Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

ပြီးတော့လည်း ပြီးသွားမှာပါ

ကျွန်ုပ်သို့ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည်မှာ ယခုဆိုလျှင် လေးနှစ်တင်းတင်း ပြည့်မြောက်လာခဲ့ပြီ ဖြစ်လေ၏။ လေးနှစ်ပင် ပြည့်ပင်ပြည့်ငြားသော်လည်း ထိုင်းစကားကို ထမင်းစားရေသောက်ပင် ကောင်းကောင်းမွန်မွန် မပြောဆိုတတ်သေးပေ။ ထို့အတွက်ကြောင့် ကျွန်ုပ်သည် ထိုင်းနိုင်ငံတွင် နေရေးထိုင်ရေး လွန်စွာ ကသိကအောက် ဖြစ်ရလေ၏။ ကျွန်ုပ်အပေါ်တွင် ကောင်းမွန်ကြသော ထိုင်းစကားကျွမ်းကျင်ကြသော မိတ်ဆွေ အပေါင်းအသင်းများသာ မရှိပါက ကျွန်ုပ်သည် တစ်နေကုန်နေ၍ ထမင်းတောင်ကိုယ့်ဖာသာ စားရဖို့မမြင်ပေ။

အစတုန်းကတော့ ကျွန်ုပ်သည် ထိုင်းစကားအနည်းငယ်ကို ပြောကြည့်သေး၏။ ထိုင်းလူမျိုးများက ကျွန်ုပ်ပြောလိုက်သော စကားကို လုံးဝနားမလည်သောကြောင့် (အလိုင်နား- ဘာပြောတာလဲ)ဟု ပြန်မေးတတ်လေ၏။ ထို့ကြောင့် နောင်သောအခါတွင် အသက်ကြီးမှ လက်ပေးသင်ဆိုသကဲ့သို့ ကွန်ုပ်ပြောဆိုသော စကားများကို နားမလည်သည်ကို ရှက်သောကြောင့် မပြောရင်းမပြောရင်းဖြင့် လုံးဝမတတ်သော မပြောတတ်သော အခြေအနေသို့ ကျရောက်ခဲ့ရလေ၏။

ယခုအခါ ကျွန်ုပ်သည် ထိုင်းနိုင်ငံတွင်နေထိုင်၍ ထိုင်းစကားမတတ်သည်မှာ လွန်စွာ မျက်နှာငယ်ရကြောင်းကို ငြီးငြူမိလေရာ ကျွန်ုပ်၏ တပည့်တစ်ဦးက ထိုင်းစကားသင်ပေးသော ဆရာမတစ်ဦးကို ကျွန်ုပ်ထိုင်းစကား သင်ယူရန်အတွက် ခေါ်ပေးလေတော့၏။ ထိုထိုင်းလူမျိုး ဆရာမကလေးသည် အသက်အရွယ်အားဖြင့် (၂၈)နှစ်ခန့်ရှိ၏။ အသားက ဖြူဖြူဖွေးဖွေးလေးဖြင့် လွန်စွာကြည့်၍လည်း ကောင်းမွန်လှပေ၏။ သူသည် လွန်စွာမှလည်း သဘောမနောကောင်းရုံတင်မက စာသင်ရာတွင်လည်း လွန်စွာ စိတ်ရှည်သည်ဖြစ်ရာ မှတ်ညာဏ်မကောင်းသော ကျွန်ုပ်အတွက် လွန်စွာ အဆင်ပြေနေလေ၏။

ထိုင်းဆရာမကလေးသည် ကျွန်ုပ်၏အခန်းသို့ တစ်ပါတ်လျှင် (၅)ရက်တိတိ ထိုင်းစာနှင့်ထိုင်းစကားကို လာရောက်၍ သင်ပြပေးလေ၏။ နေ့လည် (၂)နာရီခန့်တွင် ရောက်လာ၍ (၅)နာရီလောက်ရောက်မှ ပြန်လေတော့၏။ ကြာသောအခါတွင် ကျွန်ုပ်နှင့် ဆရာမကလေးတို့သည်လည်း လွန်စွာရင်းနှီးခင်မင်သော အဖြစ်သို့ ရောက်ရှိလေတော့၏။ မောင်နှမအရင်းအခြာများပမာ ရင်းနှီးခင်မင်သောအဖြစ်သို့ ရောက်ရှိလေတော့၏။

တစ်ခါတစ်ရံ ညနေ (၅)နာရီထိုး၍ အိမ်ပြန်ကာနီးတွင် ဆရာမကလေးက “ အကျန်(ဆရာ) အပြင်မှာထမင်း သွားစားရအောင်ဟု ခေါ်လျှင် ကျွန်ုပ်က လိုက်ကျွေး၏။ တစ်ခါတစ်ရံ အလုပ်ပိတ်ရက်များတွင် ကျွန်ုပ် မရောက် ဖူးသောအရပ်ဒေသများသို့ လိုက်ပို့ပေးလေ၏။ တစ်ခါတစ်ရံ ထိုင်းဆရာမကလေးနှင့် ကျွန်ုပ်သည် ဈေးဝယ်သွားကြလေ၏။ ထိုကဲ့သို့ တစ်ဦးနှင့်တစ်ဦး ရင်းရင်းနှီးနှီး တပူးတွဲတွဲ နေထိုင်လာခဲ့၍ ကြာလာသောအခါတွင် ကျွန်ုပ်နေထိုင်သော ပါတ်ဝန်းကျင်မှ လူများသည် ကျွန်ုပ်အား ရှေ့တွင်တမျိုး။ ကွယ်ရာတွင် တစ်ဖုံ အမျိုးမျိုး အတင်းပြောကြလေတော့၏။

တစ်ချို့က ဆရာမကလေးနှင့် ဗေဒင်ဆရာသည် တိတ်တိတ်ပုန်း ညားနေကြပြီဟူ၍၎င်း ဖြစ်နေကြပြီဟူ၍၎င်း ပြောဆိုကြလေတော့၏။ တစ်ချို့ကဆိုလျှင် ကိုယ်ဝန်တောင် ဖျက်ချရသည်အထိပင် ပြောဆိုကြလေ၏။ ထိုစကားများကို ကျွန်ုပ်နှင့် လွန်စွာရင်းနှီးသော အသိမိတ်ဆွေများက ကျွန်ုပ်ထံသို့ သယ်ဆောင်လာခြင်းပင် ဖြစ်လေတော့၏။ ဆရာ သတိထားနော် ၊ ထိုင်းတွေက ဒါတွေ သိပ်ဂရုစိုက်တာ မဟုတ်ဘူး။ ကျွန်မတို့က ကိုယ့်ဆရာ သိက္ခာကျမှာစိုးရိမ်လို့ သတိပေးတာပါ စသည်ဖြင့် သတိပေးသလိုလိုဖြင့် အတည်ပြောကြလေ၏။

တစ်ချို့ကလည်း ဆရာဟိန်းတင့်ဇော် မင်္ဂလာဆောင်ရင် ဘာကြွေးမှာလည်းဟု ခပ်တည်တည်ဖြင့် နောက်ကျလေရာ ကျွန်ုပ်၏ စိတ်ဓာတ်များသည် ဆောက်တည်ရာမရ လွင့်မျောနေလေတော့၏။ ထိုင်းစာသင်ခြင်းကို၎င်း၊ ဆရာမကလေးနှင့် ထမင်းအတူသွားစားရသည်ကို၎င်း အရင်တုန်းကလောက် စိတ်ပါလက်ပါ မရှိတော့ပေ။ တစ်ခါတစ်လေ မကောင်းတတ်၍ နှစ်ယောက်အတူတူ သွားရလျှင်လည်း လမ်းမှာတွေ့ရသော လူအများ၏ မျက်နှာကို ကြည့်မိရင်း အင်း... ငါ့အတင်းတွေတော့ ပြောနေတော့မှာပဲဟု ကိုယ့်ဘာသာ မလုံမလဲ တွေးမိလေတော့၏။

ထိုရက်များတွင် ကျွန်ုပ်၏စိတ်သည် ၎င်းကိစ္စကို အကြောင်းပြု၍ လွန်စွာမှပင် စိတ်လေနေလေတော့၏။ မိမိရှေ့ဆက်၍ ရည်ရွယ်ထားသော လုပ်ငန်းကိစ္စများ ခေါင်းထဲသို့ ရောက်ရှိလာသောအခါတွင်လည်း မအောင်မမြင်ဖြစ်မည်ကို တွေးတောပူပန်မိလေပြန်၏။ တပည့်များက သယ်လာသော ပတ်ဝန်းကျင်ပြောသော စကားများကို ပြန်လည်ကြားရသောအခါတွင်လည်း လူတွေကို ဒေါသ ဖြစ်မိပြန်၏။ ထိုကဲ့သို့ ကျွန်ုပ်၏ စိတ်သည် လေလိုက် ကျလိုက် ဒေါသထွက်လိုက် စသည်ဖြင့် ဆောက်တည်ရာမရ ဖြစ်နေလေတော့၏။ ထိုအချိန်တွင် အဘမင်းသိင်္ခပြောပြဖူးသော အောက်ဖော်ပြပါ ပုံပြင်လေးကို ပြန်လည်အမှတ်ရမိလေတော့၏။

ပြီးတော့လည်းပြီးသွားမှာပါကွာ

မင်းတို့ကို ငါ ပုံလေးတစ်ပုံ ပြောပြမယ်။ ဟိုး... ရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးရှိတယ်။ အဲဒီ ဘုရင်ရဲ့ တိုင်းပြည်ကို တစ်ခြား အင်အားကြီးတိုင်းပြည်က ဘုရင်တွေက တိုက်ခိုက်ဖို့ ကြံစည်နေကြတယ်။ အဲဒီမှာ ဘုရင်ကြီးဟာ စိတ်ညစ်ရတော့တာပေါ့ကွာ။ အဲဒီတော့ သူနဲ့ရင်းနှီးတဲ့ ရသေ့ကြီးဆီမှာ အဆောင်ကလေးတစ်ခု သွားပြီးတောင်းတယ်။ သူတောင်းတဲ့အဆောင်က စိတ်ညစ်စရာတွေ ကြုံရင်လည်း စိတ်မညစ်ရဘဲ ပြေပျောက်သွားရမယ်တဲ့။ ပျော်စရာနဲ့ ကြုံရင်လည်း အရမ်းမပျော်ဘဲ တည်တည်ငြိမ်ငြိမ် ဖြစ်သွားရမယ်တဲ့။ အဲဒီလို အစွမ်းထက်တဲ့ အဆောင်လေးတစ်ခု ပေးပါလို့ တောင်းတယ်။

အဲဒီတော့ ရသေ့ကြီးက ကျောက်အနက်ကလေးနဲ့ ကွင်းထားတဲ့ လက်စွပ်ကလေးတစ်ကွင်း လုပ်ပေးလိုက်တယ်။ လက်မှာ ၀တ်ထားဖို့လည်း မှာလိုက်တယ်။ ပြီးတော့ စိတ်ညစ်စရာတွေ ကြုံတဲ့အခါမှာ ဒီလက်စွပ်ကလေးကို စိုက်ပြီး ကြည့်လိုက်တဲ့။ ကြည့်တဲ့အခါ ဘာမှတွေ့ရမှာ မဟုတ်ဘူးတဲ့။ အမှောင်ရှိတဲ့နေရာမှာ ကြည့်တဲ့။ သိပ်ပြီး ပျော်လာတဲ့အခါမှာလည်း အဲဒီလိုပဲ လက်စွပ်ကလေးကို ကြည့်ပါတဲ့။ အဲဒီအခါမှာ ဘုရင်ကြီးဟာ သူလိုချင်တဲ့ အဆောင်လက်စွပ်ကလေး ရတဲ့အတွက် အလွန်ပဲ ၀မ်းသာသွားတယ်။

အဲဒီလက်စွပ်ကလေးရပြီး သိပ်ပြီး မကြာပါဘူး။ အခြားတိုင်းပြည်ရဲ့ ဘုရင်တွေရဲ့ ခြိမ်းခြောက်မှု့ဟာ ပိုပြီး ပြင်းထန်လာတဲ့အတွက် ဘုရင်ကြီးဟာ အတော့်ကို စိတ်ညစ်သွားတယ်။ တုန်လည်း တုန်လှုပ်သွားရှာတယ်။ အဲဒီတော့ ဘုရင်ကြီးဟာ မှောင်ရိပ်ရှိတဲ့ ကျောက်တောင်ကလေးနားကို တက်သွားပြီး လက်စွပ်ကို စိုက်ပြီး ကြည့်လိုက်တယ်။ ရသေ့ကြီင်္းက အဲဒီလက်စွပ်ထဲမှာ စာထွင်းပြီးထည့်ထားတာ။ မှောင်ရိပ်ခိုပြီး ဘရင်ကြီးဟာ အဲဒီ ကျောက်နက်ကလေးကို စိုက်ကြည့်လိုက်တဲ့အခါ ကျောက်နက်ကလေးထဲက စာကို ကောင်းကောင်း ဖတ်လို့ ရသွားတယ်။ ဖတ်မိတာနဲ့ စိတ်ညစ်တာတွေရော ၊ ထိတ်လန့်တာတွေရော၊ စိုးရိမ်တာတွေ လုံးဝ လွင့်ပျောက်သွားတယ်။

အဲဒီကျောက်နက်လေးထဲက စာက ဘာလဲဆိုတော့... ပြီးသွားမှာပါ ဆိုတဲ့ စာပဲ။ ဆိုလိုတာက စိတ်ညစ်မနေနဲ့ သူ့ဘာသာသူ ပြီးသွားမှာပါတဲ့။ ပုံပြင်ကလေးကတော့ ဒီလောက်ပဲ။ အဲဒိတော့ မောင်ရင်တို့ကို ပြောချင်တာကတော့ ဘာပဲဖြစ်ဖြစ် ပြီးသွားမှာပဲကွာ။ ဘာမှ စိတ်ညစ်မနေနဲ့။

ကျွန်ုပ်သည် ဆရာသခင် အဘမင်းသိင်္ခ ပြောပြခဲ့ဖူးသော ထိုပုံပြင်ကလေးကို ပြန်လည်အမှတ်ရ လေသောကြောင့် ကျွန်ုပ်၏ စိတ်တွင် ထိုင်းဆရာမကလေးနှင့်ပတ်သက်၍ ပတ်ဝန်းကျင်က ပြောဆိုသော စကားများကို အကြောင်းပြုပြီး ဖြစ်တည်နေသော စိတ်ညစ်စရာများ၊ စိတ်မချမ်းမြေ့စရာ အသံများကို အကြောင်းပြု၍ ဖြစ်တည်နေသော စိတ်ရှုပ်စရာများသည်လည်း ပြီးသွားမှာပါ ဟူသော စကားတစ်ခွန်းကြောင့် လွန်စွာ သက်သာခွင့်ရလေတော့၏။ ထို့ကြောင့် ကျွန်ုပ်သည်လည်း ဆရာသခင်အဘမင်းသိင်္ခကို ရည်မှန်း၍ ဧကံသကန်တော့နည်းဖြင့် ကျေကျေနပ်နပ်ကြီး ကန်တော့ဦးချလိုက်လေတော့သတည်း။

ကျွန်ုပ်၏ ခင်မင်လေးစားရပါသော မိတ်ဆွေများခင်ဗျာ.....
ကောင်းတာပဲဖြစ်ဖြစ် ၊ ဆိုးတာပဲဖြစ်ဖြစ် ဘာတွေပဲဖြစ်နေဖြစ်နေ နောက်ဆုံးတော့လည်း ပြီးသွားမှာပဲ မဟုတ်လားဗျာ....

သင်တို့အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

Saturday, February 5, 2011

No comments:

Post a Comment

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels