ်သွားပြီဆိုပြီးတော့ ပီတိဖြစ်စရာ ကောင်းတယ်လို့ ပြောချင်ပါတယ်ဗျာ။ အဲဒီတော့ ဝေဒနာတန်ခိုးပေါ့နော် . . . ။

သိဒ္ဓိတန်ခိုးပဲပြောပြော၊ ဝေဒနာ တန်ခိုးပဲပြောပြော၊ ဆန္ဒတန်ခိုးပဲပြောပြော ဝေဒနာဟာ အရင်းခံတယ်။ အဲဒီဝေဒနာတန်ခိုးဟာ ကူးလျှောက်တတ်တယ်။ ပို့လွှတ်လို့ ရတယ်ဆိုတာ နားလည်ရမယ်။ သူ့သတ္တိက ဘာနဲ့တူသလဲဆိုတော့ မြစ်ထဲမှာ၊ ချောင်းထဲမှာ သင်္ဘောကြီး ခုတ်သွားတဲ့အခါ နောက်က ဂယက်တွေ ထပြီးတော့ လှိုင်းလုံးကြီးတွေ ထလာတယ်။ အဲဒီလှိုင်းလုံးကြီးတွေ ကမ်းခြေကို သွားနေတုန်းမှာ နောက်မှာ လှိုင်းလုံး တစ်လုံးပေါ်မှာ အကျိုးပြုနေတယ်။ ဒီလှိုင်းလုံး ကြောင့်ပဲ ရေက နောက်က ကယက်လိုက်လာတယ်။ နောက် လှိုင်းလုံးကနေ နောက်လှိုင်းလုံးကို ပစ္စည်းထပ်နဲ့ အကျိုးပြုပြီးတော့ လှိုင်းတွေ ထလာတယ်။ ဝေဒနာတွေ ဟာလည်း စလုပ်တာနည်းနည်း၊ နောက်တော့ တဖြည်းဖြည်း တဖြည်းဖြည်း ဝေဒနာတွေ ထလာပြီး တန်ခိုးတွေ တိုးပွားလာတယ်။ အဲဒါ လုပ်ကြည့်မှသိ မယ်။

သူ့သတ္တိက သိပ်ထူးတာ။ ဝေဒနာကနေ နောက်ထပ် ဝေဒနာ။ ဝေဒနာကနေ နောက်ထပ်ဝေဒနာ။ ဝေဒနာတန်ခိုး ကနေ ဝေဒနာတန်ခိုး။ ကျေးဇူးပြုပြီးတော့ ထပ်ထပ်ပြီးတော့ ထပ်ထပ်သွားတယ်။ အဲဒီတော့ မနော၊ မနောတွေ၊ စိတ်အာရုံတွေ စိတ်အာရုံ မနောတွေကနေ ဝေဒနာတွေဖြစ်တယ်။ အဲဒီ ဝေဒနာတွေဖြစ်တယ်ဆိုတာ ခံစားမှုပဲ။ အဲဒါတွေဟာ တကယ့်ကို ရုပ်သန္တန်နဲ့ရှိနေတယ်။ မျက်စိနဲ့မမြင်နိုင်သေးလို့ မမြင်ရပေမဲ့ မြင်ရတဲ့တစ်နေ့မှာ အဲဒီရုပ်သန္တန်နဲ့ မြင်ရမှာ။ ရုပ်သန္တန်နဲ့တကွတင်မဟုတ်ဘူး။ အရောင်နဲ့ တကွမြင်ရမှာ။ အကြမ်းဖျင်းအားဖြင့် အရောင်တွေအကြောင်း ပြောပြမယ်။ အဲဒီဝေဒနာတွေကို အကြောင်းပြပြီးတော့ ဝေဒနာတွေမှာ အရောင်တွေ ထွက်နေတယ်။

ကာလာ . . . ။
အဲဒီ ကာလာတွေဟာ သိပ်ထူးခြားတာ။ ပေါက်မြောက်ပြီးသား တိဗက်က လားမားကြီးတွေ ဘာတွေဆို ဒီအရောင်တွေကို တန်းမြင်သွားတာ။ အဲဒီတော့ အရောင်တွေအကြောင်း ပြောပြမယ်။ အဲဒီတော့ အရောင်တွေဟာ ဥပမာဆို့ပါစို့။ အရောင် က ဘယ်လိုတည်ရှိသလဲဆို လူရဲ့ပုံသဏ္ဌန်အတိုင်းပဲ ဘေးနားမှာ တစ်ပေလောက် ပတ်နေတယ်။ အရောင်တွေဝိုင်း ပြီးပတ်နေတယ်။ လူတစ်ယောက်ဟာ ကျကျနနတစ်ခါတည်း စိတ်နှလုံးလေးညှိုးပြီးတော့ ဘုရားကြည်ညိုနေတယ်ဆိုရင် သူ့ဘေးမှာ ညိုပြာပြာ အရောင်ကလေး ပတ်နေတာတွေ့ ရလိမ့်မယ်။ အပြာရောင်လေး။ ဒါပေမဲ့ အညိုရောင်လည်းပါတယ်။

မေတ္တာပို့ပြီးတော့ တစ်စုံတစ်ယောက်ကို တစ်ခါတည်း မေတ္တာဓာတ်တွေ ပို့နေတယ်။ ဒါမှမဟုတ် လောကဓာတ်ကြီး တစ်ခုလုံးကို မေတ္တာဓာတ်တွေ ပို့နေတယ်။ တရားတွေ လွှမ်းမိုးနေတဲ့ လူတစ်ယောက်ရဲ့ဘေးမှာ အလွန်ကျက် သရေရှိတဲ့ အနီရောင်လေးဟာ သူ့လူပုံသဏ္ဌန်အတိုင်း ပတ်နေတယ်။ အဲဒါ သိပ်ထူးခြားတာပဲ။ ကြင်နာသနားတဲ့ စိတ်တွေ အရမ်းပေါ်နေပြီဆိုရင် ကြည်လင်တဲ့ အစိမ်းရောင်ဖြစ်ပါတယ်။ တစ်ခါတည်း ဥာဏ်တွေကွန့်မြူးပြီးတော့ တစ်ခါတည်း ဥာဏ်တွေပွင့်နေပြီ ဆိုရင် အ၀ါရောင်တွေ ပတ်နေတယ် သီလကောင်းတဲ့လူမှာ ဆိုရင် အလင်းရောင်တစ်မျိုးပတ်နေတယ်။

ယမ်းပုံမီးကျ ဒေါသတွေ ဖောက်ခွင်းနေတယ်ဆိုရင် အနီရောင်ရဲရဲဟာ လူကိုယ်ဘေးမှာ မညီမညာ အတွန့်လှိုင်းကြီးနဲ့။ တစ်ယောက်ယောက်ကို ယုတ်မာပြီး၊ ရန်ငြိုးဖွဲ့ပြီး ဒုက္ခပေးဖို့ ကြံစည်နေတဲ့ လူတစ်ယောက်ရဲ့ ဘေးနားမှာ မည်းကျုတ် ကျုတ်အရောင်ကြီးက တစ်ခါတည်းက ကြောက်ခမန်း လိလိပေါ်နေ တယ်။ သူများကို ပေးရမှာတွန့်တိုလို့ မပေးဘဲ နေရရင် ဘယ်လို ကောင်းမလဲလို့ ကောက်ကျစ်စဉ်းလဲတဲ့ အကြံရှိတဲ့လူမှာ အနီရယ်၊ အပြာရယ်၊ ညစ်ပုတ်တဲ့ အရောင်ရယ် ရောထားတာတွေ့ရတယ်။ လိမ်လည် ကောက်ကျစ်တဲ့ လူမှာတော့ ဆူးပုတ်ရောင်၊ မာနကြီးတဲ့ လူမှာလည်း ဒီသဘောပဲ၊ ကြောက်နေတဲ့ လူမှာတော့ အဖြူနဲ့ အပြာရော ထားတဲ့ ပြာနှမ်းနှမ်း အရောင် နောက် အညိုရောင်လည်းပါတယ်။

စိတ်ဓာတ်ညှိုး ငယ်နေရင်တော့ ညစ်ထေးတဲ့အရောင်၊ တဏှာရာဂတွေ သိပ်ကြီးနေရင်တော့ နီပုတ်ပုတ် အရောင်လို၊ ကာကီရောင်လို အစက် အပြောက်အရောင်၊ ဒါအကြမ်းဖျင်းအရောင်တွေ အကြောင်း ပြောပြတာ။ ဘာလို့ အရောင်တွေ အကြောင်းပြောပြတာလဲ ဆိုတော့ ဝေဒနာဟာ ထွက်ပေါ် လာပြီဆိုရင် ရုပ်သန္တန်နဲ့အတူ ကာလာတွေနဲ့ရှိနေတယ်။ နောက်ပြောရမှာကကော့ အဲဒီနည်း စပြီးတော့ လေ့ကျင့်ပြီ၊ သိဒ္ဓိတန်ခိုးကို လေ့ကျင့်ပြီ ဆိုကတည်း လူမှာ ဥပါဒါန်ဆွဲနေရမယ်။ ဒါဟာ နေ့ရော၊ ညရော ဒါရကို ရရမယ် မဖြစ်မနေကိုရမယ်။ ခုနတုန်းက ဥပမာမှာ ထင်ရှားတာပြော မယ်ဆိုရင် အဲဒါ ဥပါဒါန်တွေကပ်နေတာ။ အဲဒီတော့ ဥပါဒါန် ကပ်နေတယ်ဆိုတော့ အခြားစိတ်တွေ မဖြစ်ပေါ်နိုင်ဘူးလား အခြားစိတ်တွေ ဖြစ်ပေါ်နိုင်တာပေါ့။

ကိုယ်လိုချင်တဲ့အရာကို အာရုံညွတ်နေရင်းနဲ့ပဲ လူဆိုတော့ လူမှုကိစ္စတွေ အများကြီးပဲ။ စိတ်ညစ်စရာရှိမယ်။ ဒေါသ ထွက်စရာရှိမယ်။ လန့်စရာရှိမယ်။ ပျော်စရာရှိမယ် စသည့်ဖြင့် အဲဒီအရာတွေ မပေါ်နိုင်ဘူးလား။ ပေါ်နိုင်တော့ ကောင်းတဲ့ စိတ်တွေပေါ်ရင်တော့ အကြောင်းမဟုတ်ဘူး။ မကောင်းတဲ့ ဒေါသစိတ်တွေ၊ မောဟစိတ်တွေ၊ လောဘစိတ်တွေ ပေါ်လာ မယ်ဆိုရင် ခုနကကျင့်စဉ်ကို အနှောက်အယှက်ဖြစ်နိုင်တယ်။ အဲဒီကျင့်စဉ်ကို အနှောင်အယှက် ဖြစ်မယ်ဆိုရင်တော့ ကျင့်စဉ် အထမမြောက်ဘူး။

အဲဒီတော့ ဘယ်လို လုပ်ရမလဲဆိုတော့ မကောင်းတဲ့ စိတ်လို့ ယူဆတဲ့ အရာတွေကို လမ်းပြောင်းပေးပါ။ အဲဒါ စိတ်လမ်းပြောင်းတယ်လို့ ခေါ်ပါတယ်။ သို့မဟုတ်ရင် ဝေဒနာ လမ်းပြောင်းတယ်လို့ ခေါ်ပါတယ်။ ဘာနဲ့ သန္တန်တူသလဲဆိုရင် ဘောလုံးကလေးကို လူတစ်ယောက် လှိမ့်ပေးတယ်။ ကိုယ်က အဲဒီဘောလုံးကို ဖမ်းပြီးတော့ ကိုယ့်ရဲ့ ညာဘက်ကိုပို့ ရမယ်။ အဲဒီတော့ လှိမ့်တာကသက်သက်၊ လှိမ့်တဲ့လူက သက်သက် လှိမ့်လိုက်တယ်၊ ကိုယ့်ဟာ ကိုယ်တစ်ခါဖမ်းမယ်။ ဖမ်းပြီးတော့မှ ကိုယ်ပို့ရမယ့် ညာဘက်က လူဆီကို ပစ်ပို့မယ် အစား ဟိုက လှိမ့်လိုက်တာလေးကို လက်ကလေးနဲ့အသာခံ ပြီးတော့ ခပ်စောင်းစောင်းကလေး ခံလိုက်လို့ရှိရင် ဘောလုံး ကလေးဟာ ကိုယ့်လက်ကို လာထိတာရယ်။ ဟိုဘက်ကို ထွက်သွားတာရယ်ဟာ နှစ်ခုသောအလုပ် မဟုတ်တော့ဘဲနဲ့တစ်ခု သောအလုပ်ပေါ့။ စိတ်လမ်းပြောင်းလိုက်တာ။

ကဲ . . . အဲဒီကျင့်စဉ် ကျင့်နေတုန်းမှာ ကျင့်စဉ်က လည်း မပြီးသေးဘူး။ ဒေါသဖြစ်စရာ ကြီးကြီးမားမား ဖြစ်လိုက်ပြီဆိုတာနဲ့ ဒေါသလို့ သိလုက်တာနဲ့ အဲဒီဒေါသကို ဘယ်အထိ ပြောင်းရမှာလဲ။ ကိုယ်လိုချင်တဲ့ ဝေဒနာအထိ ပြောင်းလိုက်ရမယ်။ အဲဒီ စိတ်ဆိုးစရာကြီး၊ ဒေါသကြီးကို ငါတိုက်အိမ်ကြီးနဲ့ နေရမယ့် ဒေါသ ကြီးပါလားလို့ သိလိုက်ပါ။ စိတ်ဓာတ် ကျစရာကြီးလား။ သြော် . . . မကောင်းတဲ့စိတ်။ ညံ့တဲ့စိတ်၊ နော် . . . ညှိုးငယ်တဲ့စိတ်၊ ဒီစိတ်တွေဟာ ငါ တိုက် အိမ်ကြီးနဲ့ နေရမယ့် အရာတွေပဲလို့ တစ်ခါတည်း မှတ်ယူလိုက်ပါ။ လက်နဲ့ထိသွားရင် အမလေးလို့ အော်မိတာနဲ့ အဲဒီ အမလေးဟာ ငါ တိုက်အိမ်ကြီးနဲ့ နေရမယ့် အမလေးပါလား။ လူတစ်ယောက်ကို စိတ်ဆိုးလို့ ဆဲမယ်ဆိုရင် မဆဲနဲ့တော့။ တစ်ခါတည်း အာရုံပြုလိုက်၊ ငါ တိုက်အိမ်ကြီးနဲ့ နေရမယ့် ဒီဆဲစရာကိစ္စပေါ့။ ရိုက်စရာကိစ္စလည်း မရိုက်နဲ့တော့။ ငါ တိုက်အိမ်ကြီးနဲ့နေရမယ့် ရိုက်စရာ ကိစ္စကြီး ပါလားလို့ သိပစ် လိုက်တာနဲ့ စိတ်လမ်း ပြောင်းပြီးသား ဖြစ်သွားတာပေါ့။

စိတ်လမ်းပြောင်းတယ်ဆိုတာ မကောင်းဘူးလို့ထင်တဲ့ အညံ့စိတ်တွေ၊ ဒေါသစိတ်တွေ၊ မောဟစိတ်တွေ၊ လောဘစိတ်တွေ သက်သက် မဖျောက်တော့ဘူး။ အဲဒါတွေဟာ ကောင်းတဲ့စိတ်တွေ ဖြစ်သွားပြီး။ အဲဒီ ဒေါသ ဖြစ်လိုက်တာဟာ ငါ တိုက်အိမ်ကြီးနဲ့ နေဖို့ဆိုပြီး ဒေါသကို ခံယူလိုက်တာ။ အဲဒီမှာ အင်မတန် ပြင်းထန်တဲ့ဒေါသ ဝေဒနာ တန်ခိုးကြီး အဖြစ်နဲ့မိမိခန္ဓာထဲမှာ အကျအန ကိန်းဝပ်ပြီး သိုလှောင်ပြီး သားဖြစ်သွားမယ်။ အဲဒီအတိုင်း နားလည်ကြပါ။ အဲဒီတော့ အဲဒီ စိတ်လမ်းပြောင်းတဲ့ အခါတွေမှာ ကြောက်သွားတဲ့ အခါမှာလည်း စိတ်ပြောင်း ရတာ အကောင်း ဆုံးပဲ။ ဝေဒနာအရဆုံးပဲ။

နောက် သာမန်အချိန်မှာ ရေချိုးနေရင်းနဲ့၊ ရေချိုးတယ်ဆိုတာ ရေနဲ့ ခန္ဓာကိုယ်နဲ့ ထိတဲ့အခါမှာ စိတ်လမ်း ပြောင်းလို့ကောင်းပါတယ်။ အခု ငါချိုးနေတဲ့ရေတွေက အေးသွားတယ်ဟာ အဲဒါ ငါ တိုက်အိမ်ကြီးနဲ့နေရဖို့ အေး သွားတာ။ ငါ့ကိုယ်ထဲမှာ အဲဒီတန်ခိုးသတ္တိတွေ ၀င်သွားပြီး။ ထမင်းစားတဲ့အခါမှာလည်း အဲဒီလိုပဲ ခံယူလိုက်ပါ။ စိတ်လမ်း ပြောင်းစရာတွေချည်းပဲလို့ နားလည်လိုက်ပါ။ နောက်တစ်ခု ကတော့ ဒီဝေဒနာကို အပြင်းထန်ဆုံးထဖို့၊ နိုးဖို့။ အခုလုပ်နေတာ ဝေဒနာတန်ခိုးမို့လား။ သိဒ္ဓိဆိုတာ ဝေဒနာတန်ခိုးပဲ။ ခံစားမှုတွေကို တန်ခိုးဖြစ်အောင် လုပ်တာ။

အဲဒီအကြောင်းရောတွေမှာ လူတစ်ယောက်ဟာ ချမ်းသာ ကြွယ်ဝဖို့ အာရုံပြုထားရင် ဝေဒနာပိုတက်တယ်။ အခြွေအရံ များဖို့ ကျက်သရေမင်္ဂလာတိုးဖို့ သြဇာတန်ခိုးကြီးဖို့ ကျန်းမာဖို့ မျက်နှာပွင့်ဖို့၊ ကျော်ဇောထင်ရှားဖို့၊ ပညာဥာဏ်ကြီးဖို့ အကျဉ်းအကြပ်မှ လွတ်မြောက်ဖို့၊ ကြီးမားတဲ့ အလုပ်အကိုင် ကြီးတွေ၊ ရာထူးကြီးတွေရဖို့၊ ချစ်သော သူကိုရဖို့၊ ရဲရင့်တည် ကြည်ဖို့ အဲဒီအချက်တွေကို လူတွေက တောင်းတကြတယ်။ ရယူလိုချင်တယ်။

ခုနက ကြိုက်မကြိုက်ထဲမှာ ကြိုက်ထဲမှာပါတယ်။ အဲဒီတော့ ကြိုက်ထဲမှာကျတော့ ကြိုက်ဝေဒနာကို ဖန်တီး မယ်။ ဝေဒနာတန်ခိုးကို ဖန်တီးမယ်ဆိုရင် အဲဒီဟာတွေလည်း အာရုံပြုလို့ရပါတယ်လို့ ပြောရင်းနဲ့ တန်ခိုးသိဒ္ဓိရဲ့သတ္တိ သဘောကို ဒီအခန်းမှာရပ်ပါတယ်။ ဒါတွေဟာ လောကီ စိတ်ပညာကျင့်စဉ်တွေပဲလို့ မှတ်ယူထားပါ။ ဘာသာရေးနဲ့ မဆိုင်ပါဘူး။ ဘယ်ဘာသာဝင်မဆို လုပ်လို့ရပါတယ်။

မဟာဂန္ဓာရီစခန်းမှ
မင်းသိင်္ခ(၁၉၉၉-ဧပရာယ်လ-၅ရက်)
ညသန်းခေါင်ကျော်အချိန်၊ မှော်ဘီစခန်း

Sunday, November 14, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels