အခုဆိုရင် အင်တာနက်ပေါ်မှာ (၁ - ၁ - ၂၀၁၀) နေ့ကစတင်ပြီး ဗေဒင်ပညာရယ်-ဗလာရယ်ဆိုတဲ့ ဆိုက်လေးကို စတင်ရေးသားခဲ့ပါတယ်။ အခုဆိုရင် (၁ - ၁ -၂၀၁၀)နေ့နေ (၁ - ၅ -၂၀၁၁) နေ့အထိ တစ်နှစ်ကျော်လာပါပြီ။ အွန်လိုင်းမှာ ဗေဒင်နဲ့ ပါတ်သက်တဲ့ ဆိုက်ကိုရေးတဲ့ ဗေဒင်ဆရာတစ်ဦးဆိုတာကို သိလာကြတော့ ကျွန်တော့်ဆီမှာ ဗေဒင်မေးကြတယ်။ နောက်တော့ ဟောစာတမ်းတွေ မှာလာကြတယ်။ အခကြေးငွေကို အဓိကထားတဲ့ ဗေဒင်ဆရာတစ်ယောက် မဟုတ်ပေမယ့် လူတော်တော်များများကတော့ ကျွန်တော့်ရဲ့ ပညာပူဇော်ခကို နည်းလမ်းပေါင်းဆုံနဲ့ ပို့ပေးကြပါတယ်။ ကျွန်တော်က ရပါတယ်ဗျာ။ အေးအေးဆေးဆေး လုပ်ပါ။ အဆင်ပြေမှ လုပ်ပါဗျာလို့ ပြောတာတောင် မနေနိုင်ကြဘူး။
နိုင်ငံတကာကနေ ဘဏ်ကနေ လွဲကြတယ်။ နောက် ငွေပို့တဲ့ ဌာနတွေကနေ ပို့ပေးကြတယ်။ နောက်ဆုံး လုံးဝ အဆင်မပြေတဲ့ လူတွေကြတော့ စာအိပ်ထဲကို ပိုက်ဆံထည့်ပြီး စာတိုက်ကနေ ပို့ပေးကြတယ်။ အဲဒီအတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။ အမှန်အတိုင်း ပြောရရင်တော့ ဗေဒင်ပညာတစ်ခုတည်းနဲ့ အသက်မွေး ၀မ်းကြောင်း ပြုတဲ့ ဗေဒင်ဆရာတစ်ဦး ဖြစ်သည့်အတွက် သူတို့ထံက ပြန်လည်တုန့်ပြန်လာတဲ့ ပညာပူဇော်ခကိုတော့ ပြန်လည် မျှော်လင့်မိပါတယ်။ ဒါပေမယ့် သူတောင်းစားတစ်ယောက်လို အတင်းအကြပ် တောင်းရမယ်ဆိုရင်တော့ လုပ်ဖြစ်မယ် မထင်ပါဘူး။
အဲဒါနဲ့ အခုနောက်ပိုင်း စီးပွားရေးလေးလည်း အဆင်ပြေလာတော့ ကျွန်တော့်ကို အကျိုးပြုတဲ့ အွန်လိုင်းက နိုင်ငံတကာ မိတ်ဆွေတွေအတွက် ကျွန်တော်ကလည်း တစ်ခုခု ပြန်လည်ပေးဆပ်ချင်တယ်။ ဘာလုပ်ရင် ကောင်းမလဲလို့ စဉ်းစားနေတာ တော်တော်လေးတောင်ကြာနေပါပြီ။ နောက်ဆုံးတော့ ကျွန်တော်က ဥုမ်သဟာ အွန်လိုင်းစာကြည့်တိုက် တစ်ခုလောက် တည်ဆောက်ချင်တယ်။ ကျွန်တော် အရမ်းကြိုက်တဲ့ စကားဝါမြေအွန်လိုင်းစာကြည့် ပိုင်ရှင်ကို ကျွန်တော် အီးမေးလ်ပို့ပြီး အကူအညီတောင်းလိုက်တယ်။ ကျွန်တော် စာကြည့်တိုက်တစ်ခုလောက် လုပ်ချင်တယ်လို့။ သူကလည်း ချက်ချင်းဆိုသလို အီးမေးလ်ပြန်ပို့လာတယ်။ လုပ်ချင်တာ လုပ်ပါတဲ့။ သူလည်း လိုအပ်တာ ကူညီပါ့မယ်လို့ ပြောတယ်။
အဲဒီမှာ နောက်ပိုင်း ကျွန်တော် တော်တော်လေး အလုပ်တွေ များနေတာနဲ့ ဘာမှ မလုပ်ဖြစ်သေးဘူး။ ပြီးခဲ့တဲ့ တစ်လလေက်တုန်းက ကျွန်တော် မြန်မာပြည်ကို ခနပြန်ဖြစ်တယ်။ အဲဒီမှာ မိတ်ဆွေကြီး ကိုဒေါင်းမင်းနဲ့ ကျွန်တော်တို့ ဆုံဖြစ်တယ်။ ကိုဒေါင်းမင်းက အိုင်တီမှာ အရမ်းကျွမ်းတယ်။ ဒါကြောင့် ကျွန်တော်က သူ့ကို အကူအညီတောင်းလိုက်တယ်။ ကျွန်တော်က ဘလော့စပေါ့ကို ဒေါ့ကွန်းပြောင်းချင်တာ။ အဲဒီလောက်တောင် ကျွန်တော့်က မလုပ်တတ်ဘူး။ နောက်ဆုံးတော့ ကိုဒေါင်းမင်းက ကူညီပေးလိုက်တာနဲ့ www.heintintzaw-library.com/ ဆိုပြီး ဖြစ်သွားတယ်။ အခုဆိုရင် မြန်မာပြည်က ခင်မင်တဲ့ မိတ်ဆွေများလည်း ၀င်လို့ ၇သွားပါပြီ။ အဲဒီအတွက် ၀မ်းသာပါတယ်။
နောက်တစ်ခုက စာအုပ်ကိစ္စကိုပါ။ ဒီမှာ ကျွန်တော်အဓိက တင်ချင်တဲ့ စာအုပ်တွေက ဗေဒင်ပညာ ၊ဂမ္ဘီရပညာ၊ စိတ်တန်ခိုးနှင့်ပါတ်သက်တဲ့ စာအုပ်တွေကို အဓိက ထားပြီးတင်ချင်တာပါ။ အွန်လိုင်းမှာက စေတနာရှင်များရဲ့ ၀ဘ်ဆိုက်တွေမှာအခမဲ့ဖတ်လို့ရတဲ့ စာအုပ်တွေ အများကြိးရှိတယ်။ ဒါပေမယ့် ဗေဒင်ပညာနဲ့ ပါတ်သက်တဲ့ စာအုပ်တွေ နည်းနေသေးတယ်။ ဒါကြောင့် ကျွန်တော် အဲဒီစာအုပ်တွေ ပြန်ဝယ်ပြီး တင်ပေးချင်တာပါ။ အွန်လိုင်းက စာအုပ်ရောင်းပေးတဲ့ ဆိုက်တွေနဲ့လည်း ကျွန်တော် ဆက်သွယ်ထားပါတယ်။ နောက်အွန်လိုင်းမှာ မျှဝေထားတဲ့ စာအုပ်တွေကိုလည်း တဖြေးဖြေးချင်း ပြန်တင်ပေးသွားမှာပါ။
နောက်တစ်ခု ရည်ရွယ်တာက ဟောက်စတင်ကိစ္စပါ။ ကျွန်တော်တို့ စာအုပ်တွေကို ဟောက်စတင် တင်တဲ့အခါမှာ ဖရီးဆိုက်တွေကို သုံးကြရပါတယ်။ ကျွန်တော်လည်း သိပ်တော့ နားမလည်ပါဘူး။ အလကား တင်ထားတဲ့အတွက် အချိန်မရွေး ဒေါင်းလော့လင့်တွေ သေနိုင်ပါတယ်။ ဒါကြောင့် စာအုပ်တွေ ပုံတွေတင်ဖို့ အဆင်ပြေမယ့် ဟောက်စတင်ဆိုက်တစ်ခုလောက်လည်း ၀ယ်ယူဖို့ လုပ်နေပါတယ်။ အခုလောလော ဆယ်တော့ ထုံးစံအတိုင်း ဖရီးဆိုက်တွေကိုပဲ ယာယီသုံးရမှာပဲပေါ့။
ဘာပဲဖြစ်ဖြစ် အားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။
တကယ်လို့ အဆင်ပြေမယ်ဆိုရင် ဆရာသခင် အဘမင်းသိင်္ခရဲ့ စာအုပ်တွေအကုန်လုံးကိုရော။ ဗေဒင်လက္ခဏာနှင့် ပါတ်သက်သော စာအုပ်တွေကိုရော ကြိုးစားပြီး တင်ပေးနိုင်အောင် ကြိုးစားပါဦးမယ်။ တစ်ခုလောက်တော့ အားလုံးကိုတောင်းပန်ချင်တာက စာကြည့်တိုက်နှင့်ပါတ်သက်၍ မည်သူထံကမျှ အလှူငွေ မကောက်ခံပါဘူးခင်ဗျာ။
စေတနာကောင်းဖြင့်
ဟိန်းတင့်ဇော်








Email
Email
Facebook
Join Us on Facebook
Twitter
Follow Us on Twitter