Subscribe:

Instructions

ဤ၀က်ဆိုက်အတွင်း ရေးသားထားသော စာပေများသည် ဗေဒင်ပညာရပ် ၊ ဂမ္ဘီရ ပညာရပ်များကို အခြေခံ၍ ရေးသားထားသော စာပေများ ဖြစ်သောကြောင့် ထပ်ဆင့် ကူးယူပြီး တခြားနေရာမှာ ဖော်ပြချင်သူများ အနေနှင့် စာရဲ့အောက်ဆုံး နေရာမှာဆရာ ဟိန်းတင့်ဇော် ” နှင့် “ http://www.heintinzaw.com/ဆိုတာလေး ကိုတော့ ထည့်ပေးပါလို့ တောင်းဆိုချင်ပါတယ်။
Powered By Blogger

Text

AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION
AD DESCRIPTION

လွယ်ကူစွာရှာဖွေရန်

v

Labels

Blog Archive

အုန်းနို့ နှင့်ချက်သော ငါးဖယ်ငါးဆုပ်ဟင်း

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံအတွင်းသို့ ကျွန်ုပ်၏မိတ်ဆွေ ကိုပီတာဆိုသည့် စိတ်မနှံ့သောလူကြီးတစ်ဦးသည် ရောက်ရှိလာလေ၏။ သူသည် ကျွန်ုပ်ကိုမြင်လျှင်မြင်ချင်.. “ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်..” ဟူ၍ ကိုးရိုးကားရားနှုတ်ဆက်လေ၏။ “အလို.. ကိုပီတာကြီး ရောက်လာပြီကိုး ဒီနေ့မနက်စာ ဘာဟင်းနဲ့ စားချင်သလဲ ပြောဗျာ ကျုပ်ကိုယ်တိုင်ချက်မယ်” ဟု ကျွန်ုပ်က ပြောလိုက်ရာ ၎င်းကိုပီတာကြီးက..

“ငါးဖယ်ငါးဆုပ်ဟင်းချက်ကွာ၊ ဒါပေမဲ့ ရိုးရိုးမချက်နဲ့ကွာ၊ အုန်းနို့ထည့်ချက်ကွာ၊ အုန်းနို့နဲ့ချက်တဲ့ ငါးဆုပ်ဟင်းက သိပ်ပြီးစားလို့ အရသာရှိတယ်၊ သွေးတိုးတဲ့လူဆိုရင် ဘယ်စားရမလဲကွ၊ ငါ့မှာက သွေးတိုးတွေဘာတွေ မရှိပါဘူး၊ ပြီးတော့ ချဉ်ပေါင်ကို ဟင်းချိုချက်၊ ဆားပေါ့ငါးပိကောင်လေးလည်း ကြော်ကွာ၊ ပြီးတော့ မုန်လာဥကို ရေနွေးဖျောပြီး သုပ်ကွာ၊ ထမင်းစားပြီးရင်တော့ အချိုတည်းဖို့လိုသေးတယ်၊ အချိုပွဲကိုတော့ အကျအန မလုပ်ပါနဲ့ကွာ၊ ဖြစ်ကတတ်ဆန်းပဲ လုပ်စမ်းပါ လက်ဖက်ရည်ကို နွားနို့နဲ့မဖျော်နဲ့ကွာ၊ အုန်းနို့နဲ့ဖျော်ပြီးတိုက်စမ်းပါ…” ဟု ပြောလေ၏။

ထို့ကြောင့် ကျွန်ုပ်လည်း ဂျလေဘီ မောင်ဆုခေါ်သော တပည့်ကလေးနှင့် တိုင်ပင်ကာ ကိုပီတာကြီး စားရန်အတွက် ငါးဖယ်ခြစ်များ၊ အုန်းနို့များ၊ စီစဉ်ချက်ပြုတ်ရလေတော့၏။ အလုံးစုံကျက်သောအခါ၌ ကိုပီတာကြီးအား ထမင်းပွဲပြင်ကာ ကျွေးမွေးရလေတော့၏။ ကိုပီတာကြီးသည် ထမင်းကို အမြိန်ရှက်စွာစားရင်း ကျွန်ုပ်အား.. “ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘတ်ဒ်” ဟု ပြောပြန်လေ၏။ ထို့ကြောင့်ကျွန်ုပ်က.. “ဘယ်လိုဖြစ်တာလဲ” ဟု မေးရလေတော့၏။ ထိုအခါကိုပီတာကြီးက “မင်းကျွေးတာတွေက ကောင်းတယ်လေကွာ၊ အဲဒါကြောင့် ဘဲရီးဂွတ်ဒ်လို့ပြောတာ၊ ဒါပေမဲ့ နေ့တိုင်းမစားနိုင်ဘူးကွ၊ အဲဒါကြောင့် ဘဲရီးဘတ်ဒ်လို့ပြောတာ” ဟု ပြန်၍ဖြေလေ၏။

“နေ့တိုင်းစားချင်ရင်တော့ ကိုပီတာကြီး၊ နေ့တိုင်းလာခဲ့ပေါ့ဗျာ” ဟု ကျွန်ုပ်ကြောလိုက်ရာ ကိုပီတာကြီးက ခေါင်းကို တွင်တွင်ရမ်း၍.. “မဖြစ်နိုင်ပါဘူး ငါ့လူရာ၊ ငါ့မှာက ခေါငးစဉ်တပ်လို့မရတဲ့ အလုပ်တွေက အများကြီးကွ၊ ဘောလုံးပွဲကြည့်ရတယ်ကွာ၊ တို့အဘိုးကြီး လေးငါးခြောက်ယောက် စုပြီး တရားငြင်းတယ်ကွာ” ဟု ပြောလေ၏။ “တရားထိုင်တာ မဟုတ်ဘူးလား” ဟု ကျွန်ုပ်က ပြောလိုက်ရာ.. “တရားထိုင်တာ မဟုတ်ဘူးကွ၊ တရားထိုင်တာက ဘာမှပြဿနာမရှိဘူးကွ၊ ကိုယ့်ဘာသာကို တစ်ယောက်တည်း ထိုင်ရုံပဲ၊ အခုဟာက ဒီလိုမဟုတ်ဘူးကွ၊ ငါတို့ အဘိုးကြီး လေးငါးခြောက်ယောက်ဟာ သူလည်း တရားမရသေး ကိုယ်လည်း တရားမရသေးဘဲ လူရှင်းတဲ့ လက်ဖက်ရည်ဆိုင်မှာ ဆုံပြီး သူတရားမှန်တယ်၊ ကိုယ့်တရားမှန်တယ် ငြင်းကြတာကွ၊ မွဲနေတဲ့လူနှစ်ယောက် သူ့ထက်ငါ ချမ်းသာကြတယ်လို့ ပြောနေကြသလိုပါပဲကွာ၊ ဒါပေမဲ့ အကျင့်ဖြစ်သွားတော့ ဖြတ်လို့မရတော့ဘူးကွ၊ အချိန်တန်ရင် အဲဒီလက်ဖက်ရည်ဆိုင်ကို အရောက်လာကြတော့တာပဲ၊ လူစုံရင် ငြင်းကြတော့တာပဲ၊ အဲဒီစားပွဲကို တခြားလူတွေက မထိုင်ဘူးကွ၊ တို့အဘိုးကြီး ခြောက်ယောက်အတွက် ချန်ထားတယ်၊ အဲဒီစားပွဲကို လက်ဖက်ရည်ဆိုင် လာနေကျ ကလေးတွေက “ဓမ္မဖိုက်တင်စားပွဲ” လို့နာမည်ပေးထားကြတယ်ကွ” ဟု ကိုပီတာကြီးက ရယ်မော၍ပြောလေ၏။

“အဘိုးကြီးတွေဆုံပြီး တရားဆွေးနွေးတာ မဟုတ်ဘူးလား” ဟု ကျွန်ုပ်ကပြောလိုက်ရာ.. “ဘယ်ကလာ ဆွေးနွေးရမလဲကွာ၊ ငြင်းကြတာကွ၊ တစ်ခါတလေ ရန်တောင်ဖြစ်သေးတယ်၊ တစ်နေ့က အဘိုးကြီးတစ်ယောက် ပြောရင်းနဲ့ စိတ်က မထိန်းနိုင်လို့ ထိုးမယ် ကြိတ်မယ်ဆိုပြီး အကျီတောင်ချွတ်တယ်၊ အဲဒီလို အကျီချွတ်လိုက်တော့မှ ငယ်ငယ်တုန်းက ရင်ဘတ်မှာ ထိုးတားတဲံ စာနဲ့ အရုပ်က ပေါ်လာတာကိုးကွ” ဟု ကိုပီတာကြီးက ပြောလေ၏။ “ဘာစာနဲ့ ဘာအရုပ်လဲ ကိုပီတာကြီးရဲ့” ဟု ကျွန်ုပ်ကမေးလိုက်ရာ ကိုပီတာကြီးက.. “ရင်ဘတ်မှာ ထိုးထားတဲ့ပုံက ဂျစ်ကားပုံကွ၊ စာကတော့ “ဒီမောင့်အချစ် လေဒီဂျစ်” ဆိုတဲ့စာကွ လွတ်လပ်ရေးရပြီးတာစမှာ ဂျစ်ကားတွေက သိပ်ပြီးခေတ်စားတာ၊ ဗဟန်းဘက်မှာက ရုပ်ခပ်ချောချော မိန်းမတစ်ယောက်ဟာ ဂျစ်ကား တစ်ဝီဝီနဲ့ကွ၊ လူတိုင်းသူ့ကိုသိတယ်၊ သူ့ကို လေဒီဂျစ်လို့ခေါ်ကြတယ်၊ စောစောက ငါပြောတဲ့အဘိုးကြီးက အဲဒီတုန်းက လေဒီဂျစ်ကို တစ်ဖက်သတ် စွဲလန်းခဲ့ပုံရတယ်၊ အဲဒါကြောင့် ရင်ဘတ်မှာ အဲဒီစာနဲ့ အဲဒီပုံ ထိုးထားတာပေါ့ကွာ၊ အသက်ကြီးတော့လည်း တရားတွေဘာတွေ လိုက်စားပြီပေါ့ကွာ၊ ဒါပေမဲ့အခုလိုစိတ်ဆိုပြီး အကျီချွတ်လိုက်တော့ ငယ်ငယ်တုန်းက ကြောင်ခဲ့တဲ့ကိစ္စက ပြန်ပေါ်လေရောကွာ၊ အဲဒီတော့ ကျန်တဲ့လူတွေက တောင်းပန်ပြီး အကျီပြန်ဝတ်ခိုင်းရတယ်ကွ၊

အဲဒီမှာ သူနဲ့ရန်ဖြစ်တဲ့ အဘိုးကြီးက “ခင်ဗျား အပိုတွေမပြောနဲ့ သက္ကာရဒိဋ္ဌိပြုတ်ပြီးလည်း မပြောနဲ့၊ ရင်ဘတ်က အဲဒီစာနဲ့ အဲဒီဂျစ်ကားပုံကြီး ဖြုတ်ပစ်လိုက်ဦး ပြီးမှ ကျုပ်နဲ့စကားပြော” လို့ အနိုင်တွယ်တာပေါ့၊ ငါတို့လည်း ငိုအားထက်ရယ်အားသန်တာပေါ့ကွာ၊ မနည်းတောင်းပန်ပြီး ဖျန်ပေးလိုက်ရတယ်၊ ကလေးတွေပြောသလိုပဲ၊ ငါတို့ရဲ့ စားပွဲဟားလည်းတရားစာပွဲမဟုတော့ဘူး၊ ဓမ္မဖိုက်တင်စားပွဲ ဖြစ်နေပြီး ဒါပေမဲ့လည်း အချိန်ကျရင်တော့ မသွားဘဲ မနေနိုင်ဘူးဟေ့” ဟု ပြောလိုက်လေ၏။ ကျွန်ုပ်သည် ကိုပီတာကြီးအား ငြင်းခုံခြင်းမပြုဘဲ ရယ်မော၍နေလေ၏။ ထို့နောက်မှ ကျွန်ုပ်က.. “နေပါဦး ကိုပီတာကြီးရယ်..ခင်ဗျားတို့ အုပ်စုကလည်း တရားဝိုင်းမှာ ငြင်းတာ မကောင်းဘူး ရန်ဖြစ်တာမကောင်းဆိုတာ သိပါလျက် ဘာဖြစ်လို့ အဲဒါကိုဆက်ပြီးလုပ်နေကြတာလဲဗျာ” ဟု မေးလိုက်လေ၏။

“ဟ.. ဖိုး အောင်ထွန်းရ၊ ငရုပ်သီးဆိုတာ စပ်တယ်ကွာ၊ ဒီအရသာကို အခြားဟာမပါဘဲ သူ့ချည်းဘယ်လိုလုပ်လက်ခံမလဲကွာ၊ ဒါပေမဲ့ ထမင်းစားတဲ့ အခါမှာ ပူတာစပ်တာလေ၊ စားလိုက်ရမှ လျှာနိုးတာကွ၊ လျှာနိုးမှ နှုတ်မြိန်တာကွ၊ ဒါကြောင့် ပူပါလျက် စပ်ပါလျက် ငရုပ်သီးကို တို့ချစ်နေရတာမဟုတ်လား၊ အဲဒီလိုပဲဟေ့.. ငါတို့မှာလည်း ငြင်းလိုက်ကြ၊ ခုန်လိုက်ကြလုပ်ရင် ညာဏ်က နိုးနိုးသွားတယ်ကွ၊ ဘေးကကြည့်ရင်တော အရသာတွေ့နေတာကွ၊ အဲဒါကြောင့် အဲဒီ ဓမ္မဖိုက်တင်ဝိုင်းလေးကို ငါတို့လူကြီး ခြောက်ယောက်က စွဲနေကြတာ” ဟု ပြောလေ၏။

“ဟုတ်ပါ့မလားဗျာ” ဟု ကျွန်ုပ်ကမေးလိုက်ရာ ကိုပီတာကြီးက.. “မင်းလည်းပဲ နေ့စဉ်လူတွေနဲ့တွေ့ ယတြာတွေလုပ်ပေး၊ သူတို့ပြောတာတွေ နားထောင်ရတာ မင်းအဖို့ မသက်သာဘူးဆိုတာ မင်းကိုယ်တိုင် သိပါတယ်ကွာ၊ ဒါပေမဲ့ သူတို့ရဲ ပြဿနာတစ်ခုကို လေးလေးနက်နက် စဉ်းစားလိုက်တဲ့ အခါတိုင်း မင်းခေါင်းထဲမှာ ပညာနိုးသွားတယ် မဟုတ်လား၊ အဲဒီ့ အနိုးကလေးကို မင်းစွဲနေတာပါ၊ ဟုတ်မဟုတ် ပြန်ပြီးစဉ်းစားကြည့် ငါသွားမယ်ဟေ့” ဟု ဆိုကာ ကျွန်ုပ်၏ ကျောကုန်းကို သူ၏လက်သီးကြီးဖြင့် ဘုန်းကနဲ့ ထုကာ အော်ဟစ်ရယ်မော၍ ကျွန်ုပ်၏ခြံအတွင်းမှ ပျော်ရွှင်မြူးတူးစွာ ထွက်သွားလေတော့သတည်း။

အဘမင်းသိင်္ခ၏ စာပေများကို လေးစားကြသော စွဲလန်းကြသော လွန်စွာ နှစ်သက်ကြသော ကျွန်ုပ်၏ မိတ်ဆွေများအတွက် အဘမင်းသိင်္ခ၏ ၀တ္ထုတိုများကို အလျဉ်းသင့်သလို ပြန်လည် ရေးသားပေးပါမည်။ စာများကို ၀ိုင်းဝန်း ရေးသားပေးသော လွန်စွာခင်မင်ဖွယ် ကောင်းသော လွန်စွာ သဘောကောင်းသော ကျွန်ုပ်၏ ညီရင်းအကိုတမျှ ခင်မင်ရသော ကိုအောင်အား ကျေးဇူးအထူးပင်တင်မိပါကြောင်း.... အဘမင်းသိင်္ခ၏ စာများကိုဖတ်ရင်း တစ်စုံတစ်ရာ ရင်ထဲသို့ ရောက်ရှိနိုင်ပါစေ....

ဒုတိယအိမ်နီးချင်း

ဒုတိယအိမ်နီးချင်း အကြောင်းကိုပြောရန် လိုပါသည်။ ထိုအိမ်နီးချင်းသည် ကျွန်ုပ်အိမ်၏ မျက်စောင်းထိုးအိမ်တွင် နေ၏။ သူသည် လွန်စွာ ကုန်ချောင်းချောင်းနိုင်သော လူတစ်ဦးဖြစ်၏။ သူ့ထက်ပို၍ စိတ်ဝင်စားစရာ ကောင်းသော သူမှာ သူ၏မိန်းမပင်ဖြစ်၏။ ထိုမိန်းမသည် အရပ်အမောင်းကောင်း၏ ပေါင်လုံးကြီးများကြီး၏။ ထိုပေါင်လုံးကြီးများနှင့် အတူ အခြားသောကိုယ်ခန္ဓာ အစိတ်အပိုင်းများလည်း ကြီးလှ၏။ လမ်းလျှောက်သောအခါ ခြေတံကို ပစ်၍ပစ်၍ လျှောက်တတ်သောကြောင့် မလှမ်းမကမ်း ရှေ့တည့်တည့် နေရာလောက်မှ ကြည့်လျှင် ထိုမိန်းမ လမ်းလျှောက်လာသည်မှာ ဆင်မကြီးတစ်ကောင် တရွေ့ရွေ့ လှမ်းလာသည်နှင့်တူ၏။

ထို့ကြောင့် ရှေးလူကြီးများပြောသော ဆင်မယဉ်သာ ဆိုသည်မျိုးပေလော မပြောတတ်ပေ။ ထိုမိန်းမသည် လူကောင် ထွားသလောက် အသံမှာလည်း အလွန်သေး၏။ သူ၏ အသံသည် ပတ္တာကျပ်နေသော တံခါးကို တွန်း၍ ဖွင့်သည်အခါ၌ မြည်သောအသံကဲ့သို့ ညှစ်သံပါ၏။ ၎င်းတို့ လင်မယားလည်း အိမ်တက်မင်္ဂလာ လုပ်၏။ ၎င်းတို့ ၏ အိမ်တက်မင်္ဂလာမှာ ငါးပူတင်း၏ အိမ်တက်မင်္ဂလာနှင့် ကွာ၏။ ဆင်မယဉ်သာ၏ ခင်ပွန်း ကုတ်ချောင်းချောင်း ငတိသည် ကျွန်ုပ်တို့၏ ရပ်ကွက်အတွင်းမှ လူများကိုခေါ်၍.. “ကျွန်တော် အိမ်တက်မင်္ဂလာ လုပ်ချင်တယ်ဗျာ၊ ဒါပေမယ့် ဘာမှ မလုပ်တတ်ဘူး၊ ကူညီကြပါဦး ” ဟု ဆိုကာ ငွေထုပ်ကိုချ၍ပေး၏။ “လူတွေဖိတ်ဖို့ ကိစ္စလဲ ခင်ဗျားတို့ စိတ်တိုင်းကျပဲ ဖိတ်ပါဗျာ၊ ကျွန်တော်ကတော့ ဒီရပ်က လူတွေပဲ ကျွေးချင်တာပါ၊ တခြားက ကျွန်တော့် မိတ်ဆွေတွေလဲ မဖိတ်တော့ပါဘူး” ဟု ပြောလေ၏။

ထိုအခါ ကိုမြစိန်ကြီးသည် ငွေထုပ်ကိုကောက်၍ ကိုင်ပြီးနောက်.. “ဘုန်းကြီးကျောင်းကိုတော့ အောင်မင်္ဂလာ ကျောင်းတိုက်ရယ်၊ ပါဋ္ဌိတက္ကသိုလ်ကျောင်းရယ် ပေါင်းပြီးပင့်လိုက်မယ်၊ ကျွေးတာကတော့ မန္တလေးကြာဇံချက် ကောင်းတယ်” ဟုဆိုကာ ကျန်သောသူများနှင့် တိုင်ပင်၍ စတင်စီစဉ်တော့၏။ ကုတ်ချောင်းချောင်းလူကမူ … “ခင်ဗျားတို့ ကြိုက်သလိုသာ လုပ်ကြပါဗျာ ” ဟု ပြောလေ၏။ ထို့နောက်တွင်ကား ကျွန်ုပ်တို့ရပ်ကွက်သူ၊ ရပ်ကွက်သားများ၊ အထူးသဖြင့် ကျွန်ုပ်တို့လမ်းထဲမှ လူများသည် မိမိအိမ်ကဲ့သို့ သဘောထားကာ ထိုအိမ်သို့ ဝင်ကြ၏၊ ထွက်ကြ၏၊ ချက်ကြ၏၊ ပြုတ်ကြ၏၊ လုပ်ကြ၏၊ ကိုင်ကြ၏။

ဆင်မယဉ်သာမကြီးကလည်း အပြောအဆို ညက်လှ၏။ အားလုံးကို အဆင်ပြေအောင် ခေါ်ပြောဆက်ဆံ၏။ သူ၏ ဦးလေး အရွယ်ရှိနေပြီဖြစ်သော ကျွန်ုပ်ကိုပင် ဦးလေးဟုမခေါ်ဘဲ “အစ်ကို” ဟု ခေါ်၏။ သူ၏ အစ်ကိုဟူသော ခေါ်သံမှာလည်း အစ်ကို အစစ်မဟုတ်၊ ဆောင်းဇာတ်ကားတွင် ကရင်မလေးအဖြစ် သရုပ်ဆောင်ရသော စံရှားတင်က တော်လှန်ရေးရဲဘော်အဖြစ် သရုပ်ဆောင်ရသော ထွန်းဝေအား ခေါ်သကဲ့သို့ “အပ်ကို” ဟု အသံထွက်လေ၏။ “အပ်ကို ညီမတို့အိမ်ကို နေ့တိုင်းလာလည်ရမယ်နော်၊ ညီမတို့က အဖော်ရှိတာ မဟုတ်ဘူး ပျင်းနေမှာ” ဟု သူမ၏ မျက်လုံးဝိုင်းကြီးများကိုဝင့်၍ ပြောလိုက်သောအခါ၌ ကျွန်ုပ်၏ တစ်ကိုယ်လုံးသည် ဌက်ပျောသီးခြောက် ကဲ့သို့ ရှုံ့၍သွားလေ၏။

ဆင်မယဉ်သာကြီးသည် တစ်ချိန်လုံး ကျွန်ုပ်ကို “အပ်ကို” နေတော့၏။ ထို့ကြောင့်ကျွန်ုပ်တို့ လမ်းထဲမှ သန်းသန်းဆို သောမိန်းမက ကျွန်ုပ်၏နံဘေးမှကပ်၍ ထင်းများကိုသယ်သွားရင်း.. “အပ်ကို ထင်းကလေးဘာကလေး ဝိုင်းသယ်ပါဦး” ဟု ကျွန်ုပ်အား နောက်ပြောင်သွားလေတော့၏။ ဤသို့နှင့်ပင် ကုတ်ချောင်းချောင်း ငတိနှင့်ဆင်မယဉ်သာတို့၏ အိမ်တက်မင်္ဂလာသည် စည်ကားသိုက်မြိုက်စွာ ပြီးဆုံးသွားလေတော့၏။ ထိုအချိန်မှစ၍ ၎င်းတို့နှစ်ဦးသည်လည် ဤရပ်ကွက်တွင် မြေဂရမ်ပေးစ လွန်ခဲ့သော နှစ်ပေါင်းကိုးဆယ်ကပင် နေခဲ့ ကြသည့်အလား ရပ်ကွက်သူ ရပ်ကွက်သား စစ်စစ်ကြီး ဖြစ်သွားလေတော့၏။

အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး သုံးလခန့်ကြာသောအခါ၌ သန်းသန်းဆိုသော မိန်းကလေးက ကျွန်ုပ်၏ ဆိုင်သို့ဝင်လာပြီး “အပ်ကို ဟိုစုံတွဲအကြောင်း သိပြီးပြီလား” ဟု မေးလေ၏။ “ဟင်အင်း၊ ငါမသိဘူး၊ ဘာဖြစ်လို့လဲ” ဟု ကျွန်ုပ်က ပြန်၍မေးလိုက်၏။ “ယောကျာ်းလုပ်တဲ့လူက အဓိပတိဇိမ်ပွဲစားကြီးဆိုပဲ၊ ကောင်မကလဲ မူးယစ်ဆေးဝါး ကယ်ရီလို့ပြောတယ်၊ အရင်က တရုတ်သူဌေးတစ်ဦးရဲ့ မယားငယ်တဲ့၊ ကောင်မကော အကောင်ကော မန္တလေးမှာ အဖမ်းခံနေရပြီ” ဟု ပြောလေတော့၏။ “အင်း ဟုတ်ချင်လဲ ဟုတ်မှာပေါ့” ဟု ကျွန်ုပ်က ပြောလိုက်ရာ သန်းသန်းက.. “ကဲသွားမယ် အပ်ကို” ဟုပြောကာ ကျွန်ုပ်အား နောက်တီးနောက်တောက် လုပ်သွား၏။

ထို့နောက်တွင်လည် ထိုစုံတွဲ၏ သတင်းသည် ဟိုမှဒီမှ အနံ့ထွက်လာလေ၏။ အမှန်စင်စစ်လည်း ထိုစုံတွဲသည် အိမ်ကို သော့ပိတ်၍ တစ်လခန့် ပျောက်နေ၏။ ပြန်၍လာသောအခါ၌ ပစ္စည်းများ ကားအပြည့်တင်၍ ပြန်လာခဲ့ ခြင်းဖြစ်သည်။ ပုန်းရည်ကြီးထုပ်များ သနပ်ခါးတုံးများ၊ ပျားရည်ပုလင်းများမှအစ အတော်ကလေး စုံစုံလင်လင် ပါလာကြ၏။ “အပ်ကိုရေ သာဓုသာ ခေါ်ပေတော့ ၊ ညီမတို့လင်မယား အညာမှာ သဲပုံစေတီတောင် မကျန်အောင် ဘုရားတွေ လိုက်ဖူးနေတာ” ဟု ပြောကာ ကျွန်ုပ်အား ပုန်းရည်ကြီးနှစ်ထုပ်နှင့် ထိုးမုန့်နှစ်ထုပ်ပေ၏။ ကျွန်ုပ်လည်း ကျေနပ်၍သွား၏။ ထို့ကြောင့် သာဓုခေါ်၏။

သန်းသန်းမှာ ရှင်မတောင်သနပ်ခါးတုံး နှစ်တုံးရ၏။ သူလည်း ကျေနပ်သွားပုံရ၏။ ကိုမြစိန်ကြီးမှာမူ ပုန်းရည်ကြီး၊ ထိုးမုန့်၊ ပျားရည်အပြင်၊ ညောင်ဦးမှ ဝယ်လာသော ရွှေင်ရောင် ယွန်စီးကရက်ဘူးကလေး တစ်ဘူးကိုပင် ရသောကြောင့် သာဓုခေါ်၏။ ဤအိမ်နီးချင်းကား ကိုးရိုးကားရား ရုပ်ပုံများဖြင့် တန်ဆာဆင်ထားသော ပလပ်စတစ် ဖဲထုပ်နှင့် တူ၏။ ကြည့်ရသည်မှာ လျှပ်ပေါ်လော်လီသည်ဟု ထင်ရသော်လည်း ထိုဖဲထုပ်သည် အကစားခံသောကြောင့် ဖဲသမားတို့ နှစ်သက်ကြသည်သာတည်း။

မနောမယပန်ကာပုံမတွေ.ဘူးဆရာ ပြန်တင်ပေးပါလား

ဤထူးမြတ်သော ကျင့်စဉ်သည် ကျွန်ုပ်တို့၏ အဘဒေါက်တာမင်းသိင်္ခ၏ မနောမယ လက်ဆောင်ပေါင်းချုပ် စာအုပ်တွင်ပါသော စာမူတစ်ပုဒ်ဖြစ်ပါသည်။ မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါသည်။ တစ်နေ့မှာ ငါ့ဆီကို ယဉ်ကျေးသိမ်မွေ့တဲ့ လူငယ်လေးတစ်ယောက် ရောက်လာတယ်။ သူနဲ့ ငါနဲ့က မသိပါဘူး။ သူ့ပြောပြချက်အရ သူဟာ တောင်ဥက္ကလာ (၃)ရပ်ကွက် ၊ ငွေကြာယံရိပ်သာ ၊ နှင်းဆီလမ်း ၊ အမှတ်(၈)မှာ နေတယ်လို့ ဆိုတယ်ကွယ့်။ သူ့နာမည်က အောင်ကျော်ဇောတဲ့။ သူဟာ တစ်နေ့မှာ ငါ့ဆီကို ရောက်လာတယ်။ ရောက်လာတာကလည်း မနက်အစောကြီးပဲကွ။ သူ့ကို ငါကတွေ့တော့ ဘာကိစ္စလည်းလို့ မေးလိုက်တယ်။

အဲဒီအခါမှာ သူက ဆရာံကို စာအုပ်လေးတစ်အုပ် ပေးချင်လို့ပါလို့ ပြောတယ်။ သူ့စကားကိုလည်းကြားရော ငါဟာ သိပ်ပြီးအံ့သြသွားတယ်။ များသောအားဖြင့် ငါ့ဆီလာရင် ဘာလေးညာလေး ပေးပါဆိုပြီး လာတောင်းတဲ့ သူများတယ်။ သူကတော့ လာပေးတဲ့ လူ ဖြစ်နေတယ်။

အဲဒီတော့ ငါက လုပ်စမ်းပါဦး အောင်ကျော်ဇောရယ်လို့ ပြောလိုက်တော့ သူက ဒီစာအုပ်က ကျွန်တော်စာအုပ်ပဲ။ ဒါပေမဲ့ ဆရာ့ကိုတော့ အပိုင်ပေးလို့ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်အမ အမေရိကားသွားတုန်းက ၀ယ်ပြီး ကျွန်တော်ကို လက်ဆောင်ပေးတဲ့ စာအုပ် ဖြစ်နေလို့ပါပဲ။ အဲဒီတော့ ကျွန်တော် ဒီစာအုပ်ကို ဆရာ့ဆီ ငှားမယ်။ ဆရာဖတ်ပြီးရင် ကျွန်တော်စာအုပ်ကို ကျွန်တော်ကို ပြန်ပေးပါလို့ ပြောတယ်။

ပြီးတော့ သူဟာ ငါ့ကို စာအုပ်လေးတစ်အုပ် ပေးသွားတယ်။ အဲဒီစာအုပ်လေးက စာမျက်နှာ ၂၂ မျက်နှာပါတယ်။ စာအုပ်ရဲ့နာမည်က တယ်လီကပ်ပါဝါ ( TELE-CULT POWER) လို့ခေါ်တယ်။ စာအုပ်ရဲ့ အဖုံးမှာ အုပ်ရေ သုံး သိန်းကျော် ရိုက်နှိပ်ခဲ့ရသည်လို့ ပါတယ်။ အဲဒီစာအုပ်ကို ရေးတဲ့ စာရေးဆရာ ဒါမှမဟုတ် ကျမ်းပြုဆရာရဲ့နာမည် က ရီဆီးပီကျူးဗင်းလို့ ဆိုတယ်။

သူဟာ စာအုပ်ရဲ့ တစ်နေရာမှာ ပန်ကာပုံလေးတစ်ခု ဖော်ပြထားတယ်ကွယ့်။ ဟောဒီ ပန်ကာလေးမျိုးပါပဲ ဟုဆိုကာ ကျွန်ုပ်သည် စာအုပ်၏ တစ်နေရာမှ ပန်ကာပုံလေးကို ဖော်ပြလိုက်လေ၏။

ဒါလေးကို ကျမ်းပြုဆရာက ဟစ်နိုစကုတ်လို့ နာမည်ပေးထားတယ်။ ဟစ်နိုဆိုတာ စိတ်ညှိ့တဲ့ ကိရိယာပေါ့ကွာ ဟု ကျွန်ုပ်က ပြောလိုက်လျှင် အယ်ဒိတာ မောင်မောင်မြင့်အေးက

စာအုပ်နာမည်က ခပ်ဆန်းဆန်းပဲ ဆရာရဲ့။ တယ်လီကပ်ပါဝါလို့ ရေးထားတယ်ဆို ။ တယ်လီကပ်ဆိုတာ အင်္ဂလိပ် စကားမှာ မတွေ့ဘူးသလောက်ပါပဲဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က

မင်း... ဘယ်တွေ့ဘူဖူးပါ့မလဲကွ။ တယ်လီနဲ့ ကပ်နဲ့ကို ပေါင်းထားတာ။ တယ်လီဆိုတာက မင်းသိတဲ့အတိုင်း တယ်လီဖုန်း တယ်လီဗေးရှင်းလို့ ရှိတယ် မဟုတ်လား။ အဲဒီမှာ တယ်လီဆိုတဲ့ စကားလုံးက အဝေးကို ပြောတာကွ။ ကပ်ဆိုတာက သြကပ်တစ်ကနေ လာတာ။ လောကီပညာကို ပြောချင်တာပေါ့။ ပါဝါဆိုတာက စွမ်းရည်တန်ခိုးကို ခေါ်တာ။ အဲဒီတော့ အဝေးကနေ လုပ်ယူလို့ရတဲ့ လောကီပညာရဲ့ စွမ်းရည်ပေါ့။

အဲဒီမှာ သူက နမူနာအဖြစ် ရေးပြထားတာကတော့ ကျန်းမာရေးအတွက်ကို မနောမယ ပန်ကာကိုကြည့်ပြီး ရောဂါပျောက်အောင် ကုတာကို ဖော်ပြထားတယ်။ ဒါပေမဲ့ ကျမ်းပြုဆရာက ပန်ကာလေးရဲ့ ဗဟိုချက်ကို ၈-လက်မ ဒါမှမဟုတ် ၁၅-လက်မ အကွာကနေ သေသေချာချာထိုင်ပြီး ကြည့်ပါတဲ့။

ခန္ဓာကိုယ်မှာ ရှိတဲ့ အကြော တွေကို လျော့ပါတဲ့။ ဘာကိုမှ တွေးကြံမနေပါနဲ့တဲ့။ စိတ်ဟာ လုံးလုံးကြီး ဗလာဟင်းလင်း ဖြစ်နေပါစေတဲ့။ ပြီးတော့မှ ကိုယ်လိုချင်တဲ့ အရာကို ပါးစပ်က ဖြည်းဖြည်းမှန်မှန် ရွတ်ဆိုပေးပါတဲ့။ ဥပမာ အိမ်ပိုင်မရှိသေးတဲ့လူက ရွတ်မယ်ဆိုပါတော့။ အဲဒါကို နမူနာအဖြစ် ပြောပြမယ်။ ဟောဒီလို ရွတ်ရင် ရတာပေါ့ကွယ်။

ငါဟာ မကြာခင်အချိန်ကာလ အတွင်းမှာ
အိုးပိုင် အိမ်ပိုင်ရတော့မယ်။
ငါ့မှာ အိမ်ဝယ်စရာ ငွေမရှိပေမဲ့
ဟောဒီ မနောမယပန်ကာလေးရဲ့အစွမ်းကြောင့်
တစ်နည်းနည်း တစ်ဖုံဖုံနဲ့
အိမ်ပိုင်လေးတစ်လုံး ရရမယ်။
အိမ်ပိုင်လေးတစ်လုံးရဖို့ သေချာနေပြီ။
တစ်နာရီထက် တစ်နာရီ
တစ်နေ့ထက် တစ်နေ့
ရဖို့ နီးကပ်လာပြီ။
မလွဲမသွေ ရကိုရရမယ်။

မောင်မောင်မြင့်အေးရေ... ဒီစာက နမူနာအဖြစ် ရေးပြထားတာ။ ဒီထက်ကောင်းအောင်ေ၇းနိုင်ရင်လဲ ရေးပေါ့ ကွာ။ ဒါက အိမ်အတွက် ရေးပြထားတာ။ အိမ်မဟုတ်ပဲ တစ်ခြားပစ္စည်း လိုချင်ရင်လည်းကွယ်။ ဒီလိုပဲ မနောမယ ပန်ကာလေးနဲ့ အလုပ်လုပ်ရမှာပေါ့ဟု ကျွန်ုပ်က ပြောလိုက်ရာ အယ်ဒိတာ မောင်မောင်မြင့်အေးက

ဆရာကြီးဟာ တော်တော့်ကို စိတ်ကူးယဉ်တဲ့ ကိစ္စပဲ။ ပြီးတော့ ဒီအလုပ်ဟာ ကမ္မဋ္ဌာန်း ထိုင်တဲ့အလုပ်နဲ့ အတူတူ ပါပဲလား။ အဲအဲ မဟုတ်ပါဘူး။ ကသိုဏ်းကြည့်တဲ့ အလုပ်နဲ့ တူနေပါလား။ ဆရာကြီးပြောသလို ဒီပန်ကာလေးကို ကြည့်ပြီး ရွတ်ဆိုလို့ အိုးပိုင်အိမ်ပိုင် ရမယ်ဆိုရင် ဆင်းရဲတဲ့လူ ဘယ်ရှိတော့မလဲ။ အကုန်လုံး လုပ်ကုန်ကြတော့မှာ ပေါ့ဟု ပြောလေ၏။

ဒီလိုရှိတယ် မောင်မောင်မြင့်အေးရဲ့။ ငါတို့ ဂေါတမ မြတ်စွာဘုရားက နိဗ္ဗာန်ရောက်ဖို့ ဟောပြောခဲ့တာပဲ။ အဲဒီနိဗ္ဗာန်ရောက်ကြောင်း တရားတွေကို ဆရာတော်ကြီးတွေလည်း ဟောပြောနေတာပဲ။ ဒါပေမယ့် လုပ်နိုင်တဲ့လူ ဘယ်နှစ်ယောက်ရှိလို့လဲကွယ်။

အဲဒီလိုပဲ။ ဒါလေးကြည့်ပြီး ဒီဟာလေးကို ရွတ်ဆိုပါဆိုတော့ အပြောကတော့ လွယ်တယ်။ နေ့စဉ်ရက်ဆက် ရွတ်ဆိုရမယ် ဆိုတာ လွယ်တဲ့အလုပ်တော့ မဟုတ်ဘူးကွယ်။ ဒါကြောင့် တစ်လလောက်လုပ်ပြီး ကိုယ်လိုချင်တာ မရတဲ့အခါမှာ လူဟာ စိတ်ပျက်လာတာပဲ။

အဲဒီမှာ ဖြစ်မှာ မဟုတ်လောက်ပါဘူးကွာ ဆိုပြီး ရပ်ပစ်လိုက်တတ်တယ်။ မင်းကို ငါတစ်ခု ပြောမယ်။ မင်း ၀င်ငွေအနေနဲ့ တစ်နှစ်အတွင်း မော်တော်ကားတစ်စီး ရနိုင်ပါ့မလားဟု ကျွန်ုပ်က မေးလိုက်လျှင် မောင်မောင်မြင့်အေးက သူ၏ နဖူးကြီးကို လက်ဝါးဖြင့် ပုတ်ရင်း...
ကျွန်တော့် ၀င်ငွေနဲ့ မရနိုင်ပါဘူး ဆရာရယ်ဟု ပြန်၍ပြောလေ၏။

အေး... ငါ မင်းကို ပြောပြမယ်။ ဒီမနောမယ ပန်ကာလေးကို တစ်နေ့ကို တစ်နာရီကြည့်ပြီး ငါပြောသလို ရွတ်ဆို။ မင်း တစ်နှစ်အတွင်း ရလိမ့်မယ်။ကြားထဲမှာ ပျက်ရက်တွေ ဘာတွေ မလိုဘူး။ ဆက်တိုက် ရွတ်ရမယ်။ အဲဒီလို လုပ်ရင်းနဲ့ တစ်နေ့မှာမင်းလိုချင်တဲ့ ကားကို ရနိုင်မဲ့နည်းတွေ မင်းခေါင်းထဲကို ဖျတ်ခနဲ ရောက်လာလိမ့်မယ်။ အဲဒီအတိုင်းသာ လုပ်။

လုပ်မကြည့်သေးဘဲ မရပါဘူးဆိုတဲ့ စကားမျိုး မပြောနဲ့။ မင်းကို ငါ နည်းပေးတာ အင်္ဂလိပ်စာအုပ်ကို ဖတ်ပြီး ကိုယ်တိုင် လုပ်မကြည့်ဘဲ ပေးတာ မဟုတ်ဘူး။ ငါ ကိုယ်တိုင် စမ်းကြည့်ပြီးပြီ။ အတော့်ကို ထူးခြားတယ်။ ဒီ မနောမယ ပန်ကာလေးက မင်းဘ၀ကို အမြစ်ကနေ ပြောင်းပြန်လှန်ပြီး ပြောင်းလဲ ပစ်လိုက်မယ်ဟေ့။ ဒါနဲ့ ပတ်သက်လို့ ငါ စာအုပ် တစ်အုပ် ရေးနေတယ်ဟု ကျွန်ုပ်က ပြောလိုက်လျှင် မောင်မောင်မြင့်အေးက...

ဆရာကြီးက ဒီလောက် အာမခံနေမှတော့ စမ်းကြည့်ရတာပေါ့ ဆရာကြီးရယ်။ ကျွန်တော်ကိုပြောတဲ့ ဒီ အကြောင်းအရာလေးကို ၀ါသနာပါတဲ့လူတွေ စမ်းကြည့်နိုင်အောင် ရောင်ပြန် မဂ္ဂဇင်းထဲမှာ ထည့်လိုက်မယ်။ဟု ဆိုကာ ကျွန်ုပ်အား ပြုံးပြ၍ ထွက်သွားလေ၏။

မောင်မောင်မြင့်အေး၏ အပြုံးသည် မော်တော်ကား ရတာ မရတာ အပထား။ မဂ္ဂဇင်းအတွက်တော့ ဆောင်းပါး တစ်ပုဒ်တော့ ရပြီဟူသော အဓိပ္ပာယ်များ ပါဝင်နေသည်တကား။
မှတ်ချက်။........။၎င်း မနောမယ ပန်ကာပုံလေးအား ကျွန်ုပ်တို့၏ အဘမင်းသိင်္ခ တရားကျင့်ရာ အခန်းတွင်း၌ အမြဲမပြတ် ချိပ်ဆွဲထားကြောင်းနှင့်။

ယခု ကျွန်ုပ်ဘ၀၏ လိုအင်ဆန္ဒများကို ပြည့်စုံအောင် ကြိုးစားအားထုပ်ရာ၌ အဘဒေါက်တာမင်းသိင်္ခ အမွေပေး ထားခဲ့သော မနောမယ ပန်ကာကျင့်စဉ်နှင့်ပင် အမြဲမပြတ် ကိစ္စကြီးငယ် ကြုံတိုင်း ကြိုးစားအားထုပ်နေပါကြောင်း စေတနာကောင်းဖြင့်.....................
ဟိန်းတင့်ဇော်

ဌက်ပျောသီးဖြင့်ချက်သောဝက်သားဆီပြန်

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်းမရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံအတွင်းသို့ ကျွန်ုပ်၏မိတ်ဆွေဟောင်း ကိုပီတာဆိုသည့် စိတ်မနှံသောလူကြီးတစ်ဥိး ရောက်ရှီလာလေ၏။ ကျွန်ုပ်ကိုမြင်လျှင် ၎င်းက.. “ဟေ့ ဖိုးအောင်ထွန်း ဂွတ်ဒ်မောနင်း၊ ဂွတ်နိုက်” ဟူ၍ သူ၏ထုံးစံအတိုင်း နှုတ်ဆက်လေတော့၏။ ကျွန်ုပ်သည် အလုပ်များသည့်ကြားမှ ကျွန်ုပ်၏ခြံကိုပြင်နေရ၏။ ဌက်ပျော ပင်များ အတန်းလိုက်စိုက်နေရ၏။ ကျွန်ုပ်ထံတွင်နေသော တပည့်ကလေးများအတွက် အိမ်ကလေးများ ဆောက်လုပ်ပေးရေ၏။

ကိုပီတာကြီးသည် ကျွန်ုပ်အလုပ်ရှုပ်နေသည်ကို ကြည့်ပြီးလျှင်.. “ အလုပ်တျွေားလှချေလား၊ ဘဲရီးဂွတ်၊ ဘဲရီးဘတ်ဒ်..” ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က.. “ဘယ်လိုကြောင့် ဘဲရီးဂွတ်ဒ်ပြီး၊ ဘယ်လိုကြောင့်ဘဲရီးဘက်ဒ်ဖြစ်ရတလဲ၊ ကိုပီတာကြီးရဲ့..” ဟု ပြန်၍မေးလိုက် ရာ ၎င်းးက.. “အလုပ်လုပ်တာကွာ ကောင်းတာပေါ့၊ အဲဒါကြောင့် ဘဲရီးဂွတ်ဒ်လို့ ပြောတာ၊ အလုပ်များတော့ လည်း အရမ်းပင်ပန်းတာ ပေါ့၊ ကြာင် ပင်ပန်းနာကျပြီး ဘဝမှာ ထုံထိုင်းထိုင်း ဖြစ်သွားတတ်တယ်ကွ၊ မကောင်းဘူး အဲဒါကြောင့် ဘဲရီးဘတ်ဒ်လို့ ပြောတာ ” ဟု ရယ်မောလျက် ပြန်၍ဖြေလေ၏။ “

ကဲပါဗျာ ဒီမနက်စာ ဘာချက်ရမလဲ” ဟု ကျွန်ုပ်ကမေးလိုက်ရာ ကိုပီတာကြီးက.. “ဝက်သားကို ဌက်ပျောသီးနဲ့ ဆီပြန်ချက်ကွာ၊ ကြက်အရိုးနဲ့ ခွေးတောက်ရွက်ကို ဟင်းချိုချက်ကွာ၊ ပုစွန်လေးကို ရှောက်ရည်ညှစ်ပြီး အစိမ်းသုပ်ကွာ ငါးပိကြော်လေးလည်းပါရင် ကောင်းတယ်ကွ” ဟု ပြောလေ၏။

ထို့ကြောင့် ကျွန်ုပ်လည်း မှော်ဘီဈေးသို့ တပည့်ကလေးတစ်ဦးအား စေလွှတ်ရလေတော့၏။ ထိုတပည့်ကလေးပြန်လာလျှင် ကျွန်ုပ်ကိုယ်တိုင် ချက်ပြုတ်ရလေ၏။ ပြီးလျှင် ကိုပီတာကြီးအား တည်ခင်း ကျွေးမွေးရလေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကျွေးမွေးသော ထမင်းဟင်းလျာများကို မြိန်ယှက်စွာ စားသောက်လေ၏။ ထိုအချိန်၌ မှာပင် ချိန်းဆိုထားသောစာမူများ လာ၍ယူကြမည်ဖြစ်သောကြောင့် အပြီးမသတ်ရသေးသည်များကို အပြီးသတ်ရလေ၏။ ထိုအလုပ် များပြီးသောအခါ၌ ခြံတွင်းနေတပည့်ကလေးများကို ဗေဒင် လက္ခဏာ၊ ဂမ္ဘီရ စသောပညာရပ်များကို သင်ပြပေးရပြန်လေ၏။ ထို့နောက် ကျွန်ုပ်သည် မောဟိုက်၍ ထိုင်နေလေ၏။ ကိုပီတာကြီးမှာမူ ထမင်းစားပြီးနောက် ရေနွေးကြမ်း၊လက်ဖက်ရည်၊ နနွင်းမကင်း စသည်တို့ ဖြင့် အချိုတည်း၍နေလေတော့၏။

ထို့နောက်တွင်ကား ကျွန်ုပ်ထံမှ ငါးသုံးလုံးစီးကရတ်တစ်လိပ်ကိုတောင်းယူပြီးလျှင် ကျေနပ်စွာ ရှိုက်ဖွာနေလေ၏။ ကျွန်ုပ်က.. “ကိုပီတာကြီး စားရသောက်ရတာ အဆင်ပြေရဲ့လား” ဟုမေးလိုက်ရာ ၎င်းက.. “ မစားရရင် အငတ်ခံနေ မယ်၊ စားရရင်တော့ အခုလိုကောင်းကောင်းလေး စားရမှကွ၊ ခံတွင်းတွေ့လှတယ်ကွာ၊ ဒါကြောင့် ပီတာကြီးအဖို့တော့ ဒီနေ့အတွက် နဂို အနေမှာ စိုပြည်ပြီး အိုကေဖြစ်နေပါပြီကွာ” ဟု ပြောဆိုကာ တဟဲဟဲနှင့်ရယ်၍နေလေ၏။ “ကောင်းပါလေရဲဗျာ” ဟု ကျွန်ုပ်ကပြော လိုက်ရာ ကိုပီတာကြီးက.. “လူမှာက ပဋ္ဋိသန္ဓာရနှစ်မျိုးကို ကျင်းသုံးရတယ်ကွ၊ ပဋ္ဋိသန္ဓာရဆိုတာက တစ်ဦးနဲ့တစ်ဦး မေတ္တာ မပျက်ရအောင် အဆက်အစပ်ပြုတဲ့ သဘောပဲကွ၊ အဲဒီတော့ ပဋ္ဋိသန္ဓာရကလည်း နှစ်မျိုးရှိပြန်တယ်၊ ကိုယ့်လူ၊ မမှားသင့်တာ မမှားရအောင် သွန်သင်ဆုံးမတဲ့ အနေနဲ့ ပြောဆိုတဲ့ ပဋ္ဋိသန္ဓာရကို ဓမ္မပဋ္ဋိသန္ဓာရလို့ ခေါ်တယ်၊

နောက်တစ်မျိုးကတော့ ပစ္စည်းဥစ္စာ ငွေကြေး အစားအသောက်ပေးကမ်း ကျွေးမွေးပြီး အဆက်အစပ်ပြုတဲ့ သဘောကို ပစ္စယပဋ္ဋိသန္ဓာရလို့ ခေါ်တယ်ကွ၊ မင်းက ငါ့ကို ပစ္စယပဋ္ဋိသန္ဓာရ ပြုတယ်၊ ငါက မင်းကို မလုပ်သင့်တာမလုပ်မိဖို့၊ လုပ်သင့်တာလုပ်ဖြစ်ဖို့ ပြောဆိုပြတယ်၊ ငါ့ဘက်က ဓမ္မပဋ္ဋိသန္ဓာရပြုလုပ်တယ်၊ နှစ်ယောက်စလုံး ပဋ္ဋိသန္ဓာရတွေနဲ့ ပြည့်စုံကြတယ်ပေါ့ကွာ၊ မကောင်းဘူးလား” ဟု ပြောလိုက်ရာ ကျွန်ုပ်က.. “ တယ်ဟုတ်ပါလား၊ ကိုပီတာကြီး ပါဠိတွေ ဘာတွေနဲ့ကို အကျအနပြောတော့တာပဲ၊ ကျုပ်ဖြင့်ခင်ဗျား ဒီလောက်တတ်မှန်းတောင် မသိပါဘူးဗျာ၊ အဲဒီလိုတတ်တဲ့အကြောင်း ကျုပ်ကို အရင်က ဘာပြုလို့ မပြောတာလဲ” ဟု အားမလိုအားမရသော လေသံဖြင့် ပြောလိုက်လေ၏။

ထိုအခါ ကိုပီတာကြီးက.. “ငါက ဂမ္ဘီရပညာတွေကို လိုက်စားနေတဲ့ ဂမ္ဘီရသမားအစစ်ကွ၊ မင်းက တကယ်လိုက်စားတာမှမဟုတ်တာ၊ လိုက်စားချင် ယောင်ဆောင်နေတာ၊ ဂမ္ဘီရသမားမှာက အရည်အချင်းတွေ အများကြီးလိုတယ် ငါ့လူရဲ့၊ အဲဒီအရည်အချင်းတွေထဲမှာ မကြွားဝါခြင်းဆိုတဲ့ အချက်ဟာ နံပါတ်တစ်နေရာမှာတောင် ရောက်နေတယ်၊ ဥပမာကွာ- လူစုံပြီးဆိုရင် ကျုပ်က ဘွဲ့ဘယ်နှစ်ခုရတာ၊ ဘယ်လောက်ချမ်းသာ တာ၊ ကျုပ်ဆွေမျိုးအသိုင်းအဝိုင်းက ဘယ်လောက်ကြီး ကျယ်တာဆိုပြီး ကြွားတတ်ကြတယ်၊ တချို့ကလည်း ကျုပ် ပုတီးစိပ်လာတာ နှစ်ပေါင်းဘယ်လောက်ရှိပြီ တောင်ကြမ်း၊ တောကြမ်းတွေမှာ အဓိဋ္ဌာန်ဝင်လာတာ ဘယ်လောက်ကြာပြီ၊ သက်သတ်လွတ်စားတာ ဘယ် လောက်ရှိပြီ ဆိုပြီးတော့လည်း ပြောတတ်ကြသေးတယ်၊ တချို့ကျတော့ ကျုပ်က လက်ရိုးဗေဒင်ကိုလည် ကျွမ်းတယ်၊ လက်ဆန်းဗေဒင်လည်း တတ်တယ်၊ အင်္ဂဝိဇ္ဖာဆိုတာတော့ မပြောနဲ့တော့၊ အင်းအတတ်၊ ဆေးအတတ်မှာလည်း ကျုပ်လောက်တတ်တဲ့လူ တော်တော်ရှားတယ်၊ အထက်ဆေးဝါးတွေ ဘယ်လောက် အထိထိုးခဲနှံခဲ့တယ်၊ သောက်ခဲ့မျိုးခဲ့တယ်ဆိုပြီး ပြောတတ်ကြတယ်၊

အဲဒီ အပြောအဆိုတွေဟာ ကြွားဝါခြင်းပဲ မဟုတ်လား၊ ကြွားဝါခြင်းဆိုတာ မာန်မာနက မွေးထုတ်ပေးလိုက်တဲ့ သားသမီးပဲ၊ ကြွားဝါခြင်းရဲ့နောက်မှာ ဘယ်လိုလူစားမျိုး မှတ်သလဲဆိုတဲ့ စကားလုံးဟာ မပြောဘဲ ပါနေတတ်စမြဲပဲ၊ ကြွားဝါခြင်းကို နှိပ်ကွပ်နိုင်တာကတော့ ဆိတ်ဆိတ်နေ ခြင်းဆိုတဲ့ လက်နက်ပဲ၊ အနောက်တိုင်း ဂမ္ဘီရပညာမှာ “To Keep Silent” ဆိတ်ဆိတ်နေရမယ် လို့ အတိအကျ ညွန်ပြထားတယ်၊ တကယ်တော့ ကိုယ်မှာရှိတဲ့ အခြေအနေတွေ၊ အရည်အချင်းတွေကို ထုတ်မပြောဘဲ ဆိတ်ဆိတ်နေခြင်းဟာ နှိမ်ချခြင်း စိတ်ဓါတ်နဲ့ဆိုင်တယ်၊ ဒါဟာ နှိမ့်ချမှုထဲကို ထည့်ရမှာပဲ” ဟု ကျွန်ုပ်အား ရှည်လျားစွာရှင်းပြလေ၏။

“တယ်ဟုတ်ပါလား ကိုပီတာကြီးရဲ့ ဘာပဲဖြစ်ဖြစ်ဗျာ ဆိတ်ဆိတ်နေခြင်းဟာ ကောင်းတယ်လို့ဆိုရမှာပဲ၊ ခင်ဗျားတိုလည်း ဂမ္ဘီရလိုက်စား အခုမှသိပါတယ်ဗျာ” ဟု ကျွန်ုပ်က ပြောလိုက်ရာ ကိုပီတာကြီးက ရယ်လေ၏. “ဒီတော့ ကိုယ့်လူကို အရေးကြီးတဲ့စကားပြောရဦးမယ်၊ လောကကြီးမှာ လူတော်တော်များဟာ အလုပ်လုပ်ဖို့ ပဲ တာစူနေကြတယ်ကွ၊ ဘာကြောင့်အဲသလိုဖြစ်နေကြသလဲဆိုတော့ လူ့ရဲ့အဆင့်အတန်းကို သူ ဘာလုပ်နိုင်သလဲ၊ ဘာဖြစ်နိုင်သလဲ၊ ဘာဖြစ်မြောက်သလဲဆိုတဲ့အပေါ်မှာ ဆုံးဖြတ်ကြတာကိုး အဲဒီတော့ သူထက်ငါကြိုးစားပြီး လုပ်ကြတာပေါ့၊ အဲဒီတော့ တတ်သိနားလည် မှုအားလုံးမှာ ကြိုးစားပြီး လုပ်ရမယ်ဆိုတာပဲ ပါတယ်ကွ၊ အလုပ်လုပ်နိုင်ခြင်းရဲ့အသက်ဟာ ကောင်းစွာ အနားယူခြင်းအပေါ်မှာလည်း တည် မှီနေတယ်နော်၊ ကောင်းစွာအနားမယူဘဲ အလုပ်ကိုချည်း၊ မနေမနား လုပ်နေမယ်ဆိုရင်တော့ အသက်တိုသွားလိမ့်မယ်၊

အသက်တိုသွား မယ်ဆိုတာက ရိုင်းရိုင်းစိုင်းစိုင်း ပြောတာမဟုတ်ပါဘူး၊ အနားမယူတတ်တဲ့လူကို သဘာဝတရားကြီးက အနားပေးလိုက်တဲ့သဘောပါ” ဟု ကိုပီတာကြီးက ပြောလေ၏။ “ခင်ဗျားပြောတဲ့စကားဟာ အဟုတ်ပဲလား” ဟု ကျွန်ုပ်ကမေးလိုက်ရာ ကိုပီတာကြီးက.. “ဒီမှာ မောင်အောင် ထွန်း မင်းက ငါ့ကို ကောင်းကောင်းမွန်မွန် ချက်ပြုတ်ကျွေးလေတော့ မင်းဘက်က ပဋ္ဋိသန္ဓာရနဲ့ ပြည့်စုံသွားပြီ၊ ငါကလည်း မိတ်ဆွေကောင်းအနနဲ့ အနားယူခြင်းဟာ အလုပ်လုပ်ခြင်းအတွက် အရေးကြီးတဲ့ အကြောင်းမင်းကို သတိပေးတာပါ၊ အဲဒီလို သတိပေးမှ လည်း ငါ့ဘက်က ပဋ္ဋိသန္ဓာရနဲ့ ပြည့်စုံတော့မှာပေါ့” ဟု ပြောလေ၏။

“ကိုပီတာကြီးတို့ကတော့ စကားပြောရင် အဖွင့်နဲ့အပိတ်နဲ့ အတော့်ကို တတ်တာပဲ” ဟု ကျွန်ုပ်က ချီးမွမ်းလိုက်မိလေ၏။ “ဂမ္ဘီရသမားကိုးကွ၊ ဂမ္ဘီရသမားတစ်ယောက်ရဲ့ အရည်အချင်းမှာ ကောင်းစွာပြောတတ် ခြင်းလည်းပါတယ်ကွ၊ ပြီးတော့ စကားပြောတဲ့အခါမှာ အသံသြဇာဓာတ်နဲ့ ပြည့်စုံဖို့လည်း လိုသေးတယ်၊ အထူးသဖြင့်ကတော့ နှုတ်ခမ်း ဖျားကလာတဲ့အသံနဲ့ မပြောဘဲ ရင်ခေါင်းကလာတဲ့အသံနဲ့ ပြောတတ်အောင် လေ့ကျင့်ထားရတယ်၊ အဲဒီအကြောင်းတွေ အသေးစိတ်ကိုတော့ အခါအခွင့်သင့်ရင် မင်းကို ပြောပြရဥိးမယ်၊ လူတိုင်း စကားမပြောတတ်ဘူး၊ အဲဒီလိုပဲ လူတိုင်း နားမထောင်တတ်ဘူးကွ၊ ဂမ္ဘီရ သမားတစ်ယောက်ဟာ ပြောလည်း ပြောတတ်ဖို့ လိုသလို သူတစ်ပါးပြောရင်လည်း ကိုယ်က နားထောင်တတ်ရမတယ်” ဟု ကိုပီတာကြီးက ပြောလေ၏။

“ဒီလိုရှီပါတယ် ကိုပီတာကြီးရယ်၊ ကျုပ်က အလုပ်များတယ်ဆိုပေမယ့် အုလပ်မဟုတ်တဲ့ အလုပ်တွေပြွတ် သိပ်ပြီး အလုပ်ရှုပ်နေတာပါ၊ ဧည့်သည်ကို ထမင်းချက်ကျွေးတယ်၊ ခြံထဲမှာနေတဲ့ တပည့်ကလေးတွေနဲ့ ဝိုင်းဖွဲ့ပြီး ဟိုရောက်ဒီရောက် စကားပြောတယ်ု၊ တပည့်လေးတွေ မမီလိုက်တဲ့ ခေတ်ကာလတွေအကြောင်း ပြောပြတယ်၊ တစ်ခါတလေသရဲအကြောင်း ထိုင်ပြီးပြော ချင်ပြောနေတော့တာပဲ၊ ဘာမှ မယ်မယ်ရရ မဟုတ်ပါဘူးဗျာ” ဟု ကျွန်ုပ်က ပြောလိုက်လျှင်… “အို.. ဒီလိုမပြောနဲ့၊ အပျင်းပြေ ကဗျာစပ် တာတို့၊ ကဗျာရွတ်တာတို့၊ သီချင်းဆိုတာတို့၊ အပျင်းပြောသဘောနဲ့ ပန်းချီဆွဲတာတို့ အပျင်းပြေသဘောနဲ့ ဓါတ်ပုံရိုက်တာတို့၊ အပျင်းပြေ သဘောနဲ့ ခရီးထွက်ပြီး ရှုခင်းတွေကြည့်တာတို့ အပျင်းပြေသဘောနဲ့ မုန့်လုပ်စားတာတို့ဟာ မလိုအပ်တဲ့ အရာတွေမဟုတ်ဘူးနော်၊ လောကကြီးမှာ အသုံးဝင်တဲ့ အလုပ်တွေလုပ်ဖို့ အကြံညာဏ်ကောင်းတွေဟာ စောစောကပြောတဲ့ အသုံးမဝင်ဘူးလို့ ထင်တဲ့အလုပ်တွေ လုပ်ရင်း ရုတ်တရက် ပေါ်ပေါက်လာတတ်တယ်၊

ဘာဖြစ်လို့လဲ သိလား သိစိတ်ကို အနားပေးလိုက်တော့ သိစိတ်ဟာ ကျေနပ်ပြီး အထဲမှာရှိတဲ့ မသိစိတ်ဆီကနေ အဖိုးတန်တဲ့အရာတွေ နှိုက်ယူလိုက်တာ ကိုယ့်လူရဲ့ ဒါကြောင့်အသုံးမဝင်တဲ့အလုပ်တွေလုပ်ဖို့ လိုအပ်သလို အသုံးမဝင်ဘူးဆိုတဲ့ အပျင်းပြေအလုပ်တွေလည်း လုပ်ဖို့ အလိုအပ်ပါတယ်၊ ငါ့လူရယ်၊ ကိုယ့်စိတ်ကို ကိုယ်အနားပေ၊ အေးအေးလူလူ နေတတ်စမ်းပါ၊ ဘာမှမပူဘဲ အနားယူတတ်စမ်းပါ၊ ကိုယ့်ဘာသာကို အနားမယူရင် သဘာဝတရားကြးက အနားပေးလိုက်လိမ့်မယ်၊ သဘာဝတရားကြီးက အနားပေးတယ်ဆိုတာ သေတာကို ပြော ကိုယ့်လူရ..ကဲ ငါသွားမယ်” ဟု ဆိုကာ ကိုပီတာကြီးသည် သူ၏ လက်သီးကြီးဖြင့် ကျွန်ုပ်၏ကျောကုန်းကို ဘန်းကနဲ့ ထုကာ အကြောင့်ကြမဲ့သော ခြေလှမ်းများဖြင့် ကျွန်ုပ်၏ခြံတွင်းမှ ပျော်ရွှင်စွာ ထွက်သွားလေတော့သတည်း။

ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ- မဟာချိုင်မြို့
sayaheintintzaw@gmail.com
+6687 415 0022

အချစ်ရေး-အိမ်ထောင်ရေးနှင့် ပါတ်သက်သောယတြာများ

သက်ဆိုင်ရာ ချစ်သူနှစ်ဦး(သို့) ဇနီးမောင်နှံနှစ်ဦး၏ မွေးနံပန်းများကို (နှစ်နံတွဲ ဆိုရင် ပိုကောင်းပါ၏) မိမိတို့၏ မွေးနံနှင့် ဘုမ္မိအရပ် လွတ်သော အရပ်ဒေသရှိ ဘုရားဝင်း၊ ဓမ္မာရုံ၊ သီလရှင်ကျောင်း၊ ရိပ်သာ၊ အစရှိတဲ့ နေရာလေးတွေမှာ သွားပြီး တစ်သက်တာ အေးချမ်းမြဲမြံ ရင်သန်ပြည့်စုံကြပါစေကြောင်း ဆုတောင်ရပါတယ်။

မတော်တဆ နှစ်ဦးနှစ်ဘက် စိတ်သဘောထားခြင် မတိုက်ဆိုင်လို့ သဘောထားကွဲလွဲမယ် အဆင်မပြေဘူး မျက်နှာခြင်းဆိုင်လို့ မရဘူးဆိုရင် နှစ်ဦးစလုံးရဲ့ဓာတ်ပုံ တစ်ယောက်တစ်ပုံကို မျက်နှာချင်းဆိုင်ကပ်ကာ ဓာတ်ဗူးအသစ်တစ်ခုထဲမှာ ထည့်ပြီး မေတ္တာသုတ်ပရိတ်တော် ရွတ်ဖတ်ပေးခြင်း အားဖြင့် ကာယကံနှစ်ဦး၏ မေတ္တာဓာတ်များ ပေါင်းစည်းကာ ကောင်းမြတ်သော၊ မင်္ဂလာရှိသော အင်အားဓာတ် လှိုင်းများ ပြန့်နှံ စိမ့်ဝင်နိုင်ပါစေကြောင်း ဆုတောင်းပေးရပါတယ်။

သဲအိုးတို့ သောက်ရေအိုးတို့ကို ( သဲအိုး-သောက်ရေအိုး ဆိုတာ သောကြာနှင့် တနင်္ဂနွေ၊ ဗေဒင်အလိုဆိုတော့ ဦးသာဓာတ်၊ အိမ်ထောင်မိတ်ဓာတ်ပါ) မွေးနံနှင့် ဘုမ္မိအရပ်ကို လွတ်သော အရပ်ဒေသရှိ ဘုရားဝင်း၊ ဓမ္မာရုံ၊ သီလရှင်ကျောင်း၊ ရိပ်သာ၊ အစရှိတဲ့နေရာလေးတွေမှာ သွားပြီး လှူဒါန်းပြီး အိမ်ထောင်ရေး မေတ္တာရေးများ ကံကောင်းပါစေကြောင်း ဆုတောင်းရပါတယ်။

သပိတ်ခြေ (၃)ခုကို ရတနာသုံးပါးကို ရည်မှန်းကန်တော့ပြီး သံဃာတော် အရှင်မြတ်တို့အား လှူဒါန်းဆက်ကပ်ပြီး မိမိတို့၏ လက်ရှိပစ္စက္ခ ပြဿနာများ အေးချမ်း တည်ငြိမ်ပါစေကြောင်း ဆုတောင်းရပါမယ်။

မျက်မှန်ကို သံဃာတော် အရှင်မြတ်တို့အား လှူဒါန်းဆက်ကပ်၍ မိမိတို့၏ အယူမှား အထင်မှာ သံသယမှားများ ကင်းစင်လွင်ပျော်က်ပြီး အမြင်မှန်များ ပြန်လည် ရရှိပါစေကြောင်း ဆုတောင်းရပါမယ်။

နောက်ပြီး ကြွေပုဂံ တစ်ချပ်ထဲမှာ နှစ်ဦးရဲ့ ဓာတ်ပုံကို မှောက်ထည့် ပြီးရင် အဲဒီအပေါ်က ကွာစေ့ကို ပြည့်အောင် ထည့်ပြီး လှူဒါန်းဆက်ကပ်ပြီး ကွာဟနေသော စိတ်သဘောထားများ ၊ ပြန်လည်စေစပ် နိုင်ကြ၍ နှစ်ကိုယ်တစ်စိတ် ဖြစ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းကြ၇ပါမယ်။

နှစ်ဦးသား၏ အညွန့်နံပန်း (မိမိမွေးနံမှ စင်၍ရေတွက်သော နှစ်ခုမြောက်နံပန်း) များကို ဖန်ခွက် (ဂဗ္ဘေ-ခိုင်မြဲစေသောဓာတ်) ထဲတွင် ထည့်ကာ မိမိအိမ်၏ အိမ်ဘုရားစင်တွင် လှူဒါန်းဆက်ကပ်ထား၍ မိမိတို့၏ အိမ်ထောင်ရး။ အချစ်ရေး သာယာ ခိုင်မြဲစေကြောင်း ဆုတောင်း၇ပါမယ်။

စာကလေးအသိုက်လေးတွေကို နှစ်ဦးအတူတကွ ပြုလုပ်ချိပ်စွဲ၍ ဘ၀ခရီး အတူတကွ ပြည့်ပြည့်စုံစုံ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်စေကြောင်း ဆုတောင်းရပါမယ်။

နိုင်ငံရပ်ခြား-အမြန်သွား

အီးမေးလ်ပို့၍ မေးလာသော သူအတွက် ပို့အဟောင်းလေးကို ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။ ဆောင်ရွက် ကြည့်ကြပါကုန်....

ကဲ... အရင်ဆုံး ဘယ်က စရင်ကောင်းမလဲ။ အိုခေ နိုင်ငံခြားနဲ့ ပါတ်သက်တဲ့ ယတြာများဆိုတော့ ပထမဆုံး နိုင်ငံခြားကို စတင်ပြီး သွားချင်ပြီ။ ကြံစည်ပြီ ဆိုပါတော့။ ဒါဆိုရင် နိုင်ငံခြားကို အမြန်သွားရအောင် ဘယ်လို ယတြာလုပ်မလဲပေါ့။ မသွားခင်ကတည်းက ထစ်ငေါ့နေပြီ။ ကြန့်ကြာနေပြီဆိုရင် မကောင်းပေဘူး။ မဟုတ်ဘူးလား ဗျာ။ ကဲ... စလိုက်ကြရအောင်။

နိုင်ငံခြားအမြန်သွားချင်ရင် ...ယတြာအမှတ်စဉ်(၁)

ကိုယ်အိပ်ခါနီးဆိုရင် ဘာမှ မလုပ်နဲ့တော့။ အုန်းမှုတ်ခွက် နှစ်ခွက်ကို တီးပြီး ကိုယ်သွားချင်တဲ့ နိုင်ငံကို အာရုံပြု ဆုတောင်းရတယ်။ ဒီလောက်ပါပဲ။

နိုင်ငံခြားအမြန်သွားချင်ရင် ...ယတြာအမှတ်စဉ်(၂)

အပြာရောင်မိုးပျံဘောလုံး တစ်လုံးမှာ နာမည်၊ မွေးနေ့၊ အသက်၊ ပတ်စပို့နံပါတ်၊ သွားမယ့်နိုင်ငံ၊ လျှောက်ထားတဲ့ အလုပ်၊ ကျောင်း၊ အဲဒါတွေရေး။ အားလုံးကို အင်္ဂလိပ်လို ရေးရမယ်နော်။ သောကြာနေ့ည (၁၂)နာရီ တိတိမှာ အိမ်ရှေ့မှာ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒတွေကို လေးလေးနက်နက် ဆုတောင်းပြီး လွှတ်တင်လိုက်ရမယ်။ အဲဒီ မိုးပျံဗူဘောင်းမှာတော့ တားရော့နံပါတ် (၂၁) ကဒ်ပြားကို ချဉ်ပြီး လွှတ်တင်လိုက်ပါ။ ဒါလည်း အောင်မြင်စေသောယတြာ တစ်ခု ဖြစ်ပါကြောင်း။

နိုင်ငံခြားအမြန်သွားချင်ရင် ...ယတြာအမှတ်စဉ်(၃)

နောက်တစ်ခုက ကမ္ဘာမြေပုံ ကားချပ်ကြီး တစ်ခုဝယ်။ ပြီးရင် ကိုယ်အခန်း အိပ်ယာဘေးမှာကပ်။ ပြီးရင် ကိုယ်သွားမယ့် နိုင်ငံရဲ့ အမည်ပေါ်မှာ ကိုယ့်ရဲ့ ပတ်စပို့ ဓာတ်ပုံလေးကပ်ပြီး နေ့စဉ်ရက်ဆက် ဆိုသလို ကိုယ်သွားမယ့် နိုင်ငံကို ရောက်ပြီလို့ အာရုံပြု ဆုတောင်းပေးနိုင်ပါတယ်။

နိုင်ငံခြားအမြန်သွားချင်ရင် ...ယတြာအမှတ်စဉ်(၄)

ခုံဖိနပ်တစ်ရံကို ၀ယ်စီးထားလိုက်ပါ။ နှစ်ရက် သုံးရက်လောက် စီးထားရင် ရပါပြီ။ သုံးရက်လောက်ကြာတဲ့အခါ အဲဒီ ခုံဖိနပ်နဲ့ ယတြာချေမယ်။ ဘယ်လို လုပ်ရမလဲဆိုတော့ မြေကြီးမှာ စည်းတစ်ခု ဆွဲထားပါ။ ကိုယ်က စည်းရဲ့ အတွင်းဘက်ကနေ ခုံဖိနပ် စီးထားပြီး ရပ်နေပါ။ ပြီးရင် ခုံဖိနပ်ကို ချွတ်ပြီး ခုံဖိနပ်ပေါ်မှာ တက်ရပ်နေပါ။ စည်းရဲ့ အပြင်ဘက်မှာကတော့ ဖိနပ်အသစ် တစ်ရံ ချထားပါ။ ပြီးရင် ကိုယ်သွားချင်တဲ့ နိုင်ငံကို အာရုံပြုပြီး ဘေးတိုက် ခုန်ကျော်လိုက်ပါ။ ကျန်ခဲ့တဲ့ ခုံဖိနပ် အဟောင်းကြီးကို တစ်စုံတစ်ယောက်က ဓားတဲ့ ခုတ်ထစ်ပြီး မီးရှို့ ပစ်လိုက်ပါ။ ဒါလည်း အကောင်းဆုံး ယတြာပါပဲ။

နိုင်ငံခြားအမြန်သွားချင်ရင် ...ယတြာအမှတ်စဉ်(၅)

နောက်တစ်နည်း ကိုယ့်ရဲ့ မွေးနေ့ နံက် (၉း၄၅)မှာ အောင်သပြေပန်း သက်စေ့နဲ့ ရွှေတိဂုံဘုရား မြောက်ဘက်မုခ် (ခြေတော်ရာ)ဘုရားမှာ လှူဒါန်းပြီး ဆုတောင်းလိုက်ပါ။ ဖြစ်နိုင်၇င် မကြာခဏ သွားလှူပြီး ဆုတောင်းပါ။ လမ်းစရိတ်ပြတ်နေသူတွေက်ု ဒါနပြုပါ။ လမ်းပြင် တံတားဆောက်တဲ့ နေရာတွေမှာ အလှူပေးပါ။

နိုင်ငံခြားအမြန်သွားချင်ရင် ...ယတြာအမှတ်စဉ်(၆)

မတ်တော်ရပ် ဘုရားတစ်ဆူဆူကိုသွားပြီး ခြေဖမိုးကို ရွှေချပြီး နိုင်ငံခြား အမြန်သွားရပါစေကြောင်း ဆုတောင်းပါ။

နိုင်ငံခြားအမြန်သွားချင်ရင် ...ယတြာအမှတ်စဉ်(၇)

စက္ကူပေါ်မှာ မိမိနာမည်၊ မွေးသက္ကရာဇ် အပြည့်အစုံရေးပါ။ သင်္ဘောသီးတစ်လုံးရဲ့ ဘေးမှာကပ်ပါ။ နောက်ပြီး အနီရောင် တံခွန်လုံး (၇)လုံးကို သင်္ဘောသီး ထိပ်တည့်တည့်ကနေ ၀ိုင်းဝိုင်းလေး စိုက်ဗျာ။ ပြီးတော့ မွေးနေ့ နံက် (၉း၄၅)မှာ တစ်ကြိမ်။ ည( ၉း၄၅) မှာ တစ်ကြိမ် သင်္ဘော အညှာပေါ်မှာ ဖယောင်းတိုင် ထွန်းပြီး လေးလေးနက်နက် ဆုတောင်းပါဗျ။

ဗီဇာကိစ္စ အဆင်ပြေချောမွေ့စေရန်။

သံရုံသွားကာနည်း စံပယ်ပန်ရှစ်ကုံးကို ဆက်ပြီး မြတ်ဘုရားအား စလွယ်သိုင်း ကပ်လှူပြီး အဆင်ပြေဖို့ ဆုတောင်းသွားပါ။ နောက် ကိုင်းပါတဲ့ ရေခွက်တစ်ခွက် ဘုန်းတော်ကြီး တစ်ပါးကို ကပ်လှူဆုတောင်းသွားပါ။

နိုင်ငံခြားက ငွေအမြန်ပို့ပေးစေရန်...

စပယ်ယာပြန်အမ်းသော ပိုက်ဆံဖြင့် ငွေပို့ပေးစေလိုသောသူ၏ ဓာတ်ပုံကို အိပ်ခါနီးတိုင်း ယပ်ခပ်ပြီး ငွေအမြန် ပို့ပေးစေလို့ ပြောပါ။ နေ့တိုင်း လုပ်ပါက တစ်ပါတ် ဆယ်ရက်အတွင်း အောင်မြင်နိုင်ပါသည်။

ကဲဗျာ..။ ဒီလောက်ဆိုတော်တော်လေးလည်း စုံနေပါပြီ။ ညလည်း (၂း၀၀) ထိုးပြီ။ မနက်လည်း စောစောလေး ထရဦးမယ်ဆိုတော့ .... ဂွတ်နိုက်လို့ အားလုံးကို နှုတ်ဆက်လိုက်ပါတယ်။

သင်တို့၏အကျိုးကိုထာဝစဉ်လိုလားသော
ဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့

ဖဲထုတ်နှင့်တူသော အိမ်နီးနားချင်း

ဖဲထုတ်၏ မူလအစ၌ ဖဲချပ်ပေါင်း ခုနှစ်ဆယ့်ရှစ်ချပ်ပါလေ၏။ ထို ဖဲခုနှစ်ဆယ့်ရှစ်ချပ်တွင် မေဂျာဟု ခေါ်သော ဖဲချပ်ပေါင်း နှစ်ဆယ့်နှစ်ချပ်နှင့် မိုင်နာဟုဟုခေါ်သော ဖဲချပ်ပေါင်း ငါးဆယ့်ခြောက်ချပ် ပေါင်းစပ်ထားခြင်းပင် ဖြစ်၏။ မေဂျာ ဖဲချပ်နှစ်ဆယ့်နှစ်ချပ်မှာ ရုပ်ပုံကားချပ်များဖြစ်၏။ ထိုရုပ်ပုံများမှာလည်း မှော်ဆရာပုံ၊ ဘုရင်မပုံ၊ လူပျံတော်ပုံ၊ စစ်ရထားပုံ၊ အရူးပုံ စသည်ဖြင့် နှစ်ဆယ့်နှစ်မျိုးသော ပုံတို့ဖြင့် ပြီး၏။ မိုင်နာဖဲချပ် ငါးဆယ့်ခြောက်ချပ်မှာမူ အုစုအားဖြင့် လေးစုခွဲထား၏။

ထိုအုပ်စုလေးစုမှာ တုတ်အုပ်စု၊ ဓားအုပ်စု၊ ခွက်အုပ်စု၊ ကြယ်အုပ်စုဟူ၍ ဖြစ်၏။ တုတ်အုပ်စုတွင်လည်း တုတ်တစ်ချောင်း၊ တုတ်နှစ်ချောင်း၊ တုတ်သုံးချောင်းမှစ၍ တုတ်ဆယ်ချောင်းပါဝင်ပြီး တုတ်ဆယ်ချောင်း၏ အထက်တွင်မူ တုတ်မင်းစေဟူ၍ ရှိ၏။ ထိုတုတ်မင်းစေကို အင်္ဂလိပ်ဘာသာအား ဖြင့် (Paga of Wands ) ဟူ၍ခေါ်၏။ ထိုတုတ်မင်းစေ၏ အထက်တွင်မူ တုတ်သူရဲကောင်း၊ တုတ်ဘုရင်မ၊ တုတ်ဘုရင် ဟူ၍ ရှိ၏။ ထိုအတူပင် ဓားအုပ်စုတွင်လည်း ဓားတစ်၊ ဓားနှစ်၊ ဓားသုံး၊ ဓားတစ်ဆယ်အထိရှိပြီး၊ ထိုအထက်တွင် ဓားမင်းစေ၊ ဓားသူရဲကောင်း၊ ဓားဘုရင်မ၊ ဓားဘုရင်ဟူ၍ ရှိ၏။

ထို့အတူခွက်အုပ်စုတွင်လည်း ခွက်တစ်မှ ခွက်တစ်ဆယ် အထိရြှိပီး၊ ခွက်မင်းစေ၊ ခွက်သူရဲကောင်း၊ ခွက်ဘုရင်မ၊ ခွက်ဘုရင်ဟူ၍ရှိလေ၏။ ကြယ်၌လည်း ထိုနည်းလည်းကောင်းပင်ဖြစ်လေ၏။ ထိုဖဲချပ်တို့ကို ပြုလုပ်သောအခါ၌ အစဦးတွင် တိရစ္ဆာန်၏ သားရေများဖြင့် ပြုလုပ်ခဲ့ကြ၏။ ထိုဖဲချပ်တို့သည် အစဦးကာလက လောင်းကစား ပြုလုပ်သူတို့၏ ကိရိယာမဟုတ်။ အနောက်တိုင်း ရှေးဦးဂမ္ဘီရပညာရှင်များ အသုံးပြုခဲ့သော ဂမ္ဘီရပညာကို “သြကာတစ်ဇင်း” ဟု ခေါ်၏။ ထိုပညာရှင်တို့သည် ၎င်းတို့၏ပညာကို ကမ္ဘာတည်သရွေ့ တည်စိမ့်သောဌာ လက်ဆင့်ကမ်း သယ်ဆောင်မည့် သူတို့ကို ရှာဖွေရာ လောင်းကစား သမားတို့ကို တွေ့လေ၏။

ထိုပညာရှင်တို့၏ အယူအဆအရ လူ၏မူလစိတ်တွင် ယှဉ်ပြိုင်လိုစိတ်၊ လောဘစိတ် ထိတ်လန့်ကြောက်ရွံ့လို သောစိတ်၊ မနာလိုစိတ်၊ စသည်တို့သည် ကိန်းဝပ်နေသည်။ ထိုစိတ်တို့ကို တစ်ပြိုင်နက်တည်း ကွန့်မြူးနိုင်သော အရာမှာ လောင်းကစားခြင်း သာလျှင် ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်ခဲ့ကြ၏။ ထို့ကြောင့်၎င်းတို့၏ ပညာကို လောင်းကစား ပညာအဖြစ်ဖန်တီးကာ ကမ္ဘာဦး လောင်းကစားသမားတို့၏ လက်သို့ ဝကွက်၍အပ်ခဲ့လေ၏။ ထိုသို့အပ်သောအခါ၌ တုတ်အုပ်စု ဖဲချပ်အား ညှင်းဖဲအဖြစ် ဖန်တီးလိုက်၏။ သို့ရာတွင် ညှင်းတစ်မှ ညှင်းတစ်ဆယ် အထိထားပြီး တစ်ဆယ်၏ အထက်တွင် မင်းစေဖဲချပ်ကို ဖြုတ်ပစ်လိုက်၏။ မင်းစေ၏ အထက်တွင် ရှိသော သူရဲကောင်းဖဲချပ်ကို မူဂျက်ဖဲချပ်အဖြစ် ပြုလုပ်လိုက်၏။ ကျန်သော ဘုရင်မနှင့် ဘုရင်ကိုမူ နဂိုအတိုင်း ထားလိုက်၏။

ရှေးဟောင်း သြကာတစ်ဇင်း ပညာရှင်များသည် တစ်မှတစ်ဆယ်အထိ တိုင်းသူပြည်သားဟု သဘောထား၏။ သူရဲကောင်း ဘုရင်မနှင့် ဘုရင်ကိုမူ အုပ်ချုပ်သူများဟု သဘောထား၏။ တိုင်းသူပြည်သား ဖဲချပ်နှင့် အုပ်ချုပ်သူ အကြား ဆက်စပ်ပေးသော ဖဲချပ်မှာ မင်းစေဖဲချပ်ဖြစ်၏။ သို့ရာတွင် လောင်းကစားအဖြစ် ပုံပြောင်းလိုက်သော အခါ မင်းစေဖဲချပ်အား ဖြုတ်ပစ်လိုက်သည်ကိုမူ သတိပြုရန်လိုပေသည်။ အထက်က ဆိုခဲ့သည်အတိုင်း တုတ်ဖဲကို ညှင်းဖဲအဖြစ် ပြုလုပ်လိုက်သကဲ့သို့ ဓားဖဲချပ်များကိုလည်း စပိတ်ဖဲချပ်များအဖြစ် ပြုလုပ်လိုက်၏။

ခွက်ဖဲချပ်များကိုလည်း ဟတ်ဖဲချပ်များအဖြစ် ပြုလုပ်၏။ ကြယ်ဖဲချပ်များကိုလည်း ဒိုင်းမွန်ဖဲချပ်များ အဖြစ်ပြုလုပ်လိုက်၏။ ထို့အပြင် မေဂျာဖဲချပ် နှစ်ဆယ့်နှစ်ချပ်ကိုလည်း ထုတ်ပစ်လိုက်၏။ ထိုနှစ်ဆယ့်နှစ်ချပ် အနက်မှ (Foll) ဖူးလ်ဟု ခေါ်သည့် အရူးဖဲချပ်တစ်ချပ်ကိုမူ ဂျိုကာဟု နာမည်ပြောင်းကာ လောင်းကစားကိရိယာ ဖဲချပ်တစ်ချပ်၌ သွတ်သွင်းပေးလိုက်၏။ အုပ်စုလေးစု ခွဲထားသော တုတ်၊ ဓား၊ ခွက်၊ ကြယ်၊ သို့မဟုတ် ညှင်း၊ စပိတ်၊ ဟတ်၊ ဒိုင်းမွန် ဟူသော ဖဲချပ်တို့တွင် တိုင်းသူပြည်သား ဖဲချပ်လေးဆယ်နှင့် အုပ်ချုပ်သူ ဖဲချပ် ဆယ့်နှစ်ချပ်သာလျှင် ရှိတော့၏။

တိုင်းသူပြည်သားနှင့် အုပ်ချုပ်သူအကြားတွင် ဆက်စပ်ပေးသော မင်းစေဖဲချပ်ကိုမူ ဖြုတ်ပစ်လိုက်၏။ အဘယ်ကြောင့် ထုတ်ပစ်ရသည်ကို “သြကာတစ်ဇင်း ပညာရှင်”တို့က ဤသို့ဆို၏။ ဘုရင်ဆိုသည်မှာ လာဘ်မစား၊ ထို့အတူ မိဖုရားကြီးလည်း လာဘ်မစား၊ ထို့အတူ သူရဲကောင်းလည်း လာဘ်မစား၊ လာဘတ်စားနိုင်သူမှာ ထိုသုံးဦးနှင့် တိုင်းသူပြည်သား အကြားတွင်ရှိသော မင်းစေသာလျှင် ဖြစ်၏။ ထို့ကြောင့် ဖဲချပ်ကို မထားသင့်ဟု ယူဆကြ၏။

မူလ သြကာတစ်ဇင်း ပညာ၏ ကိရိယာအဖြစ် သုံးစဉ်က ဖဲထုပ်တွင် (Page) ဖဲကို အသုံးပြုခဲ့သော်လည်း လောင်းကစားကိရိယာအဖြစ် သုံးသောအခါ၌ ထုတ်ပစ်လိုက်ခြင်းမှာ လာဘ်စားခြင်းသည် လောင်းကစားခြင်း ထက် ဆိုးဝါးသည်ဟု ယူဆသည်ကလည်း တစ်ကြောင်း လောင်းကစားသမားသည် အရှည်သဖြင့် တည်တံ့ နိုင်သော်လည်း လာဘ်စားသူမှာမူ အရှည်သဖြင့် မတည်တံ့နိုင်ဟု ယူဆသောကြောင့် ဖဲထုပ်မှ အပြီးအပိုင် ထုတ်ပစ်ခဲ့ခြင်းဖြစ်၏။

ရှေးဟောင်း သြကာတစ်ဇင်း ပညာရှင်တို့သည် သူတို့၏ပညာ သူတို့၏ အမွေဖြစ်သော ဖဲထုပ်ကို ကမ္ဘာတည်သရွေ့ တည်စိမ့်သောဌာ လာဘ်စားသူ၏ သဘောသရုပ်ပါသော မင်းကပ်စိုးမြှောင် ဖဲလေးချပ်ကို ထုပ်ပစ်ခဲ့သည်ဟု အဆိုရှိ၏။ ၎င်းတို့ အယူအဆ မည်မျှမှန်သည်ကို မပြောနိုင်သော်လည်း ဖဲထုပ်ပေါ်ခဲ့သည်မှာမူ နှစ် ပေါင်း ရှစ်ထောင်ကျော်လေပြီ၊ ဤမျှသက်တမ်းရှည်ခြင်းမှာ လာဘ်စားသူလေးဦး ထုတ်ပစ်ခဲ့ခြင်းကြောင့် ဖြစ်တန်ရာ သည်ဟု ယူဆလိုကလည်း ယူဆနိုင်၏။ ထိုမဟုတ်လျှင်လည်း ယှဉ်ပြိုင်လိုစိတ်၊ လောဘစိတ် ကြောင်ရွံ့ထိတ်လန့်စိတ်၊ မနာလိုစိတ်တို့သည် လူ၏ မူလစိတ်၌ တွယ်ကပ်နေသည်ဖြစ်ရာ ထိုစိတ်တို့ကို ကွန့်မြူးနိုင်သော လောင်ကစားခြင်းသည် လူ၏ သည်းခြေကြိုက်သော အရာတွင် တစ်ခုဖြစ်သောကြောင့် ဤမျှ နှစ်ပေါင်းကြာအောင် တည်ခဲ့သည်ဟုလည်း ဆိုနိုင်၏။

မည်သို့ဖြစ်စေ၊ ဖဲထုတ်များသည် ခေတ်အဆက်ဆက်သူ့နည်းသူ့ဟန်နှင့် တည်ရှိနေ၏။ ကစားသူများလည်း ရှိနေကြ၏။ ထိုသူများ သေသွားလျှင်လည်း အသစ်သစ်သော ကစားသူများ ပေါ်ပေါက်လာဦးမည်ဖြစ်၏။ ဖဲကစားခြင်းကို လူတို့နှစ်သက်သည်မှာ ငွေကြောင့်ချည်းပဲ မဟုတ်။ ယှဉ်ပြီုင်ခွင့်ရခြင်း၊ ရင်တထိတ်ထိတ် အသည်းတအေးအေး ဖြစ်ရခြင်း၊ နိုင်ရင်တော့ တော်တာပဲဟုသော မျှော်လင့်ချက် တိုက်အိမ်များ တည်ဆောက်နိုင်ခွင့်ရခြင်း၊ တစ်ဘက်လူ နိုင်သွားသည်ကို မနာလိုကြောင်း ပြောင်ပြောင်တင်းတင်း ပြောခွင့် (သို့မဟုတ်) အမူအရာဖြင့် ပြခွင့်ရခြင်းစသော အခြင်းအရာတို့ကြောင့် ဖြစ်တန်ရာ၏။

ဖဲကစားသူတို့သည် ဒီအတိုင်း လှန်၍ ကြည့်လျှင်လည်း ဒီဖဲချပ် - ပွတ်၍ ကြည့်လျှင်လည်း ဒီဖဲချပ်ဟု သိလျက်နှင့်ပင် လှန်၍ ကြည့်သူနည်း၏။ ပွတ်၍ကြည့်သူများ၏၊ အဘယ်ကြောင့် ပွတ်ကြည့်သနည်းဟူမူ တချက်တည်း လှန်၍ကြည့်ပါမူ အဖြေကိုချက်ချင်းသိရ၏။ ထိုသို့မကြည့်ဘဲ ပွတ်၍ကြည့်လျှင် အဖြေမှန်ကို မသိမီစပ်ကြား အမျိုးမျိုးအဖုံဖုံ ယူဆခွင့်ရှိ၏။ ထိုယူဆခွင့်သည် ဖဲသမား၏ အရသာများအနက် တစ်ခုသော အရသာဖြစ်၏။

ကျွန်ုပ်သည် ဖဲသမားတစ်ဦးဖြစ်၏ ထို့ကြောင့် စစ်ကြိုခေတ်တွင် နာမည်ကြီးခဲ့သော ပိတုန်းဖဲထုပ်၊ အေဝမ်းဖဲထုပ်၊ စစ်ပြီးခေတ်တွင် နာမည်ကြီးခဲ့သော ဂဏန်းသုံးလုံးတူ ဖဲထုပ်များ သုံးသုံးလုံး၊ ကိုးသုံးလုံး၊ ရှစ်သုံးလုံး စသည့်ဖဲထုပ်များ၊ ကြောင်နက်တံဆိပ်ဖဲထုပ်၊ ကိုးရိုးကားရား အမျိုးသမီးပုံများဖြင့် တန်ဆာဆင်ထားသော ပလတ်စတစ်ဖဲထုပ်၊ နာရီတံဆိပ် ဖဲထုပ်စသည်ဖြင့် မြောက်မြားစွာသော ဖဲထုပ်တို့ကို ကစားခဲ့ဖူးပါသည်။ အချို့သော ဖဲထုပ်များသည် လက်ထဲတွင် ကိုင်၍ ကုလားဖန် ထိုးလိုက်လျှင် “ရွှမ်း”ခနဲ မြည်၏။ အချို့သော ဖဲထုပ်များမှာ “ချပ်ချပ်… ချပ်ချပ်” မြည်၏။ အချို့သော ဖဲထုပ်မှာ လက်ထဲတွင် ကိုင်လိုက်လျှင် စီးစီးပိုင်ပိုင်ရှိ၏။ အချို့သော ဖဲထုပ်များမှာ ကိုင်လိုက်လျှင် ပေါ့ရွှတ်ရွှတ်နိုင်ခြင်း သာလျှင်ဖြစ်၏။

အချို့သော ဖဲထုပ်များမှာ ကစားခံ၏။ တော်တော်နှင့် မနွမ်းပေ။ အချို့သော ဖဲထုပ်များမှာမူ အကစားမခံပေ။ တစ်လှည့်နှစ်လှည့် ကစားလိုက်သည်နှင့်ပင် ဖွတ်ဖွတ်ညက်ညက် ကြေသွား၏။ ကျွန်ုပ်ဆိုလိုသည်မှာ ဖဲထုပ်တို့တွင် အမျိုးမျိုးအဖုံဖုံသော သဘာဝတို့သည် ရှိကုန်၏ဟု ဆိုလိုခြင်းဖြစ်၏။ ထိုအကြောင်းကို လူတိုင်းလက်ခံနိုင်မည် မဟုတ်ပေ။ ဖဲကစားဖူးသော ဖဲသမားတို့သာလျှင် လက်ခံပေလိမ့်မည်။ ထို့အတူ ကျွန်ုပ်၌လည်း အိမ်နီးချင်းများသည် ရှိ၏။ ထိုအိမ်နီးချင်းတို့သည်လည်း သဘာဝအမျိုးမျိုး ရှိကြကုန်၏။ တစ်ဦးနှင့်တစ်ဦး မတူကြပေ ထိုအကြောင်းကို မြို့ထဲတိုက်ခန်းများတွင် နေသူများသည် သိနိုင်မည် မဟုတ်။ များသောအားဖြင့် ထိုတိုက်ခန်းများတွင် နေသူများသည် မိမိအခန်းဘေးတွင် နေသူသည် မည်သည့် အသက်မွေးဝမ်းကျောင်း ဖြင့် အသက်မွေးသည်ကိုပင် အချို့သည် မသိနိုင်ကြ၊ ကိုယ့်အခန်းကိုယ်နေ၊ သွားစရာရှိလျှင် ကိုယ်အခန်း ကိုယ်ပိတ်၍ ထွက်သွားကြ၏ ထို့ကြောင့် အခန်းချင်းကပ်လျက် အနှစ်နှစ်ဆယ် နေခဲ့ကြသော်လည်း တစ်ဦးကိုတစ်ဦး နှုတ်မဆက်ဖြစ်ဘဲ နေခဲ့ကြသည်လည်းရှိ၏။

ထို့ကြောင့် ထိုနေရာမျိုး၌ အိမ်နီးချင်းဟူသော စကားသည်တိတိကျကျ အကျူံးမဝင်လှချေ၊ ရပ်ကွက်ထဲတွင် အိမ်ဌား၍ဖြစ်စေ၊ အိမ်ဝယ်၍ဖြစ်စေ၊ အိမ်ဆောက်၍ဖြစ်စေ နေသူများ၌ကား အိမ်နီးချင်းဟူသည် ရှိ၏။ ကျွန်ုပ်သည် ရပ်ကွက်တစ်ခုအတွင်း၌ နေခဲ့၏။ ထို့ကြောင့်အိမ်နီးချင်းများ ရှိခဲ့၏။ ထိုအိမ်နီးချင်းတို့သည် သဘာဝ အမျိုးမျိုးရှိကြ၏။ အချို့ကို ပေါင်းရသည်မှာ စီးစီးပိုင်ပိုင် ရှိကြ၏။ အချို့မှာပေါ့ရွှတ်ရွှတ်နိုင်၏။ အချို့မှာ တစ်ခါ ဆက်ဆံလိုက်သည်နှင့်ပင် ဆယ်ခါလန်၍သွား၏။ ထို့ကြောင့် ထိုအိမ်နီးချင်းများသည် ကျွန်ုပ်ကစားဖူးသော ဖဲထုပ်များနှင့် တူ၏ဟု ကွန်ုပ်ကဆိုရခြင်းဖြစ်၏။

ကျွန်ုပ်၏ အမည်မှာ ဘသိန်းဖြစ်၏။ ကျွန်ုပ်သည် ရန်ကုန်မြို့ရှိ ဈေးတစ်ဈေးတွင် အုန်းသီး၊ ဌက်ပျောသီး ရောင်းသောအလုပ်ဖြင့် အသက်မွေး၏။ သို့ရာတွင် ကျွန်ုပ်တို့၏ဈေးမှာ နံနက်ခုနှစ်နာရီ မှ ဆယ်တစ်နာရီခန့် သာလျှင် လူစည်ကား၏။ ဆယ့်နှစ်နာရီကျော်သည်မှ ဈေးပိတ်သည်အထိ လွန်စွာလူပါးလေ၏။ ထို့ကြောင့် ကျွန်ုပ်တို့ ဈေးသူဈေးသားများသည် ဆယ့်နှစ်နာရီကျော် သည်နှင့် “အိပ်ချိန်” ဟု တစ်ဦးကို တစ်ဦး လှမ်း၍နောက် တတ်ကြ၏။ အမှန်တကယ်လည်း အချို့သော ဈေးသည်များသည် အိပ်ကြ၏။ အချို့သည် လူစု၍ လက်ဖက်စားဖြင်း၊ ဂျင်းသုတ်စားခြင်း၊ စကားပြောခြင်း၊ ကျားထိုးခြင်းများကို ပြုလုပ်ကြ၏။ မျက်စိလည် လမ်းမှား၍ ဝယ်သူတစ်ဦးတစ်လေ လာလျှင်မူထ၍ ရောင်းကြ၏။ ထို့နောက် အိပ်သူ ပြန်၍အိပ်၏။ စားသူပြန်၍စား၏။ ကျားထိုးသူပြန်၍ ထိုး၏။

ကျွန်ုပ်သည် ဆယ့်နှစ်နာရီ ထိုးသည်နှင့် တစ်ပြိုက်နက် ကျွန်ုပ်၏ဆိုင်ကိုမူ မူတူးဟုခေါ်သော ကုလားလေဖြင့် လွှဲကာ ကျွန်ုပ်မှာမူ အချိန်းအချက်ရှိသော ဖဲဝိုင်းများသို့ သွားလေတော့၏။ ဖဲဝိုင်းစောစောပြီးလျှင်လည်း ဆိုင်သို့မသွားဘဲ အိမ်သို့သာ ပြန်လာ၏။ ကုလားမူတူးက အချိန်တန်လျှင် ဆိုင်သိမ်း၍ ကျွန်ုပ်ထံသို့ ရောက်လာမြဲဖြစ်၏။ အကြောင်း အမျိုးမျိုးကြောင့် ဖဲဝိုင်းများ မရှိသည်မှာ ကြာပြီဖြစ်၏။ ထို့ကြောင့် ကျွန်ုပ်သည်လည်း ဆယ့်နှစ်ရီထိုးသည်နှင့် ဈေးမှအိမ်သို့သာ တိုက်ရိုက်ပြန်လာတတ်၏။ အိမ်၌ အနေများ လာသောအခါ အိမ်နီးချင်းများကို သတိပြုမိလာ၏။ ဤသို့ သတိပြုမိလာသည်ဟု ဆိုသောကြောင့် ယခင်က သတိမပြုသဘောဟု ဆိုဖွယ်ရာရှိ၏။ အမှန်စင်စစ် ကျွန်ုပ်၏ အိမ်နီးချင်းများသည် လူသစ်များဖြစ်၏။ ယခင်က လူဟောင်းများ မရှိကြတော့ပေ၊ အားလုံးလိုလိုပြောင်းသွား ကြပြီဖြစ်၏။

ဈေးကောင်းရသောကြောင့် မိမိတို့၏ အိမ်များ မြေများကို ရောင်းချကာ မြို့စွန့် ဆင်ခြေဖုံးများဆီသို့ပြောင်းရွှေ့ သွားကြပြီ ဖြစ်၏။ ယခုဆက်ဆံရသည်မှာ လူသစ်များ ဖြစ်၏။ မျက်နှာချင်းဆိုင် တည့်တည့်အိမ်မှ ကျွန်ုပ်၏မိတ်ဆွေ ကိုဝကြီးဆိုသူမှာ မရှိတော့ပြီ။ ၎င်း၏ အိမ်ဟောင်းကြီးကို တခြားလူတစ်ယောက် လာ၍ ဝယ်သဖြင့် ၎င်းက မြို့စွန်သို့ ပြောင်းသွားပြီဖြစ်၏။ ထိုအိမ်ကို လာ၍ ဝယ်သူမှာလည်း ကိုဝကြီးကဲ့သို့ပင် လူဝကြီးတစ်ဦးဖြစ်၏။ သို့ရာတွင် ထိုသူသည် ကိုဝကြီးထက် အရပ်မြင့်၏။ ကိုဝကြီးသည် ဥပဓိရုပ်ကောင်း၏ ထို့ပြင် ကိုဝကြီးထက် ငွေကြေးတက်နိုင်၏။ သူသည် ကိုဝကြီး၏ အိမ်ဟောင်းကြီးကို ဝယ်ကာ ဖျက်ချပြီးတိုက် ဆောက်၏။

၎င်း၏တိုက်မှာ လွန်စွာလှပ၏။ ထိုတိုက်ကို “ပုလဲဂေဟာ” ဟု ထိုသူက အမည်ပေးကာ ဆိုင်းဘုတ်ကလေး တစ်ခုချိတ်ဆွဲထား၏။ ထိုသူသည် အိမ်ဆောက်ပြီးသော အခါ၌ မိသားစုနှင့် အတူပြောင်းရွေ့လာ၏။ ပြောင်းရွေ့လာပြီး များမကြာမီ၌ပင် အိမ်တက်မင်္ဂလာလုပ်၏။ ထိုအိမ်တက်မင်္ဂလာသို့ ထိုသူ၏မိတ်ဆွေ အမြောက်အမြားသည် အမျိုးမျိုးအဖုံဖုံသော မော်တော်ကားများဖြင့် ရောက်၍လာ၏။ ကျွန်ုပ်အပါအဝင် ရပ်ကွက် တွင်းမှ လူများကိုလည်း ထိုအိမ်တက် မင်္ဂလာသို့ ဖိတ်ကြားသဖြင့် ကျွန်ုပ်တို့လည်း ရောက်ရှိသွား၏။

ထိုသူသည် ကားများဖြင့် ရောက်လာသော သူ၏မိတ်ဆွေများကို ဦးစားပေး၍ တည်ခင်းဧည့်ခံ၏။ ကျွန်ုပ်အပါအဝင် ရပ်ကွက်သူရပ်ကွက်သားများကိုမူ ကောင်းမွန်စွာလည်း ဧည့်မခံ။ ကျွေးမွေးခြင်းလည်း မပြုသောကြောင့် ထိုသူသည် ကျွန်ုပ်တို့အား မကောင်းတတ်၍သာ ဖိတ်ကြားခြင်း ဖြစ်သည်။ ကျွန်ုပ်တို့နှင့် မိတ်ဆွေဖြစ်လိုပုံ မရကြောင်း အားလုံးလိုလိုက ရိပ်မိကြ၏။ ထိုသူနှင့် သူ၏ မိတ်ဆွေများသည် အော်ကြီးဟစ်ကျယ် ပြောဆိုကြ၏။ ရယ်မောကြ၏။ နောက်ပြောင်ကြ၏။ ကျွန်ုပ်အပါအဝင် ရပ်ကွက်သူ ရပ်ကွက်သားများမှာမူ ပါးစပ်အဟောင်း သားဖြင့် ငေး၍ကြည့်နေကြရ၏။ သူတို့အချင်းချင်း ပွဲကျသော ပြက်လုံးများမှာလည်း ကျွန်ုပ်တို့နှင့် ပတ်သက်ခြင်း မရှိသောကြောင့် ရယ်၍လည်းမဖြစ်၊ မရယ်ဘဲငုတ်တုတ်ကြီး ကြောင်အမ်းအမ်းနှင့် ထိုင်နေရသည်မှာ လည်း ခက်လှတော့၏။

ထိုသူသည် ပုလဲနှင့်ငါးဌာနမှ အရာရှိဟုသိရ၏။ ကျွန်ုပ်၏ မျက်စိထဲတွင်မူ ထိုသူသည် ပုလဲနှင့်မတူ၊ ငါးနှင့်သာ တူနေ၏ ငါးမှာလည်း ငါပူတင်းနှင့်သာ တူနေ၏။ ဖောင်းကားသော သူ၏ဗိုက်ကြီးမှာ အတော်စားထားကြောင်း ဖော်ပြနေ၏။ ရပ်ကွက်တွင်းမှ သူများသည် အလျှိုလျှို ထ၍ပြန်သွားကြ၏။ ကျွန်ုပ်နှင့် ကိုမြစိန်ဆိုသော သူနှစ်ဦးသာ ကျန်ရစ်ခဲ့၏။ ၎င်းကိုမြစိန်က ကျွန်ုပ်အား.. “မပြန်နဲ့ဗျာ၊ စားသောက်ပြီးမှကို ပယ်ပယ်နယ်နယ် ပြောပြီးမှ ပြန်မယ်” ဟု ပြောလေ၏။

ဤသို့နှင့်ပင် ကျွန်ုပ်တို့နှစ်ဦးသည် စိတ်ရှည်ရှည်ဖြင့် စောင့်ခဲ့ရာ ဧည့်သည်များ အတော်အတန် ရှင်းသွားသောအခါ ထိုသူက.. “ဟေ့.. ဒီမှာ ဧည့်သည် နှစ်ယောက်ဟေ့၊ မုန့်နှစ်ပန်းကန်ပြင်ပါဦးဟ” ဟု နောက်ဘက်သို့ လှမ်း၍ ပြောလိုက်လေ၏။ များမကြာမီ၌ပင် မုန့်ဟင်းခါး နှစ်ပန်းကန် ရောက်လာ၏။ သို့ရာတွင် အကြော်များ မပါတော့ပေ။ ကျွန်ုပ်နှင့် ကိုမြစိန်သည် မုန့်ဟင်းခါးကို စားကြ၏။ ထိုအခါ ထိုသူက.. “တစ်လမ်းလုံး ဖိတ်ထားတာပဲ၊ မလာကြသေးပါလား” ဟု ကျွန်ုပ်တိုအား မေးသလိုလို ပြောသလိုလို စကားဖြင့် စတင်နှုတ်ခွန်း ဆက်လေတော့၏။ ထိုအခါ ကိုမြစိန်က.. “လာကြပါတယ်ဗျာ၊ အိမ်စေ့တက်စေ့ လာကြပါတယ်၊ မော်တော်ကားနဲ့ လာတဲ့ ဧည့်သည်တွေကို ဦးစားပေး စောင့်ရင်းနဲ့ပဲ နောက်ဆုံးမှာ မစောင့်နိုင်လို့ ပြန်သွားကြတယ်၊ မိတ်ဆွေကြီး မကြားလို့ပါ၊ အပြင်မှာ ကမ္ဘာမကျေ သီချင်းတောင် ဆိုသွားကြသေးတယ်” ဟု နောက်တီးနောက်တောက် လေသံဖြင့် ပြောလိုက်၏။

ထိုအခါ ထိုသူသည် မျက်နှာတစ်ချက် ပျက်သွား၏။ ထို့နောက်မှ ငါးပုတင်းနှင့် တူသော ထိုသူသည် ဣနြေ္ဒဆည်လိုက်လေ၏။ ထို့နောက် ထိုသူက “ဟုတ်မှာပါဗျာ၊၊ ကျုပ်ကလဲ ရုံးကမိတ်ဆွေတွေ၊ ဌာနဆိုင်ရာက လူတွေ မလစ်ဟင်းအောင် ဧည့်ခံနေရတယ်ဗျာ” ဟု ပြောလိုက်လေ၏။ ထိုအခါ ကိုမြစိန်က.. “ပြန်သွားတဲ့ လူတွေကလဲ မိတ်ဆွေကြီးကို မှာသွားပါတယ်။ သူတို့အတွက် အားမနာပါနဲ့တဲ့၊ သူတို့အစား ကျွန်တော်တို့ နှစ်ယောက်ကို ထားခဲ့ပါတယ်တဲ့၊ ကျွန်တော်တို့ နှစ်ယောက်ကိုပဲ အကြော်တွေ ဘာတွေနဲ့ ကျကျနနကျွေး လိုက်ပါတဲ့” ဟု ပြောလိုက်လျှင် ထိုသူသည် ကျွန်ုပ်တို့၏ စားပွဲကို ဂရုတစိုက် ကြည့်လိုက်ရာ အကြော်မပါကြောင်း တွေ့ရှိသွားလေ၏။

ထိုအခါ နောက်သို့ လှည့်ကာ..“ ဟေ့.. ဒီမှာ အကြော်တွေဘာတွေ လာချပေးလေ” ဟု ပြောလိုက်မှပင် ပဲကြော်တစ်ချပ်နှင့် တစ်ခြမ်းလောက်ကို ခြေ၍ထားသော ပန်းကန်ကလေး ရောက်ရှိလာလေ၏။ ထိုသူသည် ကျွန်ုပ်တို့ အနီးတွင် ဝင်၍ထိုင်လိုက်၏။ ထို့နောက် ထိုသူက.. “ဒီရပ်ကွက်ကလေး အေးအေးချမ်းချမ်း ရှိတယ်ဆိုပြီး ပြောင်းလာတာ၊ တစ်ခုတော့ရှိတယ်၊ ဒီမှာက အစိုးရဝန်ထမ်း နည်းတယ်နော်၊ ပျံကျလုပ်စားတဲ့ လူတွေ များတယ်နဲ့ တူတယ်” ဟု ပြောလိုက်လေ၏။ ထိုအခါ ကိုမြစိန်က.. “မှန်ပါတယ် ခင်ဗျား၊ ဟော ဒီလူကြီးက ကိုဘသိန်းတဲ့၊ ဈေးထဲမှာ အုန်းသီး၊ ဌက်ပျောသီး ရောင်းတယ်၊ ကျွန်တော်ကလဲ ဟောဒီ ဈေးထဲက ယောကျာ်းငါးစိမ်းသည် ပါပဲ။ ငါးလုပ်ငန်းပေါဗျာ၊ ပုလဲတော့မပါဘူး၊ မိတ်ဆွေကြီးက ပုလဲနဲ့ငါးလုပ်ငန်း ကျုပ်က ရိုးရိုးငါးလုပ်ငန်းဟဲ..ဟဲ.. မနှစ်တုန်းက ကျုပ်လဲ အိမ်ပြင်ဆောက်တယ်။ ကျုပ်အိမ်ကိုတော့ “ငါးဂေဟာ” လို့ နာမည်ပေးထားတယ်” ဟု ပြောလိုက်လေ၏။

ထိုသူသည် စိတ်အညစ်ကြီး ညစ်နေပုံရ၏။ ထို့နောက် ကျွန်ုပ်ဘက်သို့ လှည့်ကာ “ခုခေတ်မှာကတော့ ပွဲတော်တော် ထိုးကြတယ်ဗျ။ ခင်ဗျားကတော့ အရောင်းအဝယ် ကောင်းမှာပဲနော်” ဟု ပြောလေ၏။ ထိုအခါ ကျွန်ုပ်က ပြောမည် ဟန်ပြင်စဉ်ပင် ကိုမြစိန်က.. “သိပ်ပြီး အရောင်းအဝယ် ကောင်းတာပေါ့ဗျာ၊ အခုခေတ်မှာ လူတွေကလဲ ဘာတွေ ဖြစ်ကုန်တယ် မသိဘူး၊ အိမ်တိုင်းလိုလို ကန်တော့ပွဲတွေနဲ့ဗျ” ဟု ကြားဖြတ်၍ အဖြေပေးလိုက်လေ၏။ ထိုအခါ ငါးပူတင်းနှင့် တူသော ထိုသူက.. “မြန်မာပြည်မှာ ကျုပ်လို လူချည်းပဲဆိုရင်တော့ မိတ်ဆွေကြီးရဲ့ ဌက်ပျောသီး အုန်းဆိုင်တွေ ပိတ်ထားရလိမ့်မယ်နဲ့ တူတယ်” ဟု သူသည် အယုံအကြည် မရှိကြောင်း ကြေညာလိုက်လေ၏။

ထိုအခါ ကိုမြစိန်က.. “ ဟုတ်ပါလိမ့်မယ်ဗျာ၊ ဒါပေမယ့် လူတော်တော်များများက မိတ်ဆွေကြီးလို မဟုတ်ဘူးဗျ၊ ဟိုအတွက်ပူရ၊ ဒီအတွက်ပူရနဲ့၊ ပူရပါများလာတော့ အားငယ်လာကြတယ်၊ အဲဒီလို အားငယ်လာတော့ အားကိုးရှာကြတယ်၊ အားကိုးရှာတော့ ဟိုနတ် မ နိုးနိုး၊ ဟို ဘိုးတော် မနိုးနိုးနဲ့ ပွဲထိုးကြတာပေါ့၊ ရိုးရိုးသားသား ယုံကြည်လို့ ကန်တော့ပွဲထိုးတဲ့ လူကိုတော့ အပြစ်မပြောပါဘူးဗျာ၊ ဒါပေမယ့် ဘဝမှာ အကျပ်အတည်းတွေ့လို့ အားကိုးရှာတဲ့ သဘောနဲ့ နတ် -မ နိုးနိုး၊ ဘိုးတော် မ နိုးနိုးနဲ့ ကန်တော့ပွဲထိုးတဲ့ လူတွေကိုတော့ သနားမိတယ်ဗျာ၊ မရှိရတဲ့ ကြားထဲ ကန်တော့ပွဲဖိုးက ကုန်ရဦးမယ်” ဟု ပြောလိုက်လေ၏။

ထိုအခါ ငါးပူတင်းနှင့်တူသောသူက.. “ခင်ဗျားတို့ နှစ်ယောက်တော့ မပါပါဘူးဗျာ၊ ခင်ဗျားတို့ ရပ်ကွက်က လူတွေဟာ နဲနဲလေးတော့ ကျုပ်တို့နဲ့ စရိုက်ချင်းကွာတယ်။ တကယ်ဆိုရင်ဗျာ ကိုယ်က ဒီရပ်ကွက်ထဲ နေတာပဲ၊ အိမ်ရှင်ပေါ့၊ တခြားက ကားနဲ့လာတဲ့ လူတွေက ဧည့်သည်ပေါ့ဗျာ၊ အိမ်ရှင်က ဧည့်သည်ကို ဦးစားပေးရမှာပေါ့၊ ဒီလို သဘောမထားဘဲ ဧည့်သည်ကို ဦးစားပေးရမလားဆိုပြီး ပြန်သွားကြတာကတော့ ရိုင်းတာပေါ့” ဟု ပြောလေ၏။ ထိုအခါ၌ ကျွန်ုပ်တို့လည်း မုန့်ဟင်းခါး စား၍ ပြီးပြီဖြစ်ရာ နေရာမှထကြ၏။ ကိုမြစိန်က.. “ဒီမှာ မိတ်ဆွေကြီး၊ ဒီရပ် ကွက်က တစ်မျိုးဗျ၊ အဲဒီလို အဆင်မပြေ ဖြစ်ပြီးရင် အသုဘကျရင် လိုက်မပို့ကြဘူး၊ အဲဒီတော့ မိတ်ဆွေကြီးတို့ အိမ်မှာ အဲဒီလိုကိစ္စများ ကြုံရင်တော့ လိုက်ပို့ကြမှာ မဟုတ်ဘူး၊ မော်တော်ကားနဲ့ ဧည့်သည်တွေကိုပဲ ကြိုကြိုတင်တင် မှာထားပေးတော့” ဟု ဆို၍ အိမ်ပေါ်မှ ဆင်းခဲ့ကြလေ၏။

ထိုအချိန်မှစ၍ ငါးပူတင်းနှင့် တူသော ထိုသူသည် မည်သည့်အလှူတန်း လုပ်သည်ဖြစ်စေ၊ ကျွန်ုပ်တို့ ရပ် ကွက်တွင်းမှ လူများအား ဖိတ်ကြားခြင်း မရှိတော့ပေ၊ ၎င်း၏ ကားနှင့် မိတ်ဆွေများကိုသာ ဖိတ်ကြား၏။ ရပ်ကွက်တွင်းမှ လူများကို ဆေးဖော်ကြောဖတ်မျှပင် မလုပ်တော့ပေ။ တိုက်ဆိုင်၍လား မဆိုနိုင်ပေ၊ များမကြာမီ၌ပင် ထိုသူ၏ ယောက္ခမကြီး ကွယ်လွန်လေ၏။ ထိုသူ၏ မော်တော်ကားနှင့် မိတ်ဆွေများသည် လာရောက်မေးမြန်းကြ၏။ သို့ရာတွင် ဖင်ပူအောင်ပင် မထိုင်ကြ၊ ပြန်သွားကြပြီ ဖြစ်၏။ ရပ်ကွက်မှ လူများလည် လာရောက်မေးမြန်းဖော်ပင် မရ၊ ထို့ကြောင့် အသုဘအိမ်မှာ အလောင်းနှင့် အိမ်သားများသာ ရှိလေ၏။ အပြင်လူဆို၍ ကျွန်ုပ်နှင့် ကိုမြစိန်သာ ရှိ၏။

ကျွန်ုပ်နှင့် ကိုမြစိန်သည် ကွာစိကို တဖြောက်ဖြောက်ဝါးရင်း စကားစမြည် ပြောနေကြ၏။ ညဉ့်နက်ပိုင်းသို့ ရောက်သောအခါ၌ ကျွန်ုပ်က ချမ်းအေးလွန်းသဖြင့် အိမ်သို့ ပြန်နှပ်လေ၏။ ကိုမြစိန်သာလျှင် ကွာစိ တစ်ပန်းကန်နှင့် ကျန်နေခဲ့၏။ ကိုမြစိန်သည် ငါးပူတင်းနှင့် တစ်ညလုံး စကားပြောနေ၏။ နံနက် မိုးလင်းသောအခါ ကျွန်ုပ်နှုင့် ကိုမြစိန်သည် လက်ဖက် ရည်ဆိုင်တွင် ဆုံလေ၏။ “ဘယ်လိုလဲဗျ၊ ခင်ဗျား ညက မိုးအလင်းပဲလား” ဟု ကျွန်ုပ်က မေးလိုက်ရာ ကိုမြစိန် “မိုးလင်းတာပေါ့ဗျာ၊ အခုမှကို အသုဘအိမ်က ထပြီးပြန်လာခဲ့တာ၊ အိမ်တောင် မရောက်သေးဘူး၊ ညကတစ်ညလုံး ဟိုလူကို လိမ္မာရေးခြားရှိအောင် ဆုံးမ နေရတယ်၊ ဒီလူဟာ လောကအကြောင်း ဘာတစ်ခုမှ မသိဘူးဗျ၊ သနားစရာ အတော်ကောင်းတဲ့လူ” ဟု ပြောလေ၏။ “

သူက လောက အကြောင်း မသိတော့ ဘာအကြောင်းတွေ သိလဲ ကိုမြစိန်ရဲ့” ဟု ကျွန်ုပ်က မေးလိုက်လေ၏။ ထိုအခါ ကိုမြစိန်က လက်ဖက်ရည်ကို အပြီးသတ် မော့သောက်လိုက်ရင်း.. “ဒီလူ မော်တော်ကား အကြောင်း၊ တိုက်အိမ်တွေအကြောင်း၊ အဖိုးတန်တဲ့ ခြံကြီးတွေအကြောင်း၊ နောက်တစ်ခေါက် နိုင်ငံခြားကို ဘယ်ပုံဘယ်နည်း သွားရမယ့် အကြောင်းတော့ ကောင်းကောင်းသိတယ်ဗျ” ဟု ပြောလေ၏။ သူသိတာတွေက သူ့ဘဝအတွက် လုံလောက်သားပဲဗျ” ဟု ကျွန်ုပ်က ဝင်၍ပြောလိုက်လေ၏။

“အဲဒါအရေးမကြီးဘူးဗျ၊ ဒီလူကလဲ ဘာမှ မလုပ်တတ်ဘူး၊ ယောက်ျားဆိုလို့ ကျုပ်နဲ့သူ နှစ်ယောက်တည်းရှိတာ နေ့လယ်လောက်မှာ ခေါင်းဝယ်ပြီး သူ့ယောက္ခမကို ခေါင်းထဲထည့်ဖို့ ကိစ္စရှိသေးတယ်၊ သူကလဲ မသာဆိုရင် အလွန်ရွံဆိုပဲဗျ၊ ကျုပ်တစ်ယောက် တည်းတော့ ဒုက္ခပါပဲဗျာ၊ အဲဒါကြောင့် ခင်ဗျားကို အကူညီ တောင်းမလို့၊ ခင်ဗျားက ဖဲသမားဆိုတော့ ဒါမျိုးတွေနဲ့ ရင်နှီးမှာပေါ့” ဟု ကိုမြစိန်က ပြောလေ၏။

“တောက်တီးတောက်တဲ့ ဗျာ၊ ကျုပ်က သိပ်ပြီး ကြောက်တတ်တာဗျ၊ ပြီးတော့ ကျုပ်က ဖဲသမားဆိုပေမယ့် မသာအိမ်မှာ ရိုက်တဲ့ ဖဲသမားမျိုးမဟုတ်ဘူးဗျ” ဟု ကျွန်ုပ် ပစ်ပစ်ခါခါ ငြင်းဆိုလိုက်လေ၏။ ထို့နောက်တွင်ကား ကျွန်ုပ်သည် ကိုမြစိန်နှင့် လမ်းခွဲခဲ့လေ၏။ ကိုမြစိန်သာ ထိုအသုဘအိမ် ၌ ရက်လည်သည်အထိ ဝိုင်း၍ လုပ်ကိုင်ပေးနေကြောင်း တွေ့ရလေ၏။ သို့ရာတွင် ငါးပူတင်း၏ ယောက္ခမ အလောင်းကိုမူ ခေါင်းအတွင်း သို့ မည်သို့မည်ပုံ သွင်းလိုက်သည်ကိုမူ ကျွန်ုပ်အနေဖြင့် မမေးဖြစ်ခဲ့ပါ။ ကျွန်ုပ်သည် ထိုအဘွားကြီး ရက်လည်သောနေ့၌ ရပ်လည်ဆွမ်းသွပ်ကို သွား၍ စားသောက်ပြီးနောက် ငါးပူတင်းနှင့်တူသော အိမ်သို့ မသွားဖြစ်တော့ပါ။ ထိုသူကိုလည်း ကျွန်ုပ်သည် မိတ်ဆွေ မဖြစ်လိုပါ၊ ထိုသူသည် အပေါစား ဖဲထုတ်နှင့်တူ၏။ အပေါစား ဖဲထုပ်သည် တစ်ဝိုင်းလောက် ကစားသည်နှင့် ဖွတ်ဖွတ်ညက်ညက် ကျေလေ၏။ ထိုသူသည်လည်း တစ်ခါ ဆက်ဆံသည်နှင့် ဆယ်ခါလန်၍ သွားလောက်အောင် အိမ်နီးချင်းမျိုးဖြစ်ပေသည်တကား။

မဟာဘုတ်ဗေဒင်ပညာလာ ကျောက်မျက်ရတနာအဆောင်

ကျွန်တော် အရင်တုန်းက မဟာဘုတ်ဗေဒင်ပညာအကြောင်း ပို့လေးတွေ တင်ပေးထားခဲ့ဘူးပါတယ်။ ဗေဒင်အချုတ် မဟာဘုတ် တွက်နည်း ကိုလည်း တင်ပေးထားတယ်။ နိုင်ငံတကာက ဘယ်နည်းတွေ ဘယ်လောက်ပဲ ကောင်းကောင်း မြန်မာနိုင်ငံက နာမည်ကျော် ဗေဒင်ပညာရှင် ဆရာကြီးတွေ တော်တော်များများဟာ ဒီမဟာဘုတ်ဆိုတဲ့ ဗေဒင်ပညာရပ်လေးကို ဘယ်ဆရာကြီးတွေကမှ လက်မလွှတ်ခဲ့ ကြပါဘူး။ အဲဒါဟာ ဒီမဟာဘုတ် ဗေဒင်ပညာရဲ့ လျှို့ဝှက်ချက်တစ်ခုပါ။ ဆိုလိုတာကတော့ ကောင်းလို့ လက်မလွတ်ကြတာပေါ့။ မကောင်းရင် ပျောက်ကွယ်သွားတာ ကြာပြီထင်ပါတယ်။

ကျွန်တော်တို့တွေက ဘာတွေကောင်းတယ်။ ဘယ်လောက်ကောင်းတယ်။ ဘာတွေ အသုံးပြုလို့ ရတယ်။ ဘယ်လောက်ထိ တွင်ကြယ်တယ်ဆိုတာတွေကို နက်နက်နဲနဲ သိအောင် လေ့လာဆည်းပူးဖို့ပဲ လိုပါတယ်။ ဟင်းကောင်းတစ်ခွက်ကို မြည်းကြည့်ရုံနဲ့တောင် ကောင်းမှန်းသိရင် တော်တော်များများလေး စားသုံးကြည့်လိုက် ရင် ဘယ်လောက် ကောင်းမှန်း အရသာရှိမှန်း သိလိုက်မလဲ။ အဲဒီလိုပါပဲ။

ကျွန်တော်တို့ နောက်ပေါက်ဗေဒင်ဆရာတွေကို မဟာဘုတ်ဗေဒင်ပညာကို မီးမောင်းထိုးပြခဲ့တဲ့ ဆရာကြီးတွေ ရှိတဲ့ကြားထဲက ဆရာသခင်အဘမင်းသိင်္ခ မဟာဘုတ်ဦးကြာမြင့်တို့ ဆရာဦးမောင်မောင်ကြည်တို့ ဆရာကြီးဒဂုန်တို့တွေက ကျွန်တော်တို့ကို နည်းပေးလမ်းပြပေးခဲ့ကြတယ်။ ကျွန်တော်တို့က ဆက်လက် လေ့လာဖို့ သင်ယူဖို့ပဲ ရှိပါတယ်။ မဟာဘုတ်ဗေဒင်ပညာနှင့် ပါတ်သက်ပြီး ဆရာကြီးဒေါက်တာဒဂုန် ရေးသားတဲ့ မြန်မာရိုးရာမဟာဘုတ်ဗေဒင်ပညာ စာအုပ်တွေကို လေ့လာကြည့်လိုက်တဲ့ အခါကြမှ မဟာဘုတ်ဗေဒင်ပညာရဲ့ ကျယ်ဝန်းပုံ နက်ရှိုင်းပုံတွေကို အံ့မခန်းတွေ့ရတာပါပဲ။
အခု ကျွန်တော်ရေးမှာက မဟာဘုတ်ဗေဒင်ပညာမှာလာတဲ့ ကျောက်မျက်ရတနာ အဆောင်အကြောင်းပါ။ လူသားတိုင်း လူသားတိုင်းဟာ ကျောက်မျက်ရတနာကို အဆောင်အဖြစ် ဆောင်လိုကြပါတယ်။ အဲဒီတော့ မဟာဘုတ်ဗေဒင်ပညာနဲ့ တွက်ချက်ပြီး အဆောင်ပေးတဲ့ နည်းပါ။ လူတိုင်းလဲ တွက်လို့ရတဲ့ နည်းပါ။ လွယ်ပါတယ်။ အရင်ဆုံးမိတ်ဆွေက မိမိရဲ့ မြန်မာမွေးသက္ကရာဇ်ကို (၇)နှင့် စားကြည့်လိုက်ပါ။ ဘယ်လောက်ကြွင်း လဲဆိုပြီး အောက်မှာ ကြည့်လိုက်ပါ။ မဟာဘုတ် (၁)ကြွင်းကနေ (၇) ကြွင်းအထိ ရေးပြထားပါတယ်။ အောက်မှာ ကြည်ကြည့်လိုက်ပါ။

ကိုယ့်မဟာဘုတ် ဘာကြွင်းလဲဆိုတာကို သိပြီဆိုရင် ကျွန်တော်တို့ ဆက်လက် လေ့လာကြည့်ရအောင်နော်။ ကိုယ့်ရဲ့ မဟာဘုတ်ခွင်တွေမှာ ဘယ်ဂြိုဟ်တွေက အားကောင်းသလဲပေါ့။ အကြမ်းဖျင်း နားလည်ထားရမှာက အပေါ်က အထွန်းရယ်၊ သိုက်ရယ်၊ ရာဇရယ်၊ အဓိပတိရယ်က ကောင်းတယ်ပေါ့။ အောက်က ပုတိရယ်၊ ဘင်္ဂရယ်၊ မရဏရယ်က မကောင်းဘူးပေါ့။ ဒါက အကြမ်းဖျင်းပါ။

အဲဒီနောက်မှာ ထပ်သိစေချင်တာက ဂဏန်းနဲ့ ၇တနာပေါ့။ ဒါကြောင့် အောက်မှာ ၇တနာတွေနဲ့ စိုးမိုးဂြိုဟ်ကို ထပ်လေ့လာကြည့်လိုက်ပါ။ ဒါမှသာ ၇တနာတွေထဲမှာ ဘယ်ရတနာတွေ ကောင်းတယ်။ မကောင်းဘူးဆိုတာကို ကိုယ်သိရမှာပေါ့နော။

တနင်္ဂနြွေ၈ိုဟ်(၁)ဂဏန်း- ရွှေ ၊ စိန်
တနင်္လြာ၈ိုဟ်(၂)ဂဏန်း- ပုလဲ ၊ ငွေ
အင်္ဂြါ၈ိုဟ်(၃)ဂဏန်း- ပတ္တမြား၊ ကျောက်နီ
ဗုဒ္ဓဟူးဂြိုဟ်(၄)ဂဏန်း-မြ
ကြာသပတေးဂြိုဟ်(၅)ဂဏန်း-နီလာ
သောကြာဂြိုဟ်(၆)ဂဏန်း-ပုလဲဖြူ
စနေဂြိုဟ်(၀)ဂဏန်း-မဟူရာ။

ဟုတ်ပြီနော်။ ဒီလောက်ဆိုရင် ကျွန်တော်တို့တွေ ကိုယ့်ရဲ့ မဟာဘုတ်ကို တွက်ပြီး ဘယ်ဂြိုဟ်တွေက ကောင်းတယ် ။ ဘယ်ဂြိုဟ်တွေက မကောင်းဘူးဆိုတာကို သိရပြီပေါ့။ သိပြီဆိုရင် ကောင်းတဲ့ဂြိုဟ်က ၇တနာတွေက ဆောင်ပေါ့။ မကောင်းတဲ့ ဂြိုဟ်ရတနာတွေကို ရှောင်ပေါ့နော။ အခုအောက်မှာ ဆက်လက် သိရဖို့အတွက်ကတော့ ကျွန်တော်တို့တွေက ဘာအတွက် ဒီရနာအဆောင်ကို ဆောင်မှာလဲ။ အလှဆိုရင်တော့ ဘာမှ တွက်စရာမလိုဘူးနော်။ ကိုယ်မျက်လုံးထဲမှာ လှတဲ့ အဆောင်လေးတစ်ခုကို ရွေးချယ်ဆောင်လိုက်ရုံပါပဲ။ အဲဒီလိုမဟုတ်ဘူး။ ကိုယ်က ဘာအတွက်ဆောင်မှာလဲ ဆိုတာကို အရင် စဉ်းစားပြီးမှ အဆောင်ကို ရွေးချယ်ဆောင်တာပါ။ အဲဒါလေးကို ကျွန်တော်က အရမ်းကြိုက်တယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ဆီ မှာ ဗေဒင်မေးကြတဲ့ လူတွေက မေးကြတယ်။ ကျွန်တော် ပုလဲဆောင်တာ ဘာကောင်းလဲတဲ့။ နီလာဆောင်ထား တာ ဘာအကျိုးရှိလဲတဲ့။ အဲဒီလို မေးခွန်းတွေကို ကျွန်တော်က ဒီနည်းလေးနဲ့ တွက်ပေးလိုက်တာ။ ဒါကြောင့် ကျွန်တော်က အရမ်းကြိုက်တယ်လို့ ပြောရတာပါ။

ပုတိ ။........။
အရှုပ်အရှင်းအမျိုးမျိုးကို အမြဲတစေ ဖြေရှင်းနေရမယ်။ လုပ်သမျှအပေါ် အားမလိုအားမရ ဖြစ်မယ်။ ကိုယ့်စိတ်ကို ကိုမပိုင် ဆုပ်ကိုင်လို့ မရဖြစ်မယ်။ ကျန်းမာရေး ချို့တဲ့မယ်။ အနာရောဂါများမယ်။ တိတိကျကျ ပြောထားလုပ်ထားတဲ့ ကိစ္စတွေအားလုံး လုပ်လက်စနဲ့ ကျက်စီးကုန်မယ်။ရည်မှန်းထားတာတို့ ဖြစ်မလာတတ်ပါ။ ကပ်စေးနဲ့မယ်။ ဘယ်နေရာမှ မမြဲတတ်ပါ။ ဟိုယောင်ယောင် ဒီယောင်ယောင် ဖြစ်နေမယ်။ စိတ်အားငယ်စရာ ကိစ္စများ မကြာခဏ ကြုံတွေ့နေရမယ်။ လုပ်ရကိုင်ရတဲ့ အလုပ်တွေမှာ သတ္တိရှိမယောင်နဲ့ ကြောက်နေမယ်။ အတွက်အချက်တွေ မှားမယ်။ ရည်ရွယ်ချက် ကင်းမဲ့နေမယ်။ စိတ်သောက် ရောက်ပြီးမှ ကိစ္စတစ်ခု အောင်မြင်မယ်။

ဘင်္ဂ။......။
စိတ်နှလုံး ပူပန်ရတတ်တယ်။ ကျန်းမာရေး ချို့တဲ့မယ်။ စီးပွားဥစ္စာ တဖြည်းဖြည်း ပျက်လာတတ်တယ်။ ဥစ္စာဓန မခိုင်မြဲတတ်ပါ။ ထိတ်လန့် စိုးရိမ်နေတတ်တယ်။ ရင်ထဲမှာ မရှင်းမလင်း ဖြစ်နေမယ်။ ခပ်လွယ်လွယ် ကိစ္စလေး တွေအားလုံး ခက်ခဲနေမယ်။ ခပ်လွယ်လွယ် ကိစ္စတွေအားလုံး ခက်ခဲနေမယ်။ စိတ်ထဲ ညိုးမှိုင်းပြီး ဘာလုပ်ရမှန်း မသိ ဖြစ်နေမယ်။ စိတ်နှလုံးကို အစိုးမရ ဖြစ်နေမယ်။ မခိုင်မြဲတဲ့ လုပ်ငန်းတွေကို လုပ်မိမယ်။ ပြီးပြီးသား ပြဿနာတွေ ပြန်ပြီး အစပေါ်နေမယ်။ စိတ်ကို ဆောက်တည်ရာမရ ဖြစ်မယ်။ ခြိမ်းခြောက်ခံရမယ်။ ရန်ပြုခံရမယ်။ ရန်မူတတ်တယ်။

မရဏ။.......။
ဘယ်ဟာကို လုပ်လုပ် အများရဲ့ အဖျက်ခံရမယ်။ ကျန်းမာရေး ချို့တဲ့မယ်။ ချူချာနေမယ်။ ဘေးဥပ္ပါဒ် တစ်စုံတစ်ရာနဲ့ အမြဲတမ်းကြုံတွေ့မယ်။ ထိခိုက်မှု့များမယ်။ ထိခိုက်မှု့များမယ်။ မမျှော်လင့်ထားတဲ့ ထိတ်လန့် ချောက်ချားဖွယ်ရာ အန္တရာယ်တွေကို မကြာခဏ ကြုံတွေ့ရမယ်။ ကိုယ်နဲ့ ပါတ်သက်တဲ့ လူတွေအတွက် စိတ်ညစ်နေရမယ်။ ဘယ်ကိစ္စမဆို အမှားအယွင်းတွေ ရှိပြီး ကိုယ့်ရဲ့ တာဝန်မကင်း ဖြစ်နေမယ်။ ပျက်စီးလွယ်မယ်။ ဖြစ်လိုက်ရင် နလန်မထူနိုင်အောင် ဖြစ်မယ်။ အပူအပင်တစ်ခုက အမြဲတမ်း ကိုယ့်ဘ၀မှာ ၀င်တိုးနေလေ့မယ်။

အထွန်း။.......။
ရန်သူတွေအပေါ် အနိုင်ယူရမယ်။ သြဇာအာဏာရှိမယ်။ ထက်မြက်မယ်။ ထင်ပေါ်ကျော်ကြားမယ်။ ဘယ်ကိစ္စမဆို ထွန်းထွန်းကားကား ဖြစ်အောင် လုပ်နိုင်မယ်။ ဦးဆောင်မှု့ပေးနိုင်မယ်။ တက်ကြွမယ်။ လုပ်ချင်တဲ့ကိစ္စကို မအောင်မြင်မချင်း ဇွဲနဲ့ လုပ်နိုင်စွမ်းရှိတယ်။ အောင်မြင်မှု့ အနှစ်သာရကို ခံစားရမယ်။ ညာဏ်ပညာ ကြီးတယ်။ ရဲစွမ်းသတ္တိရှိတယ်။ ရတဲ့အခွင့်အရေးကို မှန်ကန်စွာ အသုံးပြုတတ်မယ်။ သတ္တိရှိတယ်။ စွန့်စားဝံ့တယ်။ ဘေးဥပ္ပါဒ် အန္တရာယ်ကင်းတယ်။ လုပ်ရဲကိုင်ရဲ လက်ရဲဇက်ရဲ ရှိတယ်။ ကတိတည်တယ်။ အမြဲတမ်း တစ်ခုခုကို လုပ်နေရမှ ကျေနပ်တယ်။ ပျော်ပျော်ပါးပါး အချိန်ကုန်လေ့ရှိမယ်။ အပေါင်းအသင်း ဆံ့တယ်။ မိတ်ဆွေပေါတယ်။

သိုက်။.......။
လုပ်ငန်းကြီးတွေ လုပ်တတ်တယ်။ အကြံကြီး ကြံတတ်တယ်။ ပိုင်မှ လုပ်တတ်မယ်။ တိကျခိုင်မာတဲ့ ရည်မှန်းချက်တွေ ရှမယ်။ အများတကာရဲ့ ကြည်ညိုမှု့ ရိုသေမှု့ ကိုးစားခံရမှု့ အမြော်အမြင်ကြီးမယ်။ အများချီးမြောက်ခံရမယ်။ ဘယ်ကိစ္စမဆို တလေးတစား လုပ်တတ်မယ်။ တည်ကြည်မယ်။ တက်ကြွမယ်။ ရိုးသားတယ်။ ပွင့်လင်းတယ်။ ခေါင်းဆောင်ကောင်း ပီသတယ်။ ချမ်းသာလွယ်တယ်။ အခွင့်အရေး ရလွယ်တယ်။ ကိစ္စတစ်ခု မြန်မြန်ဆန်ဆန် ပြီးတတ်မယ်။ ပြိုင်ဘက်တွေကို ပရိယာယ်ကြွယ်ဝစွာ အနိုင်ယူတတ်တယ်။ စိတ်မှတ်ကြီးတယ်။ စိတ်နှလုံးကောင်းတယ်။ အထင်ကြီးအောင် နေတတ်တယ်။ စကားပြောကောင်းတယ်။ ပတ်ဝန်းကျင်နဲ့ တည့်အောင်နေနိုင်အောင် ကြိုးစားမယ်။

ရာဇ။........။
အခွင့်အရေး ရလွယ်မယ်။ လူကြီးသူမရဲ့ လေးစားခြင်း အားကိုးခြင်းခံရမယ်။ ပြောတဲ့အတိုင်း မဖြစ်မနေ လုပ်ပေးတတ်တယ်။ ကတိတည်တယ်။ တက်ကြွတယ်။ ရိုးသားတယ်။ ပွင့်လင်းတယ်။ ဟန်ပန်မရှိတတ်ပါ။ ပီပြင်တဲ့ လုပ်ရပ်တွေကိုပဲ လုပအ်တတ်မယ်။ ဘယ်ကိစ္စမဆို စိတ်ရောကိုယ်ပါ လုပ်တတ်လို့ အောင်မြင်လွယ်တယ်။ ယုံကြည်ချက်ပျင်းထန်တယ်။ ရာထူးတက်လွယ်တယ်။ နေရာပေးခြင်း ခံရမယ်။ ကိုယ်ကျွမ်းကျင်တဲ့ အတတ်ညာနဲ့ ကောင်းစွာ ထွန်းကားမယ်။ မင်းရဲ့ ချီးမြောက်ခြင်း ခံရမယ်။ တပည့်တပန်းများမယ်။ လက်လွယ်မယ်။ မိတ်ဆွေကောင်း ပေါများမယ်။ ချစ်ခင်သူပေါ့မယ်။။ လုပ်တဲ့ လုပ်ငန်းပေးမှာ စေတနာထားမယ်။

အဓိပတိ။.......။
ပရိသတ်ရဲ့ အးပေးချီးမြောက်ခြင်း ခံရမယ်။ ကျော်ကြားလွယ်တယ်။ အနုပညာလုပ်ငန်းနဲ့ အကျိုးပေးတယ်။ စကားပြောခြင်း အတတ်ပညာနဲ့ ကောင်းစားမယ်။ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်မယ်။ စကားပြောကောင်းမယ်။ ဆွဲဆောင်မှု့ ရှိတယ်။ စိတ်ကူးစိတ်သန်းကောင်းမယ်။ ဆုံးဖြတ်ချက် မှန်ကန်တယ်။ ပရိသတ်ရှိတယ်။ သီချင်းဆိုခြင်း ၊ ရုပ်ရှင်ရိုက်ခြင်း၊ အနုပညာလုပ်ခြင်းမှာ ထွန်းကားတယ်။ စိတ်ကူးယဉ်တယ်။။ လုပ်ရဲတယ်။ ၇ထားတဲ့နေရာမှာ အပိုင်လုပ်တတ်တယ်။ ကောင်းစားမယ်။ အောင်မြင်မယ်။အပူအပင်နည်းမယ်။ ပျော်ပျော်ပါးပါး နေတတ်မယ်။ သူများကို အားနာတတ်မယ်။ လုပ်ချင်တဲ့အလုပ်ကို ဇွတ်လုပ်နေမယ်။ ကိစ္စတစ်ခု မပြီးခင် နောက်တစ်ခု လုပ်လေ့ရှိမယ်။

ဟုတ်ပြီနော်။ မဟာဘုတ်အကြွင်း (၇) ခုစလုံးရဲ့ အကျိုးသက်ရောက်မှု့တွေကို ရေးပေးလိုက်ပါတယ်။ အဲဒီတော့ မိတ်ဆွေဟာ ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို (၇)နဲ့ စားလိုက်ပါ။ ပြီးရင် ဘာကြွင်းလဲ။ ပြီးရင် ကိုယ်ဆောင်ချင်တဲ့ ရတနာတွေကို ရွေးချယ်လိုက်လို့ ရပါပြီ။ ပြီးရင် ကိုယ်ဆောင်တဲ့ ရတနာတွေရဲ့ အကျိုးအမြတ်ကိုလည်း တစ်ပါတည်း သိအောင် ကြည့်လို့ရပါပြီ။ မကောင်းဘူးလားဗျာ။ အားလုံးရဲ့ အကျိုးကို ထာဝစဉ်လိုလားသော ဗေဒင်ဆရာတစ်ဦး အနေနဲ့ မဟာဘုတ်နှင့်အဆောင်ကျောက်မျက်ရတနာ တွက်နည်းလေးကို တင်ပေးလိုက် ရပါတယ်။

အခုတလော ဟောစာတမ်းကိစ္စများနှင့် အလုပ်များနေပါသဖြင့် အွန်လိုင်းတက်ခြင်း ပို့အသစ်တင်ခြင်း အနည်းငယ် နောက်ကျနေသည်ကို အားလုံး နားလည်ပေးနိုင်ကြပါစေလို့ တောင်းပန်းလိုက်ပါတယ်။

ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ- မဟာချိုင်မြို့
sayaheintintzaw@gmail.com
+6687 415 0022

ဒညင်းသီးနှင့် ဝက်နို့အုံသား

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတောရှိ အယူတော်မင်္ဂလာခြံအတွင်းသို့ ကျွန်ုပ်၏မိတ်ဆွေဟောင်း ကိုပီတာဆိုသည့် လူကြီးတစ်ဦး ရောက်ရှိလာလေ၏။ ၎င်းကိုပီတာကြီးသည် စိတ်မနှံ့သူတစ်ဦးဖြစ်၏။ ကျွန်ုပ်နေထိုင်ခဲ့သောရပ်ကွက် မှ လူများသည် ၎င်းအား အရူးပီတာဟု ခေါ်ကြကုန်၏။ ကျွန်ုပ်ကမူထိုသို့မခေါ်ရက်ပါ။ သူသည် ကျွန်ုပ်ကို လွန်စွာခင်မင်၏။ ကျွန်ုပ်ရှိ ရာအရပ်သို့ ရောက်လာတတ်မြဲလည်းဖြစ်၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “ဟေ့..ဖိုးအောင်ထွန်း၊ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်” ဟု သူ၏ ထုံးစံအတိုင်း ကိုးရိုးကားရား နှုတ်ဆက်လေ၏။

ကျွန်ုပ်သည် ၎င်းအား ကျွန်ုပ်၏ခြံမှ ဖျော်သော မနောမယ လက်ဖက်ရည်တစ်ခွက်တိုက်လိုက်၏။ ၎င်းက မသောက်မိကျွန်ုပ်အား.. “ဘာလဲ..” ဟု မေးလေ၏။ ထိုအခါ ကျွန်ုပ်က.. “သောကရ တက် မပွေရအော ခင်ဗျားကို မနောမယ လက်ဖက်ရည်တိုက်တာ” ဟု ပြောလိုက်လျှင် သူသည် ကျွန်ုပ်တိုက်ကျွေးသော လက်ဖက် ရည်ကို တစ်ငုံမျှသောက်ပြီးနောက်.. “ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘတ်ဒ်..” ဟု ပြောလေ၏။ “နေစမ်းပါဥိး ကိုပီတာကြီးရဲ့၊ ဘာတွေဂွတ်ဒ်ပြီး ဘာတွေဘတ်ဒ်နေပြန်တာတုံး” ဟု ကျွန်ုပ်ကမေးလိုက်လျှင် ၎င်းက.. “သောကရတက်မပွေရအောင် မနောမယလက်ဖက်ရည်ဆို တာ ကောင်းတယ်၊ ဒါပေမဲ့ လက်ဖက်ရည်က ခါးတယ်၊ စကားက ကောင်းတယ်၊ လက်ဖက်ရည်က ခါးတယ်၊ ဒါကြောင့် သောကရ တက်ပွားတဲ့ လက်ဖက်ရည်ခါးလို့ ပြောရင်ကောင်းတယ်” ဟု ပြောကာ ရယ်မောလေတော့၏။

ထို့ကြောင့် ကျွန်ုပ်က.. “ကိုပီတာကြီးမှာ အားနာတယ်ဆိုတာ မရှိဘူးနော်၊ ပြောချလိုက်တာပဲ” ဟု ပြောလိုက်ရာ ကိုပီတာကြီးက.. “အားနာတယ်ဆိုတာ ဘာဖြစ်တာလဲ သိလား၊ ပြောချင်ပါလျက် အပြောရခက်နေတာကို အားနာတယ်လို့ ခေါ်တာကွ၊ ငါက ဘယ်တော့မှ အပြောရမခက်ဘူး၊ အဲဒါကြောင့် ငါ့မှာ အားနာတယ်ဆိုတာ မရှိဘူး၊ ဘာဖြစ်လို့ အပြောရခက်မှာ လည်းကွာ၊ မကြိုက်တာကို မကြိုက်ဘူးလို့ ပြောမယ်၊ ကြိုက်တာကို ကြိုက်တယ်လို့ပြောမယ်၊ ဘယ်ကိစ္စမဆို ကိုယ့်ရဲ့အတွင်းစိတ်နဲ့ပဲ မှတ်ကျောက်တင်မယ်၊ သူများကြိုက်လို့ ကိုယ်က လိုက်ပြီးကြိုက်စ ရာမလိုပါဘူး” ဟု ပြောလေ၏။

ထို့ကြောင့် ကျွန်ုပ်က.. “နေစမ်းပါဦး ကိုပီတာကြီးရယ်၊ ကိုယ်ကမကြိုက်ဘဲနဲ့ သူများကြိုက်တာနဲ့ လိုက်ပြီး ကြိုက်တဲ့ကိစ္စမျိုးရှိကြလို့လား” ဟု မေးလိုက်ရာ.. “ရှိတယ်ကွ၊ စာအုပ်တစ်အုပ် ဆိုပါတော့ကွာ၊ ပညာတတ် အသိုင်းအဝိုင်းနဲ့ တတ်သိနားလည်တဲ့ လူတွေက အရမ်းကြိုက်ကြတယ်၊ ငါ့အိမ်နားက ဂွတိုဆိုတဲ့ကောင်က သူလည်း ဘာမှနားမလည်ဘဲ အဲဒီစာအုပ် ကို အရမ်းကြိုက်ပြနေတယ်၊ ငါသိပါတယ်ကွာ၊ အဲဒါကို မကြိုက်ဘူးဆိုရင် သူ့ကို လူတွေက အထင်သေးသွားလိမ့်မယ်ထင်ပြီး သူက ခပ်သည်းသည်းလေး ကြိုက်ပြနေတာ၊ အဲဒီလိုပဲကွ ဟန်ဘာဂါဆိုတဲ့ ပေါင်မုန့်အသား ညှပ်မုန့်တွေ ပေါ်ကာစမှာ ဂွတိုဟာ သူလည်း တကယ် မကြိုက်ဘဲနဲ့ ဟန်ဘာဂါကို နေ့တိုင်း ဝယ်စားပြနေတယ်၊ နောက်တော့ ပီဇာဆိုတဲ့ မုန့်တစ်မျိုးပေါ်ပြန်ရော၊ အဲဒီအခါမှာလည်း သူဟာ ပီဇာမုန့်ကို တကယ်မကြိုက်ဘဲနဲ့ ဝယ်စားပြန်နေရရှာတယ်၊ ကြိုက်ချင်ယောင် ဆောင်ပြနေရရှာတယ်၊ အဲဒီလိုလူစားမျိုးတွေရှိ တယ် ငါ့လူ၊

ငါကတော့ အဲဒီအထဲ ဘယ်တော့မှမပါဘူး၊ ငါတကယ်ကြိုက်တာကိုမှ ကြိုက်တယ်လို့ပြောတာ၊ ငါမကြိုက်တာဆိုရင် ဘယ်သူနဲ့တူအောင်ဆိုပြီး တစ်ခါမှလိုက်ပြီး မကြိုက်ဖူးဘူး” ဟု ကိုပီတာကြီးက ပြောလေ၏။ “ကဲပါဗျာ ဒါတွေထားလိုက်ပါတော့ ဒီနေ့မနက်စာခင်ဗျားကြိုက်တာကိုပဲ ပြောပါ၊ ကျုပ် ချက်ပြီးကျွေးပါမယ်” ဟု ကျွန်ုပ်ကပြောလိုက်လျှင် ကိုပီတာကြီးက.. “ဈေးထဲမှာ တညင်းသီးကြီးကြီးကို နှစ်ခြမ်းခွာ ဝက်နှိ့အုံသားကို အဲဒီတညင်းသီး နှစ်ခြမ်းထဲမှာထည့်၊ ပြုတ်ပြီး ထွက်မသွားအောင် နှီးနဲ့တုပ်၊ ပြီး တော့ ဝက်သားရောတညင်းသီးပါ နူးအိနေအောင် ဆီပြန်ချက်စမ်းပါကွာ၊ အဲဒါက ဟင်းကိုပြောတာ၊ ဟင်းချိုကတော့ သခွာသီးဟင်း ချိုလေးချက်ပါကွာ၊ ငါးပိရည်ကိုတော့ ခပ်စပ်စပ်လေးဖျော်ကွ၊ အဲဒီငါးပိရည်ထဲမှာ ကြက်သွန်ဖြူ ကြက်သွန်နီ၊ ဂျင်းလည်းထောင်းပြီး ထည့်ကွာ၊ ငါးမီးဖုတ်ကလေးပါ ထည့်လိုက်ရင် ပိုတောင်ကောင်းသေးတယ်၊ တို့စရာကတော့ များများမလုပ်နဲ့ကွာ၊ ပဲတီချဉ်လောက်ဆို တော်ပါပြီ၊ ပြီးတော့ ငါ မင်းကို ပြောရဦးမယ်။

ငါ့ဘဝက သူများကျွေးမှစားရတဲ့ ဘဝကွ၊ ဖွယ်ဖွယ်ရာရာ မပြောတတ်ပါဘူး၊ ထမင်းစား ပြီးရင် အချိုတည်းဖို့ ကတော့ ဘုံသီလို့ခေါ်တဲ့ ကုလားအချိုမုန့်အလုံးလေးတွေနဲ့ ရေနွေးကြမ်းကောင်းကောင်းဆို လုံလောက်ပါပြီး အဲ ဒါတွေ စားပြီးရင်တော့ ငါးသုံးလုံး တစ်လိပ်တိုက်ဦးနော်၊ သိပ်လည်းအစားအသောက်ပေါ်မှာ ဇီဇာမကြောင်ပါဘူးကွာ၊ ဒါလောက်ဆို ရင်တော်ပါပြီ” ဟု ဖြည်းညင်းစွာ ပြောလေ၏။ “ကိုပီတာကြီး ခင်ဗျားကတော့ တကယ့်ကိုပါပဲဗျာ၊ အားကိုမနာတတ်ဘူး၊ စိတ်ထဲရှိ တာ အကုန်ပြောတော့တာပဲ” ဟု ကျွန်ုပ်က ပြောလိုက်ရာ ကိုပီတာကြီးက..

“ဟကောင်ရ၊ ငါတို့က ရိုးတယ်ကွ၊ တွေးရင်လည်း အ ဖြောင့်ပဲတွေးတယ်၊ ပြောစရာရှိလည်း အဖြောင့်ပဲ ပြောတယ်၊ ဒါကြောင့် ငါ့မှာ အားနာတာတွေဘာတွေ မရှိပါဘူးကွာ အားနာတယ် ဆိုတဲ့ အရည်အချင်း ငါ့မှာ ရှိကိုမရှိဘူး” ဟု တွင်းတွင်းကြီး ပြောလေတော့၏။ “ကျုပ်ဖြင့်ဗျာ၊ ကိုပီတာကြီး နေပုံ၊ ထိုင်ပုံ၊ ပြောပုံ ဆိုပုံ ကို အားကျလိုက်တာ၊ ဘယ်လောက်များ ရိုးသားသလဲ၊ ဘယ်လောက်များ ပွင့်လင်းသလဲ တကယ်ပါဗျာ၊ တကယ့်ကို အားကျတာ…” ဟု ကျွန်ုပ်က လှိုက်လှိုက်လှဲလှဲကြီး ချီးမွမ်းပြောဆိုမိလေ၏။

ထိုအခါ၌ ကိုပီတာကြီးက.. “တစ်ခါက တောအုပ်ကြီးတစ်ခုအတွင်းကို လူနှစ်ယောက် ဖြတ်သန်းခရီးနှင်ခဲ့ဖူးတယ်၊ တစ်ယောက်က အတွေးအခေါ်သမား၊ တစ်ယောက်ကတော့ ဘာမှမတွေးတတ်ရှာဘူး၊ သူကလုပ်စရာရှိတာကို ချက်ချင်းလုပ်မယ်ဆိုတဲ့ လူစား၊ ဘာမှကို မစဉ်းစားတတ်ဘူး၊ တောနက်ထဲလည်း ရောက်ရော လေကြီးမိုးကြီး ကျပြီး နှစ်ယောက်စလုံး လမ်းပျောက် သွားကြတယ်ကွဲ့ အဲသည်လို လမ်းပျောက်သွားပေမဲ့ လျှပ်စီးက ဖျန်းကနဲ့ ဖျန်းကနဲ့ လက်တာပေါ့ကွယ်၊ အဲသည်လို လျှပ်စီးလက်တဲ့ အခါအခါမှာ အတွေးအခေါ်သမားက ကောင်းကင်ကိုမော့ကြည့်ပြီး “လျှပ်စီး ဘာကြောင့် လက်တယ်၊ လျှပ်စီးလက်တဲ့အခါမှာ ဘယ်ောလက်လင်းသွားတယ်၊ လျှပ်စီးတစ်ကြိမ်လက်တာနဲ့ နောက်တစ်ကြိမ်လက် တာ အချိန်ဘယ်လောက်ကြာတယ်” ဆိုတာတွေကို တွက်ချက်ပြီး စဉ်းစားတယ်ကွဲ့ ရှေ့ဆက်ပြီး မလျှောက်ဘူး၊

လက်တွေ့လုပ် တတ်တဲ့လူကတော့ လျှပ်စီးလက်တဲ့အခါတိုင်းမှာ လမ်းကိုရှာပြီး လမ်းမြင်တာနဲ့ အတင်းပြေးသွားတာပဲ၊ သူကတော့ လျှပ်စီးတစ်ခါ လက်တိုင်း လမ်းကိုတွေ့တယ်၊ တွေ့တဲ့လမ်းအတိုင်း ပြေးသွားတယ်၊ အတွေးအခေါ်သမားကတော့ ရပ်နေတယ်ကွဲ့၊ လျှပ်စီးလက် တဲ့အခါမှာ လျှပ်စီးအကြောင်းကို တွေးခေါ်နေတယ်၊ အဲဒီတော့ကွာ လျှပ်စီးလက်လို့ လမ်းကိုမြင်တာနဲ့ အဲဒီလမ်းအတိုင်းပြေးသွားတဲ့ လူက တောအုပ်ကြီးက ထွက်သွားနိုင်တာပေါ့၊ လျှပ်စီးလက်တာကို သဘောကျပြီး လျှပ်စီးလက်တဲ့ အလင်းရောင်ကို ကျေနပ်နေတဲ့ အတွေးအခေါ်သမားကတော့ တောကြီးမျက်မည်းထဲက မထွက်နိုင်ရှာဘူး၊

အဲဒီလိုပဲကွာ ဒီကမ္ဘာကြီးမှာ အားကျစရာကောင်းတဲ့ ဆရာသခင်တွေက လျှပ်စီးပေါင်းများစွာ လက်ပြီးပါပြီကွာ၊ ဥပမာ လောက်ဇူးတို့၊ ချောင်ဖူးတို့၊ ကျွန်ဖြူးရှပ်စ်တို့ စတဲ့ ပုဂ္ဂိုလ်ကြီးတွေ ဟာ ကမ္ဘာလောကကြီးကို အလင်းရောင်ပေးခဲ့ပါတယ်၊ ဒါပေမဲ့အချိန်ကာလဆိုတဲ့အရာနဲ့ ကြည့်လိုက်မယ်ဆိုရင် သိပ်ပြီးတိုတောင်း လွန်းပါတယ်၊ ကမ္ဘာလောကကြီးကို လျှပ်စီးလက်သလို အလင်းရောင်း လှစ်ပြခဲ့ တဲ့ပဂ္ဂိုလ်ထူးကြီးတွေပါပဲ၊ အဲဒီအလင်းရောင်ကိုမြင် တာနဲ့ လမ်းတွေ့ပြီဆိုရင် အလင်းရောင်မှာ ကျေနပ်နေဖို့ မဟုတ်ဘူး၊ သူတို့ပြတဲ့ အလင်းရောင်မှာ တွေ့ရတဲ့လမ်းအတိုင်း အတင်း ပြေးသွားရမှာ မဟုတ်တား၊

အခုတော့ မင်းက အဆိုးဆုံးပဲ၊ ငါလို အရူးပီတာကြီး လက်ပြတဲ့ မှုန်တိမှုန်ဝါး အလင်းရောင်ကလေးကို အားကျနေပြန်ပြီ၊ ငါကကောဘယ်လောက်ကြာကြာ လက်ပြနိုင်မှာတုန်း၊ အချိန်ကာလဆိုတဲ့ ကြီးမားတဲ့အရာကြီးနဲ့ နှိုင်းယှဉ်လိုက်ရင် မျက်စိတစ်မှိတ်ပဲရှိပါတယ်ကွာ၊ အဲဒါကြောင့် ပီတာကြီးကို အားမကျပါနဲ့၊ ပီတာကြီး လက်ပြတဲ့မဖြစ်စလောက် အလင်းရောင်ကလေး မှာ မင်းအနေနဲ့ မြင်ရတဲ့ မှုန်တိမှုန်ဝါးလမ်းကလေးမှာ အမြန်ဆုံးပြေးလျှောက်သွားပါ မောင်အောင်ထွန်း” ဟုဆိုကာ ကျွန်ုပ်၏ကျော ကုန်းကို သူ၏လက်သီးကြီးဖြင့် အုန်းကနဲ့ ထုကာ တဟားဟားရယ်မောရင်း သွက်လက် လွတ်လပ်သော ခြေလှမ်းများဖြင့် ခြံအတွင်း မှထွက်သွားလေတော့သတည်း။

ကံပွင့် ကံမြင့်လာဘ်ပွင်ခြင်းနှင့်အမျိုးမျိုးသောပွင့်လန်းမှု့များအတွက်

နရသီဟပတေ့မင်း၏ အရီးဖွားစော ကျောက်စာရှိ သက္ကရာဇ် ၆၂၇-၆၃၇ ခုတည်သော “ ဓမ္မရာဇိကဘုရား” မြောက်ဘက်ရှိ “ ကုသသမုတိ” ဘုရားအာရုံခံနှင့် တိုက်မအကူးမျက်နှာကြက်တွင် ဇာတာတော်ပေါင်း (၅) စောင်ကို တွေ့ရှိရပါသည်။

  • အရှင်ဗုဒ္ဓမြတ်စွာဘုရား ပဋိသန္ဓေယူသော ဇာတာတော်။
  • ဖွားတော်မူသော ဇာတာတော်။
  • ပွင့်တော်မူသော ဇာတာတော်။
  • ပရိနိဗ္ဗာန်စ့တော်မူသောဇာတာတော်။
  • အလယ်၌ မထင်မရှား ဖတ်၍မရသော ဇာတာတော်ဟူ၍ ဇာတာတော်ပေါင်း (၅) စောင်ကို တွေ့ရှိရပါသည်။ ထိုဇာတာများအနက် ပွင့်တော်မူသော ဇာတာတော်ကို အထက်တွင် ဖော်ပြပေး လိုက်ပါတယ်။

ပွင့်သောဟူ၍ ရေးထားသော ဇာတာတော်ကို ထိုခေတ်ထိုကာလစ၍ ယနေ့ထက်တိုင် ကံပွင့် ကံမြင့် လာဘ်ပွင်ခြင်းနှင့် အမျိုးမျိုးသော ပွင့်လန်းမှု့ကို ပေးစွမ်းနိုင်သော နိမိတ်ဆောင်သည်ဟု ယူဆကာ ဆောင်ယူလေ့ရှိပါသည်။ အလုံးစုံသောအောင်ခြင်းနှင့်တကွ ဘုရားအဖြစ်ရောက်တော်မူသော ဂြိုဟ်နက္ခတ်ပုံ ဇာတာတော်သည်လောကီလူသားတို့ တရိုတသေ တန်ဖိုးထား ဆောင်ယူသော အဆောင်အဖြစ် ထိုခေတ်ကာလ ပုဂံမှသည် ယနေ့တိုင် သုံးစွဲခြင်းပြုသည်။

အညာဒေသများတွင် နေအိမ်ဘုရားစင်၊ ဈေးဆိုင် ၊ အရောင်းအ၀ယ်ပြုသောနေရာ ၊ ငွေကြေးကံပွင့်လိုသော နေရာများတွင် ပွင့်သောဇာတာကို ရေးဆွဲပူဇော်လေ့ရှိပါသည်။ ဤဇာတာတော် ရေးဆွဲ ပူဇော်ထား သောကြောင့် လာဘ်ပွင့်သည်။ ကံပွင့်သည်။ အရောင်းအ၀ယ် ကောင်းသည်။ ခေတ်ကာလ အလိုက်လျှော်ညီသော ငွေအစုလိုက် အပုံလိုက် ၀င်ခြင်းနှင့် ထီပေါက်ခြင်းများ ဖြစ်ထွန်းစေသည်ဟု ဆိုကြသည်။ ဘုရားစင် ၊ အလုပ်ခန်း၊ အရောင်းအ၀ယ်နေရာ၊ ရုံးခန်း၊ ငွေသိမ်းကောင်တာ၊ မြင့်မြတ်သောနေရာ များတွင် ချိတ်စွဲ ပူဇော်ခြင်းဖြင့် အကျိုးထူး ရရှိစေသည်။

ပညာသင်ကြားသူ ကျောင်းသူကျောင်းသား များအဖို့ လက်ကိုင်ပ၀ါ အဖြူပေါ်တွင် ရေးကူးဆောင်ယူ၍ စာမေးပွဲဖြေဆိုခြင်း ၊ စာကျက်လေ့လာခြင်းများ ပြုဆောင်၍ ထူးခြားစွာ ကံမြင့်မားခြင်း စိတ်အာရုံလန်းဆန်း ကြည်လင်၍ စူးစိုက်မှုအားကောင်းခြင်းနှင့် ညာဏ်အလင်းပွင့်လန်းခြင်း ၊ ထူးချွန်စွာ အောင်မြင်ခြင်းများ ရရှိနိုင်သည်။ အတတ်ပညာ အခြေတည်၍ အောင်မြင်ကြီးပွားမှု့ကို ဖန်တီးလိုသူ မည်သူမဆို ဆောင်ယူ၍ ညာဏ်အလင်းသစ်ဖွင့်ကာ ကြံစည် ရည်ရွယ်သလောက် ပေါက်မြောက်မည်။

အချို့သည်ကား မဟိဒ္ဓိလမ်းအတွက် ဘာသာရေးအတွက် ၊ ၀ိပဿနာအတွက် နိတ်ထူးသော ပွင့်သောဓာတ် သက်ရောက်သည့် ဇာတာတော်ဟူ၍ ယူဆဆောင်ယူခြင်း ပြုကြသည်။ အချို့သည် ပွင့်သော ဇာတာတော်ပုံကို ရွှေပြား ၊ ငွေပြားတွင် ရေးထိုးကာ ဘုရားဆင်းတုတော် ရုပ်ပွားတော်များနှင့်အတူ တကွ ကိုးကွယ် ပူဇော်ကြသည်။

အးလုံးသော မိတ်ဆွေများ၏ အစစအရာရာ ပွင့်လန်းစေခြင်း အကျိုးငှာ သင်တို့၏ အကျိုးကို ထာဝစဉ် လိုလားသော ဗေဒင်ဆရာတစ်ဦး အနေနှင့် ( ထိုင်းနိုင်ငံစံတော်ချိန် - ညဘက် (၃း၁၅) တိတိတွင် ပြန်လည် ညွန်ပြပေးလိုက်ရပေသည်။

ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
sayaheintintzaw@gmail.com
+6687 415 0022

ငါးပုတ်ခြောက်ဆီဆမ်းနှင့် ပဲနီလေးဟင်းချို

တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန်၊ မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာဟု အမည်ပေးထားသော ခြံကြီးအတွင်းသို့ ကျွန်ုပ်၏မိတ်ဆွေ ကိုပီတာဆိုသည့် လူကြီးတစဟ်ဦး ရောက်ရှိလာလေ၏။ ကိုပီတာကြီးသည် စိတ်မနှံ့သူတစ်ဦးဖြစ်၏။ အများသူ ငါက အရူးဟုခေါ်ကြသော်လည်း ကျွန်ုပ်မှာမူ ဤမျှလာက်အထိရင့်ရင့်သီးသီး မခေါ်ရက်ရှာပေ။ ကိုပီတာကြီးသည် ကျွန်ုပ်ကို များစွာ ခင်မင်၏။ ကျွန်ုပ်ကလည်း ၎င်းအားခင်မင်လေ၏။ ထို့အတွက် ကျွန်ုပ်က ၎င်းအား သနားမိလေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကို မြင်လိုက်သည်နှင့်… “ဂွတ်ဒ်မောနင်း ဂွတ်ဒ်နိုက်..” ဟု နှုတ်ဆက်လေ၏။

ကျွန်ုပ်က.. “မနက်စာ ကိုပီတာကြီးကို ကောင်းကောင်းချက် ကျွေးရမယ်၊ ဘာစားချင်သလဲ ပြောဗျာ” ဟု ကျွန်ုပ်က ပြောလိုက်ရာ.. “ပီတာ့ဘဝက သူများကျွေးမှစားရတဲ့ဘဝပါ ငါ့လူရာ၊ အဲဒီ တော့ ဘာစားချင်တယ်ဆိုတာ မပြောတတ်ပါဘူး ကျွေးတာစားပြီး ဝသွားရင် ပြီးတာပဲမဟုတ်လား၊ အဲဒါကြောင့် တစ်ယောက် ယောက်ကများ ဘာစားရမလဲလို့ မေးတဲ့အခါမှာ ဖွယ်ဖွယ်ရာရာ စီကာပတ်ကုံး မပြောတတ်ရိုးအမှန်ပါ၊ အဲဒီတော့ စားချင်တာလေးတွေ ပြောကြည့်မယ်၊

ကဝက်ကင်းဘက်က ငါးသလောက်ကိုရှာဝယ်ပြး မန်ကျည်းမှည့်နဲ့ အချဉ်ဆီပြန်ချက်မယ်၊ ပြီေးတာ့အရည် သောက်အတွက် ပဲနီလေးဟင်းချို ရွှေပဲသီးကို ပုစွန်ဆိတ်နဲ့ ကြော်မယ်၊ ဘူးသီးပြုတ်ကို တို့စရာလုပ်မယ် ငံပြာရည်ကောင်းကောင်းနဲ့ ငံပြာရည်ချက်လုပ်မယ်၊ ပီတာတို့က ဒီလောက်ပဲ ပြောတတ်ပါတယ်၊ ထမင်းစားပြီးရင် ရေနွေးကြမ်းနဲ့မြည်းဖို့က ရွှေကြည်ရယ်၊ အုန်းနှိ့ ကျောက်ကျောရယ်၊ ငှက်ပျောသီးပေါင်းရယ်..ဒါလောက်ပဲ၊ ပြီးရင်တော့ စီးက၇က်တစ်လိပ်လောက်ဖွာချင်တယ်” ဟု ပြောလေတော့ ၏။

ထို့ကြောင့် ကျွန်ုပ်လည်းမှော်ဘီဈေးသို့ ပြေးရလေ၏။ သို့ရာတွင် ခြံအထွက်၌မှာပင် မချိုဆိုသော ဗေဒင်ဆရာမလေးနှင့် တွေ့လေ၏။ မှော်ဘီမြို့၌ပင် ကျွန်ုပ်သင်ပေးသောပညာဖြင့် ဗေဒင်ဟောပြော လျက်ရှိလေ၏။ ထို့ကြောင့် ကျွန်ုပ်သည် ၎င်းအား ဈေးဝယ်ပေးရန် အကူအညီတောင်းရာ ၎င်းက လိုလိုချင်ချင်ပင် ကျွန်ုပ်ကိုယ်စား ဈေးဝယ်သွားလေတော့၏။ မချိုပြန်ရောက်လာသောအခါ၌ ကျွန်ုပ်မှာ လိုက်သောဟင်းချက်စရာများ ပြည့်စုံစွာပါလာလေ၏။

ထို့ကြောင့် ကျွန်ုပ်ကိုယ်တိုင် အကျအနချက်ပြုတ်၍ ကိုပီတာကြီးအား နံနက်စာကျွေးမွေးရလေ၏။ ကိုပီတာကြီးသည် ငါးသလောက်အချဥ့်ဆီပြန်ဟင်းဖြင့် ထမင်းကို မြိန်ရှက်စွာ စားနေလေ၏။ ထိုအချိန်၌ အောင်အောင်ဆိုသည့် ကျွန်ုပ်တပည့်ကလေး ကျွန်ုပ်အနီးသို့ ရောက်လာလေ၏။ “အဘရေ..နှစ်ဦးတုန်းက အိမ်ပြန်သွားတဲ့ အောင်ကျော်စိုး ဆိုတဲ့ကောင်လေး ပြန်ရောက်လာပြီ အဘရဲ့..” ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က.. “တိုခြံကိုလာနေကျ ကလေးတွေထဲ အောင်ကျော်စိုးက နှစ်ယောက်တောင်ရှိတာကွ၊ ဘယ်အောင်ကျော်စိုးလဲ” ဟု ကျွန်ုပ်ကမေးရာ အောင်အောင်က.. “သွားခေါခေါနဲ့ အောင်ကျော်စိုးလေ” ဟု ပြန်၍ပြောလေ၏။

“သြော်..သိပြီ..သိပြီ ဒီကောင်က အဆိုတော်ရူးကွ၊ အဆိုတော်သိပ်ဖြစ်ချင်တာ၊ ပြောလို့ လည်းမရဘူး သွားခေါရင် အဆိုတော်ဖြစ်တယ်အောက်မေ့နေတာ၊ ငါက သူ့ကိုပြောပြတယ်၊ သွားခေါလို့ အဆိုတော်ဖြစ်မယ်ဆိုရင် တို့အဒေါ်ကြီးက သူ့ထက်တောင် ခေါသေးတယ်လို့ ပြောတာလည်း မရဘူး” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။ ထိုအခါ အောင်အောင်က..“ ဂီတာပြိုင်ပွဲတစ်ခုက တယောပထမဆုကိုပေးတဲ့ ရွှေတံဆိပ်၊ ရွှေအစစ်နဲ့ လုပ်ထားတာ၊ နှစ်ကျပ်သားလောက်ရှိတယ် အဘရဲ့ အဲဒါ အောင်ကျော်စိုး ရလာတယ်” ဟု ပြောလိုက်လျှင် ကျွန်ုပ်က.. “ဒီလိုရှိတာပေါ့။ အောင်အောင်ရယ်၊ အဆိုဘက်က မဖြစ်ရင်လည်း အတီးအမှုတ်ဘက် ချွန်နိုင်သေးတာပေါ့၊ တယောပြိုင်ပွဲမျာ ပထမဆုရတယ်ဆိုတော့ ဒီကောင်လက်သံဟာ တော်တော့်ကို ကောင်း လိမ့်မယ်ကွ” ဟု ကျွန်ုပ်ကချီးမွမ်းလိုက်ရာ အောင်အောင်က..

“ပြိုင်ပွဲကရတာ မဟုတ်ဘူး၊ အဘရဲ့ လက်ဖက်ရည်ဆိုင် စာပွဲပေါ်က သူများ မေ့ကျန်ခဲံတာကို ကောက်ရလာတာ၊ ရွှေတံဆိပ်ပိုင်ရှင်က တစ်ယောက်ယောက်ကို ထုတ်ပြပြီး ကြွားပါလိမ့်မယ်၊ ပြီးတော့ မေ့ ကျန်ခဲ့မယ်၊ အဲဒီစားပွဲမှာ သူက ဝင်သောက်တော့ ကောက်ရလာခဲ့တာပါ” ဟု ပြောလျှင် ကျွန်ုပ်က.. “ဟေ..” ဟု ရေရွတ်မိလေ၏။ ထမင်းစားနေသော ကိုပီတာကြီးက တစ်ခစ်ခစ် ရယ်လေ၏။ ထို့နောက် ကျွန်ုပ်က.. “ ဘာပဲဖြစ်ဖြစ်ကွာ၊ ရွှေနှစ်ကျပ်သားရခဲ့တာဆို တော့ အောင်ကျော်စိုး ကံကောင်းတာပေါ့” ဟု ကျွန်ုပ်က ပြောလိုက်မိလေ၏။

ထိုအချိန်၌မှာပင် ခြံဝမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေသံကြားသဖြင့် အောင်အောင်ကို ကြည့်ရှုခိုင်းလိုက်ရာ အောင်အောင်လည်း သွား၍ကြည့်ရှုလေ၏။ ထို့နောက် ပြန်ပြီးလျှင်.. “ရွှေတံဆိပ်ပိုင်ရှင်က ရဲနဲ့ လိုက်လာတာအဘရေ..” ဟု ပြောလေ၏။ ထိုစကားကိုကြားလျှင် ကိုပီတာကြီးသည် တစ်ခစ်ခစ်ရယ်ပြန် လေ၏။ ထိုအခါ ကျွနိုပ်က.. “ဒီကောင် နေရင်းထိုင်ရင်း ကံဆိုးတာပေါ့” ဟု ညည်းညူလိုက်လေ၏။ များမကြာမှီ ၌အောင်ကျော်စိုး ကျွန်ုပ်အနီးသို့ ရောက်လာလေ၏။

ထို့နောက် အောင်ကျော်စိုးက.. “အဘရေ.. ရေအဆုံး ကုန်းတစ်ဝက်ဆို ရွှေတံဆိပ်ပိုင်ရှင်က ကျွန်တော့်ကို ငွေငါးသောင်း ဆုချသွားတယ်…” ဟုဆိုကာ ငွေများကို ထောင်၍ပြလေ၏။ ထိုအခါ ကျွန်ုပ်က.. “ကံကောင်းတာပေါ့ ကွာ..” ဟု ရေရွတ်လိုက်လေ၏။ ကိုပီတာကြီးကမူ လက်ဆေးရင်း တစ်ခစ်ခစ်ရယ်ပြန်လေ။ ထို့ကြောင့် ကျွန်ုပ်က ကိုပီတာကြီးအား.. “ကိုပီတာကြီး ခင်ဗျားက ဘာတွေရယ်နေတာလဲဗျ” ဟု မေးလိုက်ရာ ကိုပီတာကြီးက.. “ကိုယ့်လူကို အကြံတစ်ခုပေးချင်တယ်၊ အဲဒီ အကြံက ဘာလဲဆိုရင် ကိုယ့်လူက တစ်ခုခုကြားလိုက်တာနဲ့ အဆုံးထိရောက်အောင် သွားနေတာကိုး၊ အဆုံးထိရောက်အောင် မသွား မသွားစမ်းပါနဲ့ အခုလည်း ကိုယ့်လူရဲ့တပည့် အောင်ကျော်စိုးလေး တယောရွှေတံဆိပ် နှစ်ကျပ်သားလောက် ကလေးရတာနဲ့ ကံကောင်းတယ်လို့ အဆုံးထိ သွားလိုက်တာကိုး၊

အဲဒီအချိန်မှာပဲ ရွှေတံဆိပ်က အောင်ကျော်စိုး ရတာမဟုတ်ဘူး တခြားလူရတဲ့ တံဆိပ်၊ လက်ဖက်ရည်ဆိုင်စားပွဲပေါ်မျာရတဲ့လူက မေ့ကျန်ခဲ့တာဆိုတော့ ဟိုက ရဲခေါ်ပြီးလိုက်လာတာပေါ့၊ အဲဒီလိုလည်း ကြားလိုက်ရော ကိုယ့်လူက အောင်ကျော်စိုးတော့ ကံဆိုးတာပဲဆိုပြီး အဆုံးထိသွားလိုက်ပြန်ရော၊ ဒါပေမဲ့ ဟိုက ဘာမှဒုက္ခပေးမသွားဘူး၊ ရေအဆုံး ကုန်းတစ်ဝက်ဆိုပြီ ငွေငါးသောင်းပေးသွားပြန်ရော၊ အောင်ကျော်စိုး ဘယ်မှာကံဆိုးလို့တုံး၊ ကိုယ့်လူက ကြားလိုက်တာနဲ့ အဆုံးထိ သွားပစ်လိုက်တာကိုး အမှန်က ကြားတဲ့ နေရာလောက်မှာတင် ရပ်ထားသင့်တယ်၊ အဆုံးထိ မသွားလိုက်ပါနဲ့” ဟု ပြောလေတော့၏။

“ကိုပီတာကြီးပြောတာ ဟုတ်သလိုလိုပဲ” ဟု ကျွန်ုပ်ကပြောလိုက်လျှင် ကိုပီတာကြီးက.. “ဒီလိုကြားတဲ့နေရာမှာ မရပ်ဘဲ အဆုံးထိမသွားဖို့ ပြောတဲ့စကားဟာ ကိုယ့်ရဲ့စကား မဟုတ်ဘူးနော်၊ တရုတ်ပညာရှိပြီး လောင်ဖူးပြောခဲ့တဲ့စကား ကိုယ့်လူရဲ့ သူကတော့ ပုံပြင်ကလေးနဲ့ ပြောတာပဲ ကိုယ့်လူကို အဲဒီ့ပုံပြင် ပြောပြဖူးတယ်လို့ ထင်တယ်၊ ကိုယ့်လူ မေ့သွားလို့ထင်ပါတယ်၊ အဲဒီတော့လည်း ထပ်ပြီးပြောပြရတာပေါ့” ဟု ပြောလေ၏။ “ ပြောပါဗျာ.. ကြားဖူးပြီးသာဆိုလည်း ကိစ္စမရှီပါဘူး ထပ်ပြီးကြားရတော့ လည်း မှတ်မိတာပေါ့” ဟု ကျွန်ုပ်က ပြောလိုက်လေ၏။

ထိုအခါ ကိုပီတာကြီးက.. “တစ်ခါက အဘိုးကြီး တစ်ယောက်ရှိတယ်၊ အဲဒီအဘိုးကြီးမှာ အလွန်လှပတဲ့ မြင်းကလေးတစ်ကောင်ရှိတယ်၊ မြင်းက မြင်းဖြူကလေး မြင်းကလေးက ဘယ်လောက်လှသလဲဆို ရင် ဘုရင်ကတောင် သဘောကျပြီး အဘိုးကြီးဆီမှာ တောင်းပြီးဝယ်တယ်၊ အဲဒီ သတင်းလည်းကြားရော လူတွေက အဘိုးကြီးတော့ ကံကောင်းပြီး ဘုရင်က ငွေတွေအများကြီးပေးမှာပဲလို့ ကြားတဲ့သတင်းပေါ်မှာ အဆုံးထိသွားပစ်လိုက်တယ်၊ ဒါပေမဲ့ အဘိုးကြီးက ဘုရင်ကို မရောင်းဘူး လူတွေက မြင်းလို့ထင်နေကြတာ၊ မြင်းမဟုတ်ဘူး ဒါဟာ ငါ့ရဲ့သမီးပဲ၊ ဘာပြုလို့ရောင်းရမှာလဲလို့ အဘိုးကြီးက ပြောလိုက်တယ်၊ အဲဒီအခါမှာ ကြားရတဲ့လူတွေက အဘိုးကြီးတော့ ကံဆိုးသွားပြီး၊ မြင်းကလေးကို ရောင်းပစ်လိုက်ရင် သူချမ်းသာသွားမှာ၊ အခုလို ဆင်းဆင်းရဲရဲ မနေရဘူးလို့ ပြောကြပြန်တယ်၊ ဖြစ်ချင်တော့ ညတစ်ညမှာ အဲဒီမြင်းဖြူကလေးဟာ ဇောင်းထဲကနေ ပျောက်သွားတယ်၊

အဲဒီသတင်းလည်းကြားရော လူတွေက ရောင်းပစ်လိုက်ရင် ငွေတွေရမှာ အခုတော့ ငွေလည်းမရဘူး၊ မြင်းလည်းဆုံးပြီး၊ အဘိုးကြီးတော့ ကံဆိုးပြီလို့ အဆုံးအထိ တွေးပြီး ပြောကြပြန်တယ် ဒါပေမဲ့ ငါးရက်လောက်ကြာ တဲ့အခါမှာ မြင်းဖြူကလေးဟ အဘိုးကြီးဆိပြန်လာတယ်၊ ပြန်လာတဲ့နေရာမှာလည်း ရိုးရိုးမလာဘူး၊ တောထဲက မြင်းရိုင်းတစ်ကောင် ပါ ခေါ်လာတယ်၊ အဲဒါကိုလည်းသိရော လူတွေက အဘိုးကြီးတော့ ကံကောင်းပြန်ပြီလို့ အဆုံးထိုတွေးပြီး ပြောကြပြန်ရော၊ ပြီး.. သိပ်မကြာလှပါူဘူး၊ အဘိုးကြီးရဲ့သားလူပျိုကလေးက မြင်းရိုင်းကိုတက်ပြီးစီးတာ မြင်းရိုင်းကခါချလို့ မြင်းပေါ်ကလိမ့်ကျပြီး ခြောထောက်ကျိုးသွားပါလေရော၊ အဲဒီအခါမှာ လူတွေက အဘိုးကြီးကို ကံဆိုးပြန်ပြီလို့ ပြောကြပြန်ရော၊

အဲဒီအဖြစ်အပျက်ဖြစ်ပြီး သိပ်မကြာပါဘူး ရန်သူတွေက မြို့ကိုလာဝိုင်းလို့ လူငယ်လူရွယ်အားလုံး စစ်ထဲကိုဝင်ကြရတယ်၊ အဘိုးကြီးရဲ့သားလေးကိုတော့ ခြေ ထောက်မသန်လို့ဆိုပြီး စစ်ထဲကို ဝင်ခွင့်မပးဘူး၊ စစ်ထဲဝင်တဲ့လူငယ်လေးတွေအားလုံး အိမ်ကို ပြန်မလာနိုင်ကြတော့ဘူး၊ စစ်မြေပြင် မှာ အသက်ဆုံးရှုံးသွားရတယ်၊ အဘိုးကြီးရဲ့သားလေးကတော့ မသေမပျောက်ရှိနေတယ်၊ အဲဒီအခါမှာ လူတွေက အဘိုးကြီးကို ကံကောင်းတယ်လို့ ပြောကြပြန်တယ်၊

အဲဒီပုံပြင်ဟာ လောက်ဇူး မကြာခဏ ပြောလေ့ရှိတဲ့ ပုံပြင်ပဲ ကြားတဲ့သိတဲ့နေရာမှာ ရပ်ထားလိုက်မှ တော်မယ် မသ်းသိင်္ခရေ..” ဟုပြောကာ ကိုပီတာကြီးသည် ကျွန်ုပ်၏ကျောကုန်းကို လက်သီးဖြင့် ဘန်းကနဲ့ထုကာ ကျွန်ုပ်အား နှုတ်ဆက်၍ လွတ်လပ်ပေါ့ပါးသော ခြေလှမ်းများဖြင့် ခြံတွင်းမှ ထွက်သွားလေတော့သတည်း။

လိုအင်ပြည့်ရာ-ဆွမ်းပဒေသာကပ်လှူပူဇော်နည်း

တစ်နေ့သ၌ ကျွန်ုပ်၏ ဗေဒင်ဟောခန်းအတွင်းသို့ ကျွန်ုပ်နှင့် သားအမိအရင်းအချာများပမာ ရင်းနှီးသော ဒေါ်အေးမေဟု အမည်ရသော အမျိုးသမီးကြီးတစ်ဦးသည် ရောက်ရှိလာလေ၏။ သူနှင့်အတူ အသက်အားဖြင့် ဒေါ်အေးမေနှင့် မတိမ်းမယိမ်းခန် အဒေါ်ကြီးတစ်ဦးလည်း ပါလာလေ၏။ ဒေါ်အေးမေနှင့် ကျွန်ုပ်သည် သားအမိအရင်းအခြာများပမာ လွန်စွာချစ်ခင် ရင်းနှီးကြသည်ဖြစ်ရာ ဒေါ်အေးမေသည် ကျွန်ုပ်အား ဆရာဟုပင် မခေါ်ပဲ နွေးထွေးစွာ ငါ့သားဟုပင် ခေါ်လေ၏။ ကျွန်ုပ်ကလည်း အမေဟုပင် ခေါ်မိ၏။ ထိုဒေါ်အေးမေသည် ကျွန်ုပ်ကို မြင်မြင်ချင်း ...

ဘယ်လိုလည်း ငါ့သား နေကောင်းရဲ့လား။ ဟိုတစ်နေ့က သတင်းကြားတယ်။ မင်းကို ရဲဖမ်းခံရတယ်ဆိုဟု မေးလေတော့၏။ ထိုအခါ ကျွန်ုပ်က....

ဟုတ်ပါတယ်အမေ။ တနင်္ဂနွေနေ့က ဆိုပါတော့ ။ ကျွန်တော့်ကို ပုလိပ်ဝင်ဖမ်းတာလေ။ တိုင်တဲ့လူရှိလို့ ပြောတာပဲဟု ကျွန်ုပ်က ပြန်ပြောလိုက်လေလျှင် ဒေါ်အေးမေက....

ငါ့သားကို ဘာအမှု့နဲ့ဖမ်းတာလဲဟု မေးလေ၏။ ထိုအခါကျွန်ုပ်က ဗေဒင်ဟောတဲ့အမှု့ပါဟု ပြန်ပြောလိုက်လေ လျှင် ဒေါ်အေးမေက အမလေး ဗေဒင်ဆရာက ဗေဒင်မဟောလို့ ဘာလုပ်ရမလဲ။ ကြံကြံဖန်ဖန်တော် ၊ ဗေဒင်ဆရာက ဗေဒင်ဟောလို့ အဖမ်းခံရတယ်ဆိုလို့ ကြားကြားဖူးပေါင်တော်ဟု ကျွန်ုပ်အား ပြန်ပြောလေတော့၏။

ထိုအခါ ကျွန်ုပ်က အော် အမေရယ်။ ကျွန်တော်တို့ ကိုယ့်မြန်မာနိုင်ငံမှာ ဆိုရင်တော့ အဲလို အဖမ်း ဘယ်ခံရပါ့မလဲ။ အခုတော့ သူများနိုင်ငံမှာဆိုတော့ သူများဥပဒေပေါ့ အမေရယ်။ ကျွန်တော်တို့ကို သူတို့ သိတာက မြန်မာနိုင်ငံကနေ တရားမ၀င် ခိုးဝင်လာတဲ့ ရွေ့ပြောင်းအလုပ်သမားလို့ပဲ သူတို့က သိတာလေ။ ဗေဒင်ဆရာလို့တော့ ဘယ်သိပါမလဲ။ ကျွန်တော်တို့ရဲ့ အလုပ်သမား ယာယီပတ်စပို့မှာလဲ ကျွန်တော့်ကို ဗေဒင်ဆရာလို့ ရေးထားတာမှ မဟုတ်တာ။ နောက်ပြီး ကျွန်တော့်ရဲ့ နေထိုင်ခွင့်ကဒ်ထဲမှာ ပါတာက အလုပ်ရုံတစ်ရုံက အလုပ်သမားလို့ပဲ ရိုက်ထားရတာ။ အဲဒီတော့ ကျွန်တော်က ကိုယ်ပိုင်အလုပ်လုပ်ခွင့် မရှိဘူးတဲ့။ ဥပဒေအရ စကားပြောရင်တော့ သူတို့မှန်ပါတယ်။ သူတို့မှာ လုပ်ပိုင်ခွင့် ရှိတာပဲလေဟု ကျွန်ုပ်က ပြန်ပြောလိုက်လေလျှင် ဒေါ်အေးမေက

အင်း .... အမေလည်း ငါ့သားသတင်းကို ကြားလိုက်ရတော့ စိတ်မကောင်းပါဘူး။ အခုရော ဘယ်လို ဖြစ်သွားပြီလည်း။ နောက်တစ်ခါ လာဖမ်းနေဦးမယ်နော်ဟု စိတ်ပူသောလေသံဖြင့် ကျွန်ုပ်အား ပြောလေ၏။

ဟုတ်ကဲ့အမေ။ ကျွန်တော့်အတွက်တော့ စိတ်မပူပါနဲ့။ နောက်တစ်ခါ သူတို့လာမဖမ်းအောင် ကျွန်တော့် သူတို့နဲ့ ဆောင်ရွက်လာခဲ့ပါပြီဟု ကျွန်ုပ်က ပြန်ပြောလိုက်လေလျှင် ဒေါ်အေးမေက ...

ဘယ်လို ဆောင်ရွက်ခဲ့တာလဲ ငါ့သားရဲ့ဟု ကျွန်ုပ်အား ပြန်မေးလေ၏။ ထိုအခါ ကျွန်ုပ်က အော်.. အမေကလည်း ဒါကတော့ လျှို့ဝှက်ချက်လေဟု ရီလျှက်ပြောလိုက်လေလျှင် ဒေါ်အေးမေက တစ်ချက်မျှ စဉ်းစားလိုက်၍ ဟုတ်ပြီ ... သိပြီ သိပြီ၊ အမေ သဘောပေါက်ပြီ၊ အမလေး ဗေဒင်ဆရာတောင် ဗေဒင်ဟောဖို့ မလွယ်ပါလား ဟု ပြန်ပြောလေတော့၏။

(မှတ်ချက်- အလုပ်သမား မှတ်ပုံတင် ကိုင်ဆောင်ထားသော မြန်မာပြည်သား ရွေ့ပြောင်းအလုပ်သမားများ မည်သူမဆို ကိုယ်ပိုင်စီးပွားရေး (မညသည့်အလုပ်ကိုမျှ) လုပ်ခွင့်မရှိဟု သိရပါသည်။ လုပ်ချင်ပါက သူတို့နှင့် .............ဟု သိရပါသည်။)

ကဲပါ အမေရယ်။ ဒီနေ့ အမေတို့လာတာ ကျွန်တော် ဘာကူညီပေးရမလဲဟု ကျွန်ုပ်က မေးလိုက်လေလျှင် ဒေါ်အေးမေက သူမနှင့် အတူလာသော အမျိုးသမီးကြီးဘက်သို့ ညွန်ပြရင်း သူနာမည်က မထွေးရီလို့ ခေါ်တယ်သားရေ။ အမေတို့နဲ့ အိမ်နီးနားချင်းတွေပဲ။ အခု သူက ဗေဒင်တွက်ကြည့်ချင်တယ်ဆိုလို့ ငါ့သားဆီ ကို ခေါ်လာခဲ့တာ။ အဲဒါ သူ့ကို ဗေဒင်တွက်ကြည့်ပေးပါဦးဟု ပြောသောကြောင့် ကျွန်ုပ်လည်း ဒေါ်ထွေးရီ၏ အမည် မွေးသက္ကရာဇ် မွေးနေ့များကို မေး၍ ဗေဒင်တွက် ဗေဒင်ဟောပေးလိုက်လေတော့၏။

ထို့နောက် ဒေါ်ထွေးရီမှ ကျွန်ုပ်အား အောက်ပါအတိုင်း ပြောလေတော့၏။

ဒီလိုပါ ဆရာလေးရယ်။ ကျွန်မက အသက်ကလည်း ကြီးပြီဆိုတော့ အလုပ်ရုံတွေ ဘာတွေလည်း ကျွန်မတို့ အသက်အရွယ်ကို လက်မခံတော့ဘူးလေ။ အဲဒီတော့ ကျွန်မက အလုပ်ရုံမှာတော့ မလုပ်ပါဘူး။ အိမ်နီးနားချင်း က ကလေးလေးတွေကို လခယူပြီး ထိမ်းပေးပါတယ်။ အခုလောလောဆယ် ကျွန်မကို လာအပ်ထားတဲ့ ကလေးလေးတွေ ၃-ယောက်တော့ရှိတယ်ဆရာဟု ပြောလေ၏။

ထိုအခါ ကျွန်ုပ်က ဘယ်က ကလေးလေးတွေလည်း ဒေါ်ထွေးရီရဲ့ဟု မေးလိုက်လေလျှင် ဒေါ်ထွေးရီက

ဒီလိုလေ ဆရာရဲ့။ အခု ကျွန်မတို့ ထိုင်းနိုင်ငံကို ရောက်နေတဲ့ မြန်မာပြည်သား အိမ်ထောင်သည်တွေက ကလေးမွေးတယ်ဆိုရင် သူတို့ကလေးကို သူတို့ ထိမ်းနေရမယ်ဆိုရင် လစဉ် အခန်းခနဲ့ စားစရိတ်နဲ့ မတတ်နိုင်ဘူးလေ။ အဲဒီတော့ သူတို့က ကလေးတစ်ယောက်မွေးလာပြီဆိုရင် တစ်လလောက်ပဲ အလုပ်နားနိုင်တယ်။ နောက်လတွေကြတော့ ကျွန်မတို့ဆီလာအပ်ထားပြီး ကလေးအမေတွေက အလုပ်ဆင်း လုပ်ကြတယ်လေ ဆရာရဲ့။ အဲဒီတော့ မနက်ဆိုရင် အလုပ်မသွားခင် ကလေးကို လာပို့ထားကြတယ်။ ညနေ အလုပ်က ပြန်လာမှ သူတို့ကလေးကို ပြန်လာခေါ်ကြရတာ ဆရာရဲ့။ ကျွန်မက အဲဒီကလေးထိမ်းတဲ့ အလုပ်လေးကို တစ်ဖက်တစ်လမ်းက လုပ်တာဟု ပြောပြလေ၏။ ထို့နောက် ဒေါ်ထွေးရီက ဆက်လက်၍

အဲဒီတော့ ဆရာလေးရယ်...။ ကျွန်မတို့ အသက်အရွယ်က အသက်လေးလည်း ရလာပြီ။ အလုပ်အကိုင်က လည်း လက်မခံတော့ဘူး ၀င်ငွေတွေကလည်း ကျဆင်းလာပြီဆိုပေမယ့် ကျွန်မတို့ရဲ့ လိုအင်ဆန္ဒလေးတွေက တော့ ကျန်နေသေးတယ် ဆရာလေးရေ။ မြနမာပြည်ကို ပြန်ပြီး ကိုယ့်အိုးကိုယ့်အိမ်လေးနဲ့ နေချင်တာတို့၊ သားလေးကို ရဟန်းပြုပေးပြီး မြေးလေးကို ကိုရင် ၀တ်ပေးချင်သေးတယ်။ အဲဒီတော့ ဆရာလေးရေ။ အဲဒီလို လိုအင်ဆန္ဒလေးတွေကို အောင်မြင်စေမယ့် ယတြာနည်းလေး အဆောင်လေးရှိရင် ညွန်ပြပေးပါဦး ဆရာလေးရယ်ဟု ဒေါ်ထွေးမေက ပြောလေသောကြောင့် ကျွန်ုပ်လည်း အောက်ဖော်ပြပါ ဣစ္ဆာသယ ဆွမ်းကပ်နည်းအား သင်ပြပေးလိုက်လေတော့၏။

လင်ဗန်းအ၀ိုင်း တစ်ချပ်အတွင်း ဆွမ်းကိုးပုံပုံ၍ ဘုရားကပ်လှူခြင်း ၊ ဘုရားမီးပူဇော်ခြင်း ဖြစ်၏။ တနင်္ဂနွေနေ့ တွင် ဆောင်ရွက်ရန်ဖြစ်၏။ နံက်ပိုင်း နေထွက်ချိန်ကို ဆောင်ရွက်ရန်ဟု ဆိုထားသောကြောင့် တနင်္ဂနွေနေ့ နံက်(၆း၄၅) သည် ဆောင်ရွက်ရန် အခါကောင်းဖြစ်၏။

လင်ဗန်းတစ်ချပ်အတွင်း၌ သန့်ရှင်းစင်ကြယ်စွာ ဆေးကြော၍ လင်ဗန်းအလယ် တည့်တည့်မှာ ဆွမ်းအပုံကြီးတစ်ပုံ ပုံရမည်။ ဘေးမှ ပတ်ရံ၍ ဆွမ်းရှစ်ပုံ ပုံ၇မယ်။ အဲဒီ ဆွမ်းအသီးသီပေါ်မှာတော့ အုန်းသီးစိပ်တစ်စိပ်ဆီ တင်ရမယ်။ ထန်းလျှက်တစ်ခဲဆီ တင်၇မယ်။ ဆီစိမ်ထားသော လက်ဖက်သန့်သန့် တစ်ပုံစီ တင်ရမယ်။ အခွံနွာထားသော ငှက်ပျော်သီးမှည့် တစ်လုံးစီ တင်ရမယ်။ အဲဒီတော့ နားလည်အောင် ပြောရရင်တော့ ဆွမ်းက (၉) ပုံနော်။ အဲဒီကိုးပုံစလုံးပေါ်မှာ အုန်းသီးစိပ် ၊ ထန်းလျှက် ၊ လက်ဖက် ၊ ငှက်ပျော်သီးမှည့် အားလုံးကို တင်ရမယ်။ ပိုပြီးမျက်လုံးထဲမှာ မြင်အောင် အောက်တွင် ပုံလေးနဲ့ ပြပေးလိုက်ပါတယ်။

အပေါ်က ပုံလေးကို ကြည့်လိုက်ပါ။ အလယ်သည် ဘုရားအားရည်စူးခြင်း ဖြစ်သောကြောင့် ပထမဦးဆုံး ဆွမ်းတင်ရမည်။ အုန်းသီးစိပ် ၊ ထန်းလျှက် ၊ လက်ဖက် ၊ ငှက်ပျော်သီးမှည့် အားလုံးကို ပြီးပြည့်စုံအောင် တင်ရမယ်။

ထို့နောက် မည်သည့်နေ့သားသမီးဆို တနင်္ဂနွေမှစ၍ အထက်ပါအတိုင်း ပြည့်စုံစွာ တင်ရမည်။ ထို့နောက် နာရီ လက်တံ သွားသကဲ့သို့ အစဉ်အတိုင်း တင်သွားရမည်။ တနင်္လာ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး၊ စနေ ၊ ကြာသပတေး ၊ ရာဟု ၊ သောကြာ အစ၇ှိသည်ဖြင့် ပြည့်စုံစွာ တင်သွားရမယ်။

ဟုတ်ပြီနော်။ အားလုံးဆွမ်းပွဲကို ပြင်ပြီးသွားပြီဆိုရင် တနင်္ဂနွေနေ့ နံက် (၆း၄၅) တိတ်မှာ အသင့်ပြင်ထားတဲ့ ဆွမ်းလင်ဗန်းကို လက်နှစ်ဖက်နှင့် ရိုသေစွာ မယူလျှက် ဘုရားတွင် ဆွမ်းကပ်လှူပေါ့ဗျာ။ အားလုံးသတ္တ၀ါတို့ အား မေတ္တာပို့ပေးခြင်း၊ မိမိ၏ ကုသိုလ်ကောင်းမှုတို့အား အမျှအတန်း ပေးဝေပေးခြင်း ပြုရမယ်။

နောက် ဖယောင်းတိုင် အကြီးတစ်တိုင်ကို အလယ်မှာ ထွန်း၊ ဘေးနှစ်ဘက်ကနေ ပုံမှန်းဖယောင်းတိုင် တစ်ဘက်လေးတိုင် ထွန်းပါ။ အားလုံး (၉)တိုင် ထွန်းညှိပူဇော်ပြီး လိုရာဆုတောင်းပေါ့။ ယတြာကတော့ ဒီလောက်ပင် ဖြစ်လေ၏။ ကျွန်ုပ်သည် အထက်ပါအတိုင်း ဒေါ်ထွေးရီအား ဣစ္ဆာသယ ဆွမ်းကပ်နည်းအား သင်ပေးလိုက်လေတော့၏။ ကျွန်ုပ်နှင့် သားအမိအရင်း အချာများပမာ လွန်စွာရင်းနှီး ခင်မင်လှသော ဒေါ်အေးမေနှင့် ဒေါ်ထွေးရီတို့နှစ်ဦးသည် ကျွန်ုပ်အား ကျေးဇူးတင်စကားများကို ပြောဆိုကြပြီးလျှင် ဘုရားကန်တော့ပြီး ပြန်သွားကြလေ တော့သတည်း။

မှတ်ချက်=

အထက်ပါ ဣစ္ဆာသယ ဆွမ်းကပ်နည်းသည် မြန်မာနိုင်ငံတွင် ပုဂံခေတ်ကပင် အင်မန်ကျော်ကြားသည့် ပုဂံ တတိယမင်းဆက် ပျူစောထီး၏ ဆရာရသေ့မှ စတင်ခဲ့သောနည်း ဖြစ်၏။ ထိုဆရာရသေ့သည် ပျူစောထီး (၇) နှစ်သားကပင် မင်းဖြစ်ရမည့်သူဟု ဟောကိန်းထုပ်ထားသူလည်း ဖြစ်လေ၏။ ရူပနိကာယ် ၊ သဒ္ဒနိကာယ် အထွေထွေ အထူးထူးသော လောကီပညာရပ်တို့ကို ကျွမ်းကျင်တတ်သိ နားလည်သူ ဖြစ်၏။ ဆရာရသေ့သည် ပုဂံ ပထမဆုံး မင်းဆက် ရသေ့ကြောင်မင်းအဖြစ် နန်းစံခဲ့သူ ဖြစ်၏။ ရသေ့ကြောင်မင်းနောက်မှ ပျူစောထီးမင်း နန်းတက်ခဲ့ခြင်း ဖြစ်၏။ ထိုဆရာရသေ့သည် ရှေးအဆက်ဆက်မှ အတတ်ပညာများစွာကို တတ်သိခဲ့သူ ဖြစ်သည့်အားလျှော်စွာ ဣစ္ဆာသယ ဆွမ်းကပ်နည်း အကြောင်းကို စီရင်ခဲ့သူတည်း။

ထိုနည်း၏ အမည်ကား ဣစ္ဆာသယ ဆွမ်းကပ်နည်း ဖြစ်ပေရာ လိုတိုင်းပြည့်စေသော ဓာတ်ဆောင်သည်။ ပညာလိုလားသော သူတို့အတွက် ပညာဥာဏ်နှင့် ပြည့်စုံကြကုန်၏။ ဥစ္စာဓနကို လိုလားသော သူများအတွက် ဥစ္စာကို ရကြကုန်၏။ လာဘ်လာဘ ပေါကြွယ်ဝခြင်း၊ အလုပ်အကြံအစည် အောင်မြင်ခြင်းတို့၌ ၊မတောင့်မတ ရရှိကြကုန်၏။ မကောင်းသော ဂြိုဟ်စီးဂြိုဟ်နင်းများ ၊ ဘေးဥပ္ပါဒ်များ ကင်းဝေးကြကုန်၏။ ခရီးဝေးသွားလို သူများ ၊ ခရီးကိစ္စ အဆင်ပြေချောမောကြကုန်၏။ နေရာကောင်း အလုပ်ကောင်း ရလိုသူတို့ သည်လည်း နေရာကောင်း အလုပ်ကောင်းရရှိကြကုန်၏။ ရာထူးတိုးလိုသူများ ၊ ဘ၀အဆင့် မြင့်မားလိုသူတို့သည်လည်း မြင့်မားကြကုန်၏။ အထွေထွေ အထူးထူးသော လူသားတို့၏ ဆန္ဒမှန်သမျှတို့ အား လွယ်ကူစွာ ချောမောစွာ ပြည့်စုံကြပါစေခြင်း အကျိုးငှာ သင်တို့၏ အကျိုးစည်းပွားကို အမှန်တကယ် လိုလားသော ဗေဒင်ဆရာတစ်ဦး အနေနှင့် စေတနာကောင်းဖြင့် ဖော်ပြပေးလိုက်ရပေသတည်း။

စေတနာကောင်းဖြင့်
ဆရာဟိန်းတင့်ဇော်
ထိုင်းနိုင်ငံ-မဟာချိုင်မြို့
Ph- +6687 415 0022
EMAIL- Sayaheintintzaw@gmail.com

လက်ဖက်၊သရက်သီးနှင့်ချက်သော ဝက်သားဟင်း

တစ်နေ့သ၌ ကျွန်ုပ်ခြံအတွင်းသို့ ကျွန်ုပ်နှင့် သိဟောင်းကျွမ်းဟောင်းဖြစ်သော ကိုပီတာဆိုသည့် စိတ်မနှံ့သူ လူကြီးတစ်ဦး ဝတ်ကောင်းစားလှများ ဝတ်၍ ရောက်ရှိလာလေ၏။ သူသည် ကျွန်ုပ်ကို မြင်လျှင်မြင်ချင်း.. “မစ္စတာမင်းသိင်္ခ၊ ဂွတ်ဒ်မောနင်း၊ ဂွတ်ဒ်နိုက်..” ဟု ကိုးရိုးကားယား နှုတ်ဆက်လေ၏။ ထို့ကြောင့် ကျွန်ုပ်က.. “လုပ်ပြီ..” ဟု ရေရွတ်လိုက်မိလေ၏။

“အမြဲတမ်း မောနင်းမရှိဘူးလေ၊ အမြဲတမ်းလည်း နိုက်မရှိဘူးလေ၊ ဒါကြောင့် နှစ်မျိုး နှုတ်ဆက်တာ၊ စိတ်မဆိုးပါနဲ့” ဟု ၎င်းကပြောလေ၏။ “ ကဲပါဗျာ.. ဒါတွေ ထားလိုက်ပါတော့ မနက်စာ ဘာနဲ့စားမလဲ၊ ကောင်းကောင်းမွန်မွန် ပြောနော်၊ ဓာတ်စာလိုလို ဘာလိုလိုမပြောနဲ့ ဝယ်ရခက်တယ်” ဟု ကျွန်ုပ်က ပြောလိုက်ရာ ၎င်းကိုပီတာကြီးက.. “ကတ်သီးကတ်သတ်တွေ မစားတတ်ပါဘူး ရိုးရိုး လွယ်လွယ်ပဲ စားတတ်တယ်၊ ဝက်သားဟင်းနဲ့စားမယ်၊ ဝက်သားကိုတုံးပြီး ငရုတ်သီးကြက်သွန်နဲ့ အိုးထဲမှာလုံးမယ်၊ ဆီက ကျက်ပြီး ဆက်ရက် (ဇရက်) မြည်သံ ဗျစ်ဗျစ်နဲ့ ထွက်လာတဲ့အခါမှာ ရခိုင်ငှက်ပျောသီး ပျော်ပျော်တွေ ထည့်မယ်၊ ပြီးတော့မွှေ မယ်၊ အဲဒီတော့ ငှက်ပျောသီးထဲက အချိုအဖန်ဓာတ်တွေက ဝက်သားထဲကို ဝင်မယ်၊ ဝက်သားထဲက အအီတွေဟာ အနှစ်ထဲကိုဝင်မယ်၊ အနှစ်တွေလည်း အများကြီးရမယ်။ ပြီးတော့မှ သရက်သီးမှည့်ကို ပေါက်ပြီးထည့်မယ်၊

သရက်သီးတွေ ကျေသွားတဲ့အခါ လက်ဖတ်အသားချည်း ထည့်မယ်၊ ပြီးတော့ ရေထည့်မယ်၊ ရေနှစ်ခါ ခမ်းအောက်ချက်မယ်၊ ဒါမှ ဝက်သားအခေါက်ပါ နူးမှာ၊ အသားမှာ ဝက်၊ အသီးမှာ သရက်၊ အရွက်မှာ လက်ဖက်၊ အကောင်းဆုံး သုံးမျိုးပေါင်းချက်ပြီးသားဖြစ်မယ်၊ အဲဒါက တစ်ခွက်၊ ကျောက်ဖရုံသီးကို ဘဲရိုးနဲ့ ဟင်းချိုချက်မယ်၊ ကြက်သည်းကြက်မြစ်နဲ့ ပန်းဂေါ်ဖီကြော်မယ်၊ ဒီလိုဟင်းမျိုးကငါးပိ ရည်နဲ့စားလို့ မကောင်းဘူး၊ ဘာလချောင်ကြော်လောက်တော့လုပ်မှ၊ ပြီးတော့ ကြက်သွန်ဥကြီးတွေကို အကွင်းလိုက်လှီးပြီး ဆားနဲ့နယ်မယ်၊ ဒါမှ မွှန်တဲ့ဟာတွေ ထွက်သွားမှာ ပြီးတော့ ရေဆေးပြီး ရှာလကာရည်ဆမ်းမယ်၊ ပီတာ့အဖို့ အဲဒီလောက်စား ရရင် အာဂပါးစပ် လူဖြစ်ကျိုးနပ်ပါပြီး ကတ်သီးကတ်သတ် တွေလည်း မစားတတ်ပါဘူး” ဟုပြောလေ၏။

ထို့ကြောင့် ကျွန်ုပ်က. “မစားတတ်ပေလို့ တော်တော့်တယ်ဗျာ၊ ခင်ဗျား ဝက်သားဟင်းကလည်း လက်ဖက်တွေရော၊ သရက်သီးတွေရော၊ ငှက်ပျော သီးတွေရော.. စားကောင်းရဲ့လား သေကြေကုန်ပါဦးမယ် ကိုပီတာကြီးရယ်..” ဟု ကျွန်ုပ်ကပြောလျှင် ၎င်းက.. “ကိုယ်ရင်မစား ရဲရင် မစားပါနဲ့၊ အန္တရာယ်ရှိပါတယ်၊ ကိုပီတာကြီးပဲ စားပါမယ်၊ အချက်မှာသာချက်စမ်းပါ၊ တယ်လည်း ကြောင့်ကျတတ်သလို၊ ပြောလက်စနဲ့ ပြောရဦးမယ်

ထမင်းစားပြီးရင် အချိုပွဲလိုတယ်လေ၊ ဒိန်ချဉ်ကောင်းကောင်း တစ်ခွက်ဝယ်မယ်၊ ဒိန်ချဉ်က လက် ဖက်ရည်ပန်းကန်လုံး နှစ်လုံးစာလောက်ဆိုရင် လုံေးလာက်ပါပြီ၊ အဲဒီအထဲကို စတော်ဘယ်ရီယို ကြွေဇွန်းကြီးနဲ့ နှစ်ဇွန်းခပ်မယ် သမအောင် ခေါက်မယ် ပြီးတော့မှ ရေခဲထည့်မယ်၊ အဲဒါသောက်မယ်၊ ဒိန်ချဉ်ဟာ စတော်ဘယ်ရီ ယိုနဲ့ပေါင်းလိုက်တဲ့အခါမှာ ပန်းနုရောင် လဗ်ဘ်ကာလာလေး ဖြစ်သွားမယ်၊ ကြည့်လို့ သိပ်ကောင်းတာပဲ၊ အချဉ်အရသာရယ်၊ အချိုအရသာရယ် ပေါင်းပြီးသွား တော့ သောက်လို့ သိပ်ပြီးကောင်းတာပဲ၊ ဒါလောက်ပါပဲ၊ ပီတာကြီးတို့က ကတ်သီးကတ်သတ်လည်း မစားတတ်ပါဘူး၊ ဖြစ်တယ် မို့လား” ဟု ကျွန်ုပ်အား ပြန်၍ပေးလေ၏။

“ဒီအချိန်ဟာ ဝမ်းရောဂါတွေ ဖြစ်တတ်တယ်ဗျာ၊ ခင်ဗျားပြောတာတွေ ဖြစ်ပါ့မလား ဝမ်းတွေဘာတွေ ပျက်ပြီး သေသွားဦးမယ်နော်” ဟု ကျွန်ုပ်က သတိပေးလိုက်ရာ ၎င်းက.. “ကိုယ်ရင် မသောက်ရဲရင် မသောက်ပါနဲ့ ပီတာကြီး သောက်မှာပါ၊ ကိုယ်ရင်ဟာ တယ်ပြီး အကြောင့်အကျ များတာကိုး..” ဟု ပြန်၍ပြောလေ၏။ “စတော်ဘယ်ရီယိုတွေ ဘာတွေက အခန့်မသင့်ရင် တစ်ညလုံး ချောင်းဆိုးနေတာဗျ..” ဟု ကျွန်ုပ်က ပြောလိုက်လျှင် ကိုပီတာကြိးက.. “တစ်ညလုံး ချောင်းဆိုးတော့ သူခိုးမလာဘူးပေါ့ ငါ့လူရာ၊ အကြောင့်အကျ မများစမ်းပါနဲ့..” ဟု ကျွန်ုပ်အား ပြန်၍ပြောလေ၏။

ထို့ကြောင့် ကျွန်ုပ်လည် မှော်ဘီဈေးသို့ ပြေးရလေ၏။ ကျောက်ဖရုံသိး၊ ဝက်သား ငှက်ပျောသီး၊ လက်ဖက် စသည့်တို့ကို ဝယ်ရလေ၏။ ပြီးလျှင် ကိုပီတာကြီး ပြောသည့်အတိုင်း ချက်ပြုတ်ရလေ၏။ ပြီးနောက် စိတ်မနှံ့သော ကိုပီတာကြီးအား ဧည့်ကောင်းဆောင်ကောင်း အဖြစ် သဘောထားကာ တည်ခင်း ကျွေးမွေးရလေ၏။ ကိုပီတာကြီးသည် မြိန်ရှက်စွာစားသောက်နေလေ၏။ စားနေရင်းနှင့် လည်း “ဘဲရီးဂွတ်ဒ်၊ ဘဲရီးဘတ်ဒ်” ဟု ပြောနေလေ၏။

ထို့နောက် ကျွန်ုပ်ဘက်သို့ လှည့်ကာ.. “ဟေ့.. ဖိုးအောင်ထွန်း၊ ကိုယ်ကြားဖူးတဲ့ ဟိန္ဒူပုံပြင်လေး တစ်ပုဒ် ပြောပြမယ်၊ တစ်ခါက နာရာဒ ဆိုတဲ့ လူတစ်ယောက်ရှိတယ်ဆိုပဲ၊ အဲဒီလူဟာ ကောင်းကင်ဘုံက ပုဂ္ဂိုလ်တွေနဲ့ စကားပြောလို့ရတယ်တဲ့၊ တစ်နေ့မျာ နာရာဒဟာ တောအုပ်ကြီး တစ်ခုအတွင်းကို ဖြတ်ဝင်သွားတယ်၊ သစ်ပင်တစ်ပင် အောက်မှာ ယောဂီကြီးတစ်ဦး၊ ထိုင်နေတာကို တွေ့ရတယ်၊ သူ့ရဲ့အကျင့်က ထိုင်ပြီး ကျင့်ရတဲ့ အကျင့်ဖြစ်တယ်၊ အဲဒီယောဂီကြီးကို နာရာဒက “ဒီနေ့ ကောင်းကင်ဘုံက ပုဂ္ဂိုလ်တွေနဲ့ တွေ့ဖိုရှိတယ် ဘာမှာဦးမလဲ”လို့ မေးလိုက်တယ်၊

အဲဒီတော့ ယောဂီကြီးက “ကျုပ် ဒီလို ထိုင်ပြီးကျင့်နေတာ အနှစ်လေးဆယ်ရှိပြီ၊ ဘယ်တော့ ကောင်းကင်ဘုံတံခါးကို ဖွင့်ပေးမလဲလို့ မေးလိုက်စမ်းပါ” လို့ပြန်ပြီးပြောတယ်၊ အဲဒီမှာ နာရာဒက “ကောင်းပြီလေ မေးပေးပါမယ့်” ဆိုပြီး ထွက်သွားတယ်၊ တောနက်ထဲကို ရောက်တော့ ကောင်းကင်ကိုမော့ပြီး ယောဂီကြီးမေးတဲ့ စကားကို ကောင်းကင်ဘုံက ပုဂ္ဂိုလ်တွေကို မေးပေးတယ်၊ အဲဒီမှာ ကောင်းကင်ဘုံက အသံတစ်သံ ကြားရတယ်၊ အဲဒီ ယောဂီထိုင်နေတဲ့ သစ်ပင်မှာရှိတဲ့ သစ်ရွက် အရေအတွက်ဟာ သူဖြည့်ကျင့်ဖို့ ကျန်တဲ့ ဘဝအရေ အတွက်ပဲ” လို့ပြန်ပြီးဖြေတယ်၊

အဲဒီအဖြေကို နာရာဒက ယောဂီကြီးထံပြန်လာပြီး ပြောပြတယ်၊ အဲဒီမှာ ယောဂီကြီးက အတော့်ကို ဒေါပွသွားတယ်၊ အခုလုပ်လာတာလည်း အနှစ်လေးဆယ်ရှိပြီ၊ ဒါကလည်း မပြီးသေးဘူး၊ နောက်လုပ်ရမယ့် ဟာတွေကလည်း နှစ်တွေမဟုတ်ဘူး၊ ဘဝတွေတဲ့၊ သစ်ရွက်အရေအတွက်လောက် လုပ်ရမယ်ဆိုတော့ သစ်ရွက်အရေအတွက်လည်း မနည်းဘူး သစ်ပင်ကလည်း မကျည်းပင်ဆိုတော့ မလုပ်တော့ဘူး ပြန်မယ်” ဟု ဆိုပြီး ထပြီးပြန်သွားတယ်၊

အဲဒီအခါမှာ နာရာဒဟာ ရှေ့ဆက်ပြီး လျှောက်သွားတော့ သစ်ပင်တစ်ပင် အောက်မှာ ယောဂီလူငယ် တစ်ယောက် ခုန်နေတာကို တွေ့ရတယ်၊ အဲဒီယောဂီလေးကို နာရာဒက ကောင်းကင်ကို ဘာမှာချင်သေးသလဲ သူဒီနေ့ ကောင်းကင်ဘုံက ပုဂ္ဂိုလ်တွေနဲ့ စကားပြောစရာ ဂှိတယ်လို့ ပြောလိုက်တယ်၊ အဲဒီယောဂီလေး ကျင့်နေတဲ့ ကျင့်စဉ်က ခုန်ပြီးကျင့်တဲ့ ကျင့်စဉ်လို့ဆိုတယ်၊ ယောဂီလေးက “ကျုပ်ကတော့ ကျင့်နေတာပါပဲ၊ ကောင်းကင်ကို မေးပေးစေချင်တာကတော့ နောက်ထပ် ဘယ်လောက်ခုန်ရဦးမလဲ” လို့ ပြန်ပြီး ပြောလိုက်တယ်၊

အဲဒီအခါမှာ နာရာဒက တောထဲကိုဝင်သွားပြန်တယ်၊ ကောင်းကင်ကို မော့ပြီးတော့ ယောဂီလေးအတွက် မေးပေးပြန်တယ်၊ ကောင်းကင်ဘုံ ကလည်းပြန်ပြီးဖြေတယ်၊ ဒီတောထဲမှာရှိတဲ့ မန်ကျည်းပင်တွေမှာ ရှိတဲ့ မန်ကျည်းရွက်လေး တစ်ရွက်ဟာ ဘဝတစ်ခုပါ၊ အဲဒီဘဝတွေလောက် ခုန်ပြီးရင် တံခါးဖွင့်ပေးမယ်” လို့ပြန်ပြီးပြောတယ် အဲဒီတော့ နာရာဒဟာ ယောဂီလေးဆီပြန်လာပြီး အဲဒီအတိုင်း ပြန်ပြောတယ်၊ ယောဂီလေးဟာ နာရာဒရဲ့ စကားကိုကြားတာနဲ့ အတော့်ကို ပျော်သွားတယ်၊

ပြီးတော့ “တော်တာပဲ၊ အရင်တုန်းက ဘယ်လောက်ရမှန်း မသိဘဲလုပ်နေရတာ၊ အခုတော့ အရေအတွက်ကို သိရပြီး ဒီအချက်ဟာ အားရှိစရာ ကောင်းတဲ့အချက်ပဲ ဆက်ပြီး ခုန်မယ်” လို့ပြောပီး ပေါ့ပါးသွက်လက်တဲ့ စိတ်နဲ့ ခုန်လိုက်တယ်၊ အဲဒီအခါမှာပဲ ကောင်းကင်ဘုံက ကောင်းချီးပေးသံ ကြားရတော့တယ်၊ တ့ခါးဖွင့်လိုက်ပါပြီးတဲ့၊

ဒီအချက်ကိုကြည့်ရင် ယောဂီအိုကြီးဟာ အတော့်ကို အကြောင့်အကျများတယ်၊ ဘယ်လောက်လုပ်ပြီးပြီ၊ ဘယ်လောက်ကျန်သေးလဲ၊ အဲဒီလောက် အများကြီးဆို ခက်တော့တာပဲ၊ ဘာညာပေါ့၊ ယောဂီလူငယ် လေးကတော့ အကြောင့်အကျ နည်းတယ်၊ အရေအတွက်ကို မေးမယ့်မေးတာပါ၊ သူ့သဘောထားကတော့ မပွင့်မချင်း၊ ခုန်မယ်ဆိုတဲ့ သဘောထားမျိုးရှိပြီး ဟန်တူပါတယ်၊ အဲဒီလိုလူမျိုးအတွက် ကောင်းကင်တံခါးဟာ အစဉ်သဖြင့် ပွင့်နေပါတယ်” ဟု ပြော၍ ကိုပီတာကြီးသည် သူ၏ပုံပြင်ကို အဆုံးသတ်လိုက်ပြီးနောက် ထမင်းကို ဆက်၍စားနေလေ၏။

ကျွန်ုပ်လည်း သူ၏ပုံပြင်ကို ပြန်၍ စဉ်းစားနေမိလေ၏။ ထိုအချိန်၌မှာပင် ကိုပီတာကြီးသည် ထမင်းစား၍ ပြီးသွားပြီဖြစ်သောကြောင့် ဒိန်ချဉ်ကို သောက်လေ၏။ ထို့နောက် ကျွန်ုပ်၏ စီးကရက်ဗူး အတွင်းမှ စီးကရက် တစ်လိပ်ကို နှိုက်ယူ၍ မီးညှိရှိုက်ဖွာကာ ကျွန်ုပ်အနီးသို့ လျှောက်လာပြီးလျှင် ကျွန်ုပ်၏ ကျောကုန်းကို သူ၏လက်သီးကြီးဖြင့် ဘုန်းကနဲ့ထုကာ.. “ဟေး.. မင်းသိင်္ခ အကြောင့်အကျတွေ များနေတယ် လျှော့ချလိုက်၊ လျှော့ချလိုက် ကောင်းကင်တံခါး မပွင့်ဘဲ ငရဲတံခါး ပွင့်သွားလိမ့်မယ်၊ ကိုင်း.. ကိုယ်သွားမယ်” ဟုဆိုကာ လွတ်လပ်ပေါ့ပါးသော ခြေလှမ်းမျာဖြင့် ကျွန်ုပ်၏ခြံတွင့်မှ ထွက်သွားလေတော့သတည်း။

ဘ၀တိုက်ပွဲအတွက် အောင်လံ ထူယတြာ

ဟိုးရှေးခေတ် မြန်မာဘုရင်များသည် စစ်ချီစစ်တက် စစ်ထွက်တော့မည် ဆိုပါက မိမိတို့ကိုးကွယ်သော လောကီပညာ နှံ့စပ်သော ဆရာတော်များထံသို့ ချဉ်းကပ်ကြ၍ အဆောင်များ အစီအရင်များ တောင်းတတ်ကြလေ၏။ ဆရာတော်ကြီးများကလည်း စစ်ချီမည့်စစ်တပ်ရှေ့ အလံတော်တွင် အောင်ပွဲဝင် အင်းစမတော်များကို စီရင်ပေးလိုက်လေ၏။ ထိုအကြောင်းကို လောကီပညာနှင့် ပါတ်သက်သော ရှေးရာဇ၀င်များတွင် လေ့လာရ၏။ မင်းတိုင်ပင် မင်းကိုးကွယ်သော ဆရာတော်ကြီးများကိုယ်တိုင် စစ်တိုက်ထွက်မည့် မိမိတို့ တိုင်းနိုင်ငံမှ စစ်သားများ ဘေးအန္တရာယ် ကင်းရှင်းစေရန် တိုက်ပွဲတွင် အောင်နိုင်စေရန် စသည်ဖြင့် အဆောင်များ အင်းများ အစီအရင်များကို စီရင်ပေးလိုက်တယ်လို့ လေ့လာရတယ်။

အခု ကျွန်တော် ပြောပြချင်တဲ့ ယတြာအကြောင်းကတော့ ဘ၀တိုက်ပွဲ အတွက်ပါ။ နေ့စဉ်နှင့်အမျှ လူသားတိုင်း လူသားတိုင်းဟာ အိမ်ထောင်ရေး စီးပွားရေး လူမှု့ရေး ပညာရေး စတဲ့ တိုက်ပွဲမျိုးစုံကို အချိန်ပြည့် တိုက်ပွဲဝင်နေရတယ်။ အဲဒီ ဘ၀တိုက်ပွဲကြီးတွေမှာ တိုက်ပွဲတိုင်း အောင်မြင်စေရန် ဘေးအန္တရာယ် ကင်းရှင်းစေရန် တိုးတက် အောင်မြင်စေရန် အတွက် ဒီယတြာနည်းကို ဆောင်ရွက် ကြည့်လိုက်ပါ။ ထူးခြားလာပါလိမ့်မယ်။ အထောက်အကူ ဖြစ်လာပါလိမ့်မယ်။

ဒီယတြာနည်းရဲ့ မြစ်ဖျားခံရာမှာ သက္ကရာဇ် ၇၄၄၊ တစ်ခုသော ကာလတွင် “ရာဇဓိရာဇ်”ဘွဲ့ ခံယူမယ့် ဗညားနွဲ့ မင်းသားဆီမှာ စတင်အမှု့ထမ်း ခစားမည့် နောင်သောအခါတွင် “ရာဇမနု” ဘွဲ့ရ မင်းတိုင်ပင်ပညာရှိ “မင်းကံစည်”၏ နည်းဖြစ်ပါသည်။ ၀ါကမော့ရွာဖွား သာမန်လူသားဘ၀မှ ထူးခြားသော ပညာပါရမီ အခံအားကောင်းခြင်းနှင့်တကွ “မတိုင်ဆရာ”ထံမှ ဗေဒင်အတတ်ကို လေ့လာတတ်မြောက်၍ မင်းပွဲဝင်ပညာရှိ ဖြစ်လာသူတည်း။

မင်းကံစည်၏ နည်းပေါင်းများစွာအနက် “အောင်လံထူ အောင်ဓာတ်ယူ”သော နည်းသည်ကား အလွန်ထိရောက်လှသော နည်းကောင်းတစ်ရပ်ဖြစ်သည်။ နာမည်ကျော်ကြား ထင်ရှားစေရန်အတွက်လည်း ကောင်း ။ ရန်အလုံးစုံကို အောင်စေရန်အတွက်လည်းကောင်း အထူးကောင်းသော နည်းဖြစ်သည်။ ပညာစာမေးပွဲ ၊ အလုပ်စာမေးပွဲ ၊ အင်တာဗျူဖြေဆိုမည့်သူများအတွက် ဆောင်ရွက်အောင်မြင်မှု့ ရစေသည်။ ရပ်ဝေးခရီးသွား စွန့်စားအလုပ်လုပ်ကိုင် လိုသူများ လိုရာခရီးရောက်၍ အကြံအစည်များ အထမြောက် အောင်မြင်စေသော နည်းဖြစ်သည်။

လုပ်ပုံလုပ်နည်း အပြည့်အစုံမှာ ပိတ်အဖြူစတစ်စကို သုံးဒေါင့်တြိဂံပုံ အလံတစ်ခု ချုပ်လိုက်ပါ။ ပြီးရင် အဲဒီ ကြက်လျာအလံပေါ်တွင် မိမိတို့နေ့သားအလိုက် ဂဏန်းတွေကို ရေးသွင်းရပါမယ်။ ရေးတဲ့အခါမှာ တနင်္ဂနွေ၊ အင်္ဂါ ၊ စနေ ၊ ရာဟုသားသမီးများက မှင်အနက်နဲ့ ရေးရပါတယ်။ တနင်္လာ ၊ ဗုဒ္ဓဟူး၊ ကြာသပတေး ၊ သောကြာနေ့သားသမီးများက မှင်အနီနဲ့ ရေးရပါတယ်။ ပြီးရင် အဲဒီအလံလေးကို အောင်သပြေ(၃) ညွန့်နှင့်တွဲကာ ရွှေရောင်သုပ်ထားသော မြေအအိုးတွင် ထိုးစိုက်၍ ဘုရားလှူဒါန်းခြင်း အမြင့်တစ်နေရာမှာ တင်ထားခြင်းဖြင့် ဆောင်ရွက်ထားနိုင်လေ၏။ အားလုံး ဘ၀တိုက်ပွဲမှာ တိုက်ပွဲတိုင်း တိုက်ပွဲတိုင်း အနိုင်ရပြီး ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

အပေါ်ပုံကို ကြည့်ပါ။ နေ့သားအားလုံးအတွက် ဖော်ပြပေးလိုက်ပါတယ်။ သူ့နေ့သားနှင့်သူ အားလုံးရွေးချယ်၍ ဆောင်ရွက်နိုင်ပါ ကြောင်း စေနာကောင်းဖြင့် ဖော်ပြပေးလိုက်ပါတယ်။

Friday, July 29, 2011

Monday, July 25, 2011

Sunday, July 24, 2011

Friday, July 22, 2011

Thursday, July 21, 2011

Wednesday, July 20, 2011

Tuesday, July 19, 2011

Friday, July 15, 2011

Wednesday, July 13, 2011

Monday, July 11, 2011

Thursday, July 7, 2011

Sunday, July 3, 2011

Saturday, July 2, 2011

ဘ၀တိုက်ပွဲအတွက် အောင်လံ ထူယတြာ

ဟိုးရှေးခေတ် မြန်မာဘုရင်များသည် စစ်ချီစစ်တက် စစ်ထွက်တော့မည် ဆိုပါက မိမိတို့ကိုးကွယ်သော လောကီပညာ နှံ့စပ်သော ဆရာတော်များထံသို့ ချဉ်းကပ်ကြ၍ အဆောင်များ အစီအရင်များ တောင်းတတ်ကြလေ၏။ ဆရာတော်ကြီးများကလည်း စစ်ချီမည့်စစ်တပ်ရှေ့ အလံတော်တွင် အောင်ပွဲဝင် အင်းစမတော်များကို စီရင်ပေးလိုက်လေ၏။ ထိုအကြောင်းကို လောကီပညာနှင့် ပါတ်သက်သော ရှေးရာဇ၀င်များတွင် လေ့လာရ၏။ မင်းတိုင်ပင် မင်းကိုးကွယ်သော ဆရာတော်ကြီးများကိုယ်တိုင် စစ်တိုက်ထွက်မည့် မိမိတို့ တိုင်းနိုင်ငံမှ စစ်သားများ ဘေးအန္တရာယ် ကင်းရှင်းစေရန် တိုက်ပွဲတွင် အောင်နိုင်စေရန် စသည်ဖြင့် အဆောင်များ အင်းများ အစီအရင်များကို စီရင်ပေးလိုက်တယ်လို့ လေ့လာရတယ်။

အခု ကျွန်တော် ပြောပြချင်တဲ့ ယတြာအကြောင်းကတော့ ဘ၀တိုက်ပွဲ အတွက်ပါ။ နေ့စဉ်နှင့်အမျှ လူသားတိုင်း လူသားတိုင်းဟာ အိမ်ထောင်ရေး စီးပွားရေး လူမှု့ရေး ပညာရေး စတဲ့ တိုက်ပွဲမျိုးစုံကို အချိန်ပြည့် တိုက်ပွဲဝင်နေရတယ်။ အဲဒီ ဘ၀တိုက်ပွဲကြီးတွေမှာ တိုက်ပွဲတိုင်း အောင်မြင်စေရန် ဘေးအန္တရာယ် ကင်းရှင်းစေရန် တိုးတက် အောင်မြင်စေရန် အတွက် ဒီယတြာနည်းကို ဆောင်ရွက် ကြည့်လိုက်ပါ။ ထူးခြားလာပါလိမ့်မယ်။ အထောက်အကူ ဖြစ်လာပါလိမ့်မယ်။

ဒီယတြာနည်းရဲ့ မြစ်ဖျားခံရာမှာ သက္ကရာဇ် ၇၄၄၊ တစ်ခုသော ကာလတွင် “ရာဇဓိရာဇ်”ဘွဲ့ ခံယူမယ့် ဗညားနွဲ့ မင်းသားဆီမှာ စတင်အမှု့ထမ်း ခစားမည့် နောင်သောအခါတွင် “ရာဇမနု” ဘွဲ့ရ မင်းတိုင်ပင်ပညာရှိ “မင်းကံစည်”၏ နည်းဖြစ်ပါသည်။ ၀ါကမော့ရွာဖွား သာမန်လူသားဘ၀မှ ထူးခြားသော ပညာပါရမီ အခံအားကောင်းခြင်းနှင့်တကွ “မတိုင်ဆရာ”ထံမှ ဗေဒင်အတတ်ကို လေ့လာတတ်မြောက်၍ မင်းပွဲဝင်ပညာရှိ ဖြစ်လာသူတည်း။

မင်းကံစည်၏ နည်းပေါင်းများစွာအနက် “အောင်လံထူ အောင်ဓာတ်ယူ”သော နည်းသည်ကား အလွန်ထိရောက်လှသော နည်းကောင်းတစ်ရပ်ဖြစ်သည်။ နာမည်ကျော်ကြား ထင်ရှားစေရန်အတွက်လည်း ကောင်း ။ ရန်အလုံးစုံကို အောင်စေရန်အတွက်လည်းကောင်း အထူးကောင်းသော နည်းဖြစ်သည်။ ပညာစာမေးပွဲ ၊ အလုပ်စာမေးပွဲ ၊ အင်တာဗျူဖြေဆိုမည့်သူများအတွက် ဆောင်ရွက်အောင်မြင်မှု့ ရစေသည်။ ရပ်ဝေးခရီးသွား စွန့်စားအလုပ်လုပ်ကိုင် လိုသူများ လိုရာခရီးရောက်၍ အကြံအစည်များ အထမြောက် အောင်မြင်စေသော နည်းဖြစ်သည်။

လုပ်ပုံလုပ်နည်း အပြည့်အစုံမှာ ပိတ်အဖြူစတစ်စကို သုံးဒေါင့်တြိဂံပုံ အလံတစ်ခု ချုပ်လိုက်ပါ။ ပြီးရင် အဲဒီ ကြက်လျာအလံပေါ်တွင် မိမိတို့နေ့သားအလိုက် ဂဏန်းတွေကို ရေးသွင်းရပါမယ်။ ရေးတဲ့အခါမှာ တနင်္ဂနွေ၊ အင်္ဂါ ၊ စနေ ၊ ရာဟုသားသမီးများက မှင်အနက်နဲ့ ရေးရပါတယ်။ တနင်္လာ ၊ ဗုဒ္ဓဟူး၊ ကြာသပတေး ၊ သောကြာနေ့သားသမီးများက မှင်အနီနဲ့ ရေးရပါတယ်။ ပြီးရင် အဲဒီအလံလေးကို အောင်သပြေ(၃) ညွန့်နှင့်တွဲကာ ရွှေရောင်သုပ်ထားသော မြေအအိုးတွင် ထိုးစိုက်၍ ဘုရားလှူဒါန်းခြင်း အမြင့်တစ်နေရာမှာ တင်ထားခြင်းဖြင့် ဆောင်ရွက်ထားနိုင်လေ၏။ အားလုံး ဘ၀တိုက်ပွဲမှာ တိုက်ပွဲတိုင်း တိုက်ပွဲတိုင်း အနိုင်ရပြီး ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

အပေါ်ပုံကို ကြည့်ပါ။ နေ့သားအားလုံးအတွက် ဖော်ပြပေးလိုက်ပါတယ်။ သူ့နေ့သားနှင့်သူ အားလုံးရွေးချယ်၍ ဆောင်ရွက်နိုင်ပါ ကြောင်း စေနာကောင်းဖြင့် ဖော်ပြပေးလိုက်ပါတယ်။

Featured

b

သင်လိုချင်တာ ဒီမှာရှာ

Labels