Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ကျန်းမာခြင်းဟာ လာဘ်တစ်ပါး

ဓာတ်စာစားရခြင်း

ကျွန်ုပ်သည် မဟာချိုင်မြို့သို့ ရောက်ပြီး၍ (၅)လခန့်အကြာတွင် ( K-L )ဟု အမည်ရသောအရပ်တွင် ဗေဒင်ဟောခန်း ဖွင့်လှစ်နေထိုင်ခဲ့၏။ ထိုနေရာတွင် အခန်းတစ်ခန်းငှား၍ ကျွန်ုပ်တစ်ယောက်ထဲ နေထိုင်ရလေ၏။ ထိုင်းနိုင်ငံသို့ ရောက်ခါစဖြစ်သောကြောင့် ကျွန်ုပ်တွင် ရင်းနှီးသော မိတ်ဆွေအပေါင်းအသင်းဟူ၍လည်း များများစားစာမရှိသေးပေ။ ဗေဒင်ဟောခန်းအတွင်းသို့ ဗေဒင်မေးမည့်လူ လာလျှင် ဗေဒင်ထိုင်ဟောပေးရ၏။ ဗေဒင်မေးမည့်သူမလာလျှင် ကျွန်ုပ်တစ်ဦးတည်းသာလျှင် နေထိုင်ခဲ့ရလေ၏။

ကျွန်ုပ်သည် အစပထမတွင် တစ်ခါတစ်ရံ ကြောက်စိတ်ဝင်၏။ တစ်ခါတစ်ရံတွင် ပျင်းရိသောစိတ်များဝင်၏။ တစ်ခါတစ်ရံတွင် လွမ်းသလိုလို ဆွေးသလိုလို ဖြစ်၏။ တစ်ခါတစ်ရံတွင်အထီးကျန်သလို ခံစားရ၍ တစ်ခါတစ်ရံ တွင်မူ အေးချမ်းသလိုလို ခံစားရပြန်၏။ တစ်ခါတစ်ရံ စိတ်အေးချမ်းသာစွာ ပုတီးထိုင်စိပ်၍ ပျော်နေပြီး တစ်ခါတစ်ရံတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပစ်လိုက်၏။ ထိုကဲ့သို့ ကျွန်ုပ်၏ စိတ်သည် နေရာပြောင်းသော သူများ၏ ထုံးတမ်းစဉ်လာအတိုင်း တက်လိုက်ကျလိုက် ပျော်လိုက်ပျင်းလိုက် ၀မ်းနည်းလိုက်ဝမ်းသာလိုက်ဖြင့် မအီမလည် ဖြစ်နေလေတော့၏။

တစ်နေ့တွင် ကျွန်ုပ်သည် အခန်းထဲတွင် ရာသီဥတုပြောင်း၍ အပြင်းဖျားလေတော့၏။ အိပ်ယာထဲတွင် လဲတော့၏။ ထိုင်းစကားလည်း အနည်းငယ်မျှပင် မတတ်သေးသောကြောင့် ဆေးရုံဆေးခန်းကို သွားဖို့အတွက်ပင် မသွားတတ် ဖြစ်နေ၏။ ဆေးဆိုင်မှာ ဆေးသွားဝယ်ဖို့ပင် မပြောတတ်မဆို တတ်ရှိနေလေရာ ကျွန်ုပ်သည် အခန်းထဲတွင် တစ်ယောက်ထဲအိပ်ယာထဲတွင် လဲလျှက် ရှိလေတော့၏။ ထိုအချိန်တွင် ကျွန်ုပ်သည် မြန်မာပြည်တွင်ရှိသော မိဘများကိုလည်း လွမ်းမိ၏။ အကိုအမများကိုလည်း လွန်စွာ သတိယမိလေတော့၏။

ကျွန်ုပ်သည် အပူရှိန်ပြင်းထန်လွန်းရကား အတန်တန်သတိထားနေသည့် ကြားမှပင် ကျွန်ုပ်၏သတိသည် လစ်တစ်ချက် ရတစ်ချက်ဖြစ်နေလေတော့၏။ အိပ်မက်မက်သလိုလို ဖြစ်နေ၏။ ကောင်းကင်တွင် မျှောနေသလို ဖြစ်နေ၏။ ကျွန်ုပ်၏ စိတ်ထဲတွင် ငါသည်ကား ဒီနေရာတွင် မိမသိဘမသိ သေဆုံးရတော့မှာပါလား။ ငါ သေသွားရင်တော့ ငါ့မိဘတွေကို ဘယ်သူ အကြောင်းကြားပေးမှာလဲ။ ငါ့ မိဘတွေကတော့ ငါ့ကို လောကကြီးမှာ ရှိနေသေးတယ်လို့ ထင်ပြီး ငါဆီက ဖုန်းဆက်တာတွေ ၊ ငွေပို့ပေးတာတွေကို မျှော်လင့်နေကြမှာပဲ။ နောက်ဆုံး အဆက်အသွယ်ပြတ်တောက် သွားတဲ့အခါကျရင် သူတို့ဘယ်လိုဆက်လုပ်ကြမှာလဲ အစရှိသည်ဖြင့် အတွေးဝင်လာလေရာ ကျွန်ုပ်၏စိတ်သည် ချက်ချင်းဆိုသလို ၀မ်းနည်းအားငယ်သော စိတ်များ ၀င်လာလေရာ မျက်ရည်များပင် တွေတွေကျဆင်းလာလေတော့၏။

ထိုအချိန်တွင် ကျွန်ုပ်၏ အခန်းအတွင်းသို့ တစ်စုံတစ်ယောက်သည် အခန်းတံခါးခေါက်ရင်း ဖွင့်၍ ၀င်လာလေ၏။ ကျွန်ုပ်သည် လွန်စွာ အားနည်းနေသည့်ကြားမှပင် မျက်လုံးကို အနိုင်နိုင်ဖွင့်၍ ကြည့်လိုက်လေရာ ကျွန်ုပ်တို့ တိုက်တွင် သန့်ရှင်းရေးလုပ်ရန် ငှားထားသော ကရင်အမျိုးသမီးကြီး ဖြစ်လေ၏။ ထိုကရင်အမျိုးသမီးကြီသည် အိပ်ယာထဲတွင် လဲနေသောကျွန်ုပ်ကို မြင်လျှင် ကောင်ကလေး နေမကောင်းဘူးလားဟု မေးရင်း ကျွန်ုပ်အနီးသို့ ၀င်ရောက်လာရင် ကျွန်ုပ်၏နဖူးအား လာရောက်စမ်းကြည့်လေ၏။ ထိုအချိန်တွင် ကျွန်ုပ်သည် အပူပြင်းထန်လျှက် ရှိနေလေ၏။

နောက်ဆုံးတွင် ထိုကရင်အမျိုးသမီးကြီးသည် ကျွန်ုပ်အားလွန်စွာ ဂရုဏာသက်သွားရကား ကျွန်ုပ်ကို ဆေးဝယ်ပေးခြင်း ၊ ကြက်သားဆန်ပြုတ်၊ မားမားအစရှိသည်များကို ချက်ပြုတ်ကျွေးမွေးခြင်း၊ ရေပတ်တိုက်ပေးခြင်း အစရှိသည်တို့ကို သူ၏ သားအရင်းတစ်ဦးပမာ ပြုစုလေ၏။ နောင်တွင် ကျွန်ုပ်တို့ နှစ်ဦးသည် တကယ့်သားအမိအရင်းအခြာများပမာ ရင်းနှီခင်မင်သွားလေတော့၏။ ကျွန်ုပ်သည် သူ့အား အမိုးဟုခေါ်လေ၏။

အမိုး၏ကျေးဇူးကြောင့် ကျွန်ုပ်သည် ထူထူထောင်ထောင် ပြန်ဖြစ်လာလေ၏။ နလန်ပြန်ထလာ၏။ လမ်းလျှောက်နိုင်လာ၏။ သို့သော် ကျွန်ုပ်တွင် ချောင်းဆိုးရောဂါတစ်ခုသည် ကျန်ခဲ့လေ၏။ ထိုချေင်းဆိုးရောဂါသည် မည်သည့်ဆေးကိုသောက်သောက် မပျောက်ပဲ ရှိနေလေ၏။ ထိုချောင်းဆိုးသော ဝေဒနာသည် ကျွန်ုပ်အား လွန်စွာနှိပ်စက်လေ၏။ ရိုးရိုးချောင်းဆိုးခြင်းနှင့် မတူပဲ ချောင်းခြောက်ကြီးဆိုးသည်ဖြစ်ရာ ကျွန်ုပ်သည် နေ့မအိပ်နိုင်ညမအိပ်နိုင် ဖြစ်နေသောကြောင့် လွန်စွာပင်ပန်းဆင်းရဲစွာ နေရလေတော့၏။

ထိုအချိန်တွင် ကျွန်ုပ်၏ စိတ်၌ အော်... ငါ့ရဲ့ ရောဂါဟာ ဘာဆေးသောက်သောက် မပျောက်ဘူး ဖြစ်နေပါလား။ ဒီအတိုင်းနေလို့တော့ မဖြစ်ပေဘူး။ ငါတို့ သင်ထားတဲ့ ဗေဒင်ပညာမှာ ကျန်းမာရေးကောင်းအောင် ချေတဲ့ ယတြာတွေ ရှိတာပဲ။ ငါကလဲ ယောင်းမလိုလူပါလား။ နီးရက်နဲ့ ဝေးနေလိုက်တာ။ အဘ ငါတို့ကို သင်ပေးတဲ့ ပညာတွေထဲမှာ အင်္ဂ၀ိဇ္ဇာမှာ နေမကောင်းရင် ဓာတ်စာစားပြီး ကုတဲ့နည်းရှိနေတာပဲ။

အင်္ဂ၀ိဇ္ဇာမှာ အသက်ဓာတ်တိုင်နဲ့ အသက်ဓာတ်စာ ဆိုတာရှိတာပဲ။ အသက်ဓာတ်တိုင်ဆိုတာကလည်း ခက်တာမှ မဟုတ်တာ။ ရောက်တဲ့အသက်ကို (၇)နဲ့စားရင် ရတာပဲ။ အကြွင်းဟာ ဓာတ်တိုင်ဂြိုဟ်ပဲ။ အခု ငါ့အသက်က (၃၂)ဆိုတော့ (၇)နဲ့ စားလိုက်ရင် (၄) ကြွင်းတာပဲ။ (၄) ဆိုတော့ ဗုဒ္ဓဟူးပဲ။ အဲဒီတော့ (၄)ဆိုတဲ့ ဗုဒ္ဓဟူးဂြိုဟ်ဟာ ငါ့ရဲ့ ဓာတ်တိုင်ဂြိုဟ် ဖြစ်သလို ဓာတ်စာဂြိုဟ်လဲ ဖြစ်တယ်။ ငါ ဒီနှစ်ထဲမှာ နေမကောင်းဖြစ်ရင် ဗုဒ္ဓဟူးဂြိုဟ်ကို စားရမယ်။ ၀က်သားဟင်းဟာ ငါ့အတွက် ဓာတ်စာဟင်းပဲ။ လဘက်ရည်ဟာ ငါ့အတွက်ဓာတ်စာပဲ။ ရေနွေးကြမ်းလဲ ရတာပဲ။

စားရမယ့်နေ့ဟာ ဆပွတ်နေ့ဆိုတော့ (၆)ခုမြောက်နေ့ဆိုတော့ တနင်္လာရဲ့ ဆပွတ်နေ့ဟာ စနေနေ့ပဲ။ အဲဒီတော့ စနေနေ့မှာ ငါ ၀က်သားဟင်းနဲ့ ထမင်းတစ်နေ့ကုန်စားမယ်။ လဘက်ရည် သောက်မယ်။ ရေနွေးကြမ်း သောက်မယ်။ စားရမယ့်အခါက ပဉ္စပွတ်အခါဆိုတော့ တနင်္လာရဲ့ ပဉ္စပွတ်အခါဟာ သောကြာပဲ။ သောကြာအခါမှာ ဓာတ်စာတွေ ဖိစားလိုက်ရင် ငါ့ရဲ့ ချေင်းဆိုးတဲ့ရေ၈ါဟာ သေချာပေါက် ပျောက်ကိုပျောက်သွားစေမယ်ဟုတွေး၍ စနေနေ့သို့ ရောက်သောအခါတွင် အမိုးအား ၀က်သားဟင်းကို ချက်ခိုင်း၍ စား၏။ လဘက်ရည်ကို သောက်၏။ ရေနွေးကြမ်းများကိုလည်း တစ်နေ့ကုန် တစ်ခွက်ပြီးတစ်ခွက် သောက်၏။ နောက်တစ်နေ့ မိုးလင်းသောအခါတွင် ကျွန်ုပ်အားလွန်စွာ နှိပ်စက်သော ချောင်းဆိုးရောဂါသည် ကျွန်ုပ်ထံမှ အပြီးအပိုင် ထွက်ပြေးလေတော့၏။

ကျွန်ုပ်၏ မိတ်ဆွေများခင်ဗျား အောက်တွင်ဖော်ပြပေးလိုက်သော ဇယားလေးကို သင်၏ မှတ်စုစာအုပ်ထဲတွင် တစ်ချက်လောက် ကူးယူသိမ်းထားလိုက်ပါ။ တစ်နေ့နေ့တစ်ချိန်ချိန်တွင် သင့်အတွက်သော်၎င်း ၊ သင်၏ မိတ်ဆွေ ဆွေမျိုးများအတွက်သော်၎င်း နေမကောင်းဖြစ်နေပါက ဤဓာတ်စာ စားသောနည်းကလေးသည် များစွာ အကျိုးပြုပေလိမ့်မည်။

အော်... တစ်ခုမေ့တော့မလို့။ ပဉ္စပွတ်အခါ ဆိုတာလေးနော်။

တနင်္ဂနွေ၏ ပဉ္စပွတ်အခါမှာ တနင်္ဂနွေနေ့ (၁း၃၀) မှ (၃း၀၀)အတွင်း။
တနင်္လာ၏ ပဉ္စပွတ်အခါမှာ တနင်္လာနေ့ (၁း၃၀) မှ (၃း၀၀)အတွင်း။
အင်္ဂါ၏ ပဉ္စပွတ်အခါမှာ အင်္ဂါနေ့ (၁း၃၀) မှ (၃း၀၀)အတွင်း။
ဗုဒ္ဓဟူး၏ ပဉ္စပွတ်အခါမှာ ဗုဒ္ဓဟူးနေ့ (၁း၃၀) မှ (၃း၀၀)အတွင်း။
ကြာသပတေး၏ ပဉ္စပွတ်အခါမှာ ကြာသပတေးနေ့ (၁း၃၀) မှ (၃း၀၀)အတွင်း။
သောကြာ၏ ပဉ္စပွတ်အခါမှာ သောကြာနေ့ (၁း၃၀) မှ (၃း၀၀)အတွင်း။
စနေ၏ ပဉ္စပွတ်အခါမှာ စနေနေ့ (၁း၃၀) မှ (၃း၀၀)အတွင်း။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဆရာဟိန်းတင့်ဇော်

Tuesday, November 30, 2010

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels